သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burma Act ပါ ကူညီထောက်ပံ့ရေးဆွေးနွေးဖို့ ကန်အောက်လွှတ်တော် နှောင့်နှေးနေ


BURMA Act (Crd: Congress.gov)
BURMA Act (Crd: Congress.gov)

အခုသီတင်းပတ်ထဲ အမေရိကန်လွှတ်တော်မှာ ၂၀၂၄ ခုနှစ်အတွက် အပြီးသတ်အသုံးစရိတ် ဘတ်ဂျတ်အတွက် အတည်ပြုနိုင်ဖို့ ထပ်မံ နှောင့်နှေးခဲ့လို့ မြန်မာအတွက် အကူအညီနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့က အနည်းဆုံး လာမယ့်နှစ်အစောပိုင်းအထိ ရွှေ့ဆိုင်းဖွယ်ရှိနေပါတယ်။ အစိုးရကို လက်ရှိ အသုံးစရိတ်အတိုင်းခွင့်ပြုပေမယ့် ရေတိုဘတ်ဂျက်ကိုပဲ လွှတ်တော်မှာ လာမယ့် နှစ်အစောပိုင်းအထိ ဆက်လက် သက်တမ်းတိုးဖို့ ရှိနေတာပါ။

အဲ့ထဲမှာ ၂၀၂၃ ခုနှစ် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ရဲ့ အောက်မှာ အတည်ပြုခဲ့တဲ့ Burma Act ဥပဒေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဘတ်ဂျက်မှာတော့ မြန်မာအတွက် အကူအညီတွေ ဘယ်လိုဆက်ပြီး ပေးသွားမလဲဆိုတာနဲ့ပတ်သက်တဲ့ ကွဲပြားတဲ့အမြင်တွေကိုညှိနှိုင်းဖို့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ဆွေးနွေးဖို့လိုအပ်နေတာပါ။

ဒီမိုကရက်တစ်အများစုရှိတဲ့ အမေရိကန်အထက်လွှတ်တော်ရဲ့ ၂၀၂၄ ခုနှစ် ဘတ်ဂျက်မူကြမ်းမှာ မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ဒီမိုကရေစီမြှင့်တင်ရေး အစီအစဉ်တွေအတွက် ရန်ပုံငွေတွေ ပိုမိုပါဝင်ဖို့ရှိပါတယ်။ ဒါပေမယ့်အတည်ပြုဖို့ နှောင့်နှေးနေတာနဲ့ တချို့အစီအစဉ်တွေကို ရီပတ်ဘလီကန်အများစုရှိတဲ့ အောက်လွှတ်တော်က ဖြတ်တောက်မှာကို စိုးရိမ်ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

“မြန်မာ့နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ Burma Act ဥပဒေကို အကောင်အထည်ဖော်ဖို့ လုံလောက်တဲ့ ငွေကြေးချမှတ်ပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းနေပါတယ်” လို့ Campaign for a New Myanmar က ထုတ်ပြန်ချက် ထုတ်ထားပါတယ်။

အခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ နှစ်စဉ် ဘဏ္ဍာနှစ်ဘတ်ဂျက်ထဲမှာ လက်ရှိ Burma Act ဥပဒေကို အကောင်အထည်ဖော်ဖို့ ဒေါ်လာ သန်း ၅၀ သတ်မှတ်ထားပြီး အဲထဲကနေ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အတွက် ဒေါ်လာ ၁.၄ ဘီလီယံ ထုတ်နုတ်ဖို့ အကြံပြုထားပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဗွီအိုအေကို ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက ပြောထားချက်အရ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို စစ်ရေးမပါတဲ့ လူသားချင်း စာနာမှု အကူအညီ သန်း ၂၀၀ အပါအဝင် ဒေါ်လာ ၅၂၅ သန်း တောင်းဆိုထားတယ် ပြောပါတယ်။ ဒီကိန်းဂဏန်းဟာ အရင်က ကွန်ဂရက်လွှတ်တော်က သတ်မှတ်ပေးထားတဲ့ ဒေါ်လာ ၁၃၆ သန်းထက် လေးဆပိုပါတယ်။

မြန်မာ့ဒီမိုကရေစီကို အမြဲ ထောက်ခံအားပေးတဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Mitch McConnell က ဖေဖော်ဝါရီတုန်းက ပြောဆိုထားချက်မှာ “NDAA မှာ မြန်မာနိုင်ငံတွင်းနဲ့ တိုင်းရင်းသား ပြည်နယ်တွေကြား ဖက်ဒရယ်စနစ် ခိုင်မာစေရေး အစီအစဉ်တွေအတွက် ရန်ပုံငွေ ထောက်ပံ့မှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေနဲ့ စစ်ရေးမဟုတ်တဲ့ အထောက်အပံ့တွေ၊ နည်းပညာ အကူအညီတွေ ပေးဖို့ ပါဝင်ပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကြား ဆက်သွယ်ရေး၊ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှု ပိုကောင်းစေရေး အပြင် နိုင်ငံတကာ ကယ်ဆယ်ရေးနဲ့ အခြားလုပ်ငန်းဆောင်ရွက်မှု ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရေး” ပါဝင်တယ်လို့ ပြောပါတယ်။

ဝါရှင်တန် အခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု Stimson Center ရဲ့အဆိုအရ "၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက မြန်မာ့အရေး အစီအစဉ်အသစ်တွေ ရှိ၊ မရှိ သေချာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရှိအမေရိကန်အနေနဲ့ မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်လက်မြှင့်တင်ပေးနေတယ်” လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG