သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတွေက ပြည်သူတွေ စာတတ်မှုနည်းတဲ့ အကျိုးဆက်လို့ စစ်ကောင်စီ အကြောင်းပြ


ယခင်မှတ်တမ်းရုပ်ပုံ | PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - CRPH Facebook)
ယခင်မှတ်တမ်းရုပ်ပုံ | PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - CRPH Facebook)
စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း

နိုင်ငံအတွင်း အချို့မြိုနယ်များနှင့် နယ်စပ်ဒေသအချိုတွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄.၁ သန်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်

ဒါကအထင်အမြင်မှားစေပါတယ်

နိုင်ငံအတွင်း အချို့မြိုနယ်များနှင့် နယ်စပ်ဒေသအချိုတွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄.၁ သန်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒါက အထင်အမြင်မှားအောင်လုပ်တာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နိုင်ငံရေးအင်အားစုတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြောဆိုနေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီက အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ NUG နဲ့ ထိတွေ့ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမောနိုင်ငံအဆင့်အမြင့်ဆုံး ကိုယ်စားလှယ်၊ သံရုံးယာယီတာဝန်ခံကို နိုင်ငံအတွင်းကနေ ထွက်ခွါဖို့ စစ်ကောင်စီ နိုင်ငံရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အာဏာသိမ်းမှုကို ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် ထုတ်ပြန်ချက် မှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လက်နက်မဲ့ ပြည်သူလူထုအပေါ် လက်နက်နဲ့ အကြမ်းဖက်သတ်ဖြတ်အနိုင်ကျင့်ပြီး လူသားလုံခြုံရေး (Human Security)ကို ခြိမ်းခြောက်လာတဲ့ လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ ကူးပြောင်းရောက်ရှိခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီလို့ စတင်ကြေညာခဲ့တာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့အထိ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ အရပ်သားပြည်သူပေါင်း (၁၀၄၉) ဦး ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အချက်အလက်ကောက်ယူပြီးဖေါ်ပြခဲ့ပါတယ်။ ဒါက NUG က ခုခံတွန်းလှန်စစ် စတင်မကြေညာခင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့အချက်အလက်ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ ပြည်သူ စုစုပေါင်း (၄၀၉၆) ဦးအထိ ရှိပြီလို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ AAPP က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMM က စက်တင်ဘာလ ၁၁ ရက်နေ့မှာ ငါးကြိမ်မြောက်နှစ်ပတ်လည်အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်း လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇတ်ဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ အကြိမ်အရေနဲ့ ပြင်းထန်မှုတွေ ပိုမြင့်တက်လာတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နိုင်ငံတဝန်းမှာ လူ (၅) ဦးထက်မနည်း သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း (၁၄၂) ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသန အဖွဲ့က ယခုနှစ် မေလအတွင်းမှာ ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုပါဝင်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၀၈ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းဒေသအတွင်းက ၁၀ မြို့နယ်မှာ ၃၃၂ ဦးသေဆုံးခဲ့တယ်လို့လည်း ဉာဏ်လင်းသစ် သုတေသန အဖွဲ့က ယခုနှစ် မေလအတွင်းမှာ အချက်အလက်စုစောင်းပြီး ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော် အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုအလိုက်အပြုံလိုက် သေဆုံးရတဲ့ ဖြစ်စဉ်တွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၁၄၀၀ ကျော်ကျူးလွန်ထားပါတယ်။ ဒီ ၂ နှစ်ကျော်အတွင်း မှာ လူပေါင်း ၂၄,၀၀၀ ကျော် မတရား အဖမ်းခံခဲ့ရပြီး နေအိမ် အလုံးပေါင်း ၇ သောင်းခွဲလောက် မီးရှို့အဖျက်ဆီး ခံခဲ့ရပါတယ်။ ကုလသမဂ္ဂ ခန့်မှန်းချက်အရ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၁.၇ သန်း ရှိနေပြီး မြန်မာပြည်သူ သန်း ၅၀ ကျော်နဲ့ ဒေသတွင်းမှာပါ လုံခြုံရေးအန္တရာယ်ရှိနေတဲ့ မြန်မာ့အရေးကို ပါဝင်ဖြေရှင်းပေးကြဖို့ G20 ခေါင်းဆောင်တွေ ကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူ့အခွင့်ရေးအဖွဲ့အစည်း ၄၄ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံအနှံ့ နေအိမ်နဲ့ အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်းမှာတော့ နေအိမ်အဆောက်အအုံပေါင်း ၈၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ISP မြန်မာက အချက်အလက်ကောက်ယူပြီး ဖေါ်ပြထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ဖြစ်စဉ် ၃ ကြိမ်ထက် မနည်းရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်က အများဆုံးဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် (၁၈)ဦးထက်မနည်းပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ အလလားတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖားကန့်မြို့နယ် အနန့်ပါ ရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်တဲ့ ၆၂ နှစ်ပြည့်အခမ်းအနားအဖြစ် ဂီတပွဲကျင်းပနေချိန်၊ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း (၆၀)ကျော်သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၆) ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီက အတွဲလိုက် ဆင့်ကဲပေါက်ကွဲစေတဲ့ ဖျက်အားပြင်း ကလပ်စ်တာဗုံး အသုံးပြုပြီး တိုက်ခိုက်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ Cluster Munition Coalition (CMC) အဖွဲ့က ပြောဆိုထားပါတယ်။ ယခုနှစ် ဇွန်လအတွင်းမှာ နောက်ဆုံး အချက်အလက်တွေ့ထားရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် အမေရိကန်အပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို ဖိအားပေးမှုတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန် ဒုသမ္မတ Kamala Harris က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားဖို့နဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ အထိ ပြုလုပ်ခဲ့တဲ့ အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံ/အာဆီယံ လူထုဖိုရမ်(၂၀၂၃) မှာတော့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ် တွေပေါ်မှာ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်နေတာကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG