သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ကန်အထက်လွှတ်တော်အမတ် McConnell နဲ့တွေ့ဆုံ


NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Sean Turnell က ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ တွေ့ဆုံ။ (Courtesy : Sean Turnell FB)
NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Sean Turnell က ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ တွေ့ဆုံ။ (Courtesy : Sean Turnell FB)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ကန်အထက်လွှတ်တော်အမတ် McConell နဲ့တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ဟာ အမေရိကန်ပြည်ထောင်စုမှာ အရေးပါတဲ့ အထက်လွှတ်တော်အမတ် Mitch McConell နဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံခဲ့ပါတယ်။ Sean Turnell က အထက်လွှတ်တော် လူနည်းစု ရီပတ်ဘလစ်ကင် ခေါင်းဆောင် Mitch McConnell နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားကို ပါးခွင့်ရခဲ့တယ်လို့ VOA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အထက်လွှတ်တော်အမတ် Mitch McConnell ရဲ့ မြန်မာ့ဒီမိုကရေစီအရေး တောက်လျှောက် ထောက်ခံအားပေးနေမှုအပေါ် အထူးကျေးဇူးတင်ကြောင်း အမှာစကားပါးလိုက်တာကို Mitch McConnell နဲ့ တွေ့ဆုံစဉ်မှာ ပြောနိုင်ခဲ့တယ်လို့ အကြံပေး Turnell က ပြောပြတာပါ။

အထက်လွှတ်တော်အမတ် Mitch McConnell ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားမှုကို ဆက်လက်ထောက်ခံဖို့ သန္နိဌာန် ခိုင်ခိုင်မာမာ ချထားတယ်လို့ ပြန်ပြောပါတယ်လို့ Mr. Turnell က VOA ကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့အတူ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ရန်ပုံငွေ ထောက်ပံ့တဲ့ကိစ္စတွေမှာ Mitch McConnell ဟာ အထူးအရေးပါတဲ့ ဝါရင့်အမတ်ကြီးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Sean Turnell သြစတျေးလျ ဝန်ကြီးချုပ်ဟောင်း Kevin Rudd တို့တွေ့ဆုံ။ (Courtesy : Sean Turnell FB)
NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Sean Turnell သြစတျေးလျ ဝန်ကြီးချုပ်ဟောင်း Kevin Rudd တို့တွေ့ဆုံ။ (Courtesy : Sean Turnell FB)

သြစတျေးလျနိုင်ငံသား စီးပွားရေး ပါမောက္ခဟောင်း Sean Turnell အနေနဲ့ အမေရိကန်ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လေ့ရှိတဲ့ သြစတျေးလျ ဝန်ကြီးချုပ်ဟောင်း Kevin Rudd နဲ့တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် Mr. Sean Turnell ဟာ တခြား အမေရိကန်တာဝန်ရှိတွေ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ခဲ့တဲ့အတွက် သူ့ရဲ့အမေရိကန်ခရီးစဉ်ဟာ၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့ VOA ကိုပြောတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell တို့ ဇနီးမောင်နှံ ဗြိတိန်ဘုရင် ချားလ်စ်ကို သွားရောက်ဂါရဝပြု (Courtesy: Sean Turnell )
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell တို့ ဇနီးမောင်နှံ ဗြိတိန်ဘုရင် ချားလ်စ်ကို သွားရောက်ဂါရဝပြု (Courtesy: Sean Turnell )

သူ မကြာခင်က သွားရောက်ခဲ့တဲ့ ဗြိတိန်ခရီးစဉ်မှာလည်း ချားလ်စ်ဘုရင်နဲ့ တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်အမှာစကားကို ပါးခွင့်ရခဲ့တယ်လို့ Sean Turnell က ပြောပြပါသေးတယ်။

Mr. Sean Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွဲတခုတည်း နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ အပါအဝင်နဲ့ လူဝင်မှုဥပဒေ ချိုးဖေါက်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ထောင်ချခံခဲ့ရာက ချွင်းချက်ခံဝန်နဲ့ မနှစ် နိုဝင်ဘာလက ပြန်လွတ်လာခဲ့ပြီး၊ မနှစ်က ဒီဇင်ဘာလမှာ စစ်ကောင်စီက မမှန်သတင်းပြောဆိုမှုနဲ့ လွတ်ငြိမ်းခွင့် ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG