သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cluster ဗုံး စစ်ကောင်စီ အသုံးပြုမှု လူ့အခွင့်အရေးအဖွဲ့တွေ ရှုတ်ချ


Cluster Bombs
Cluster Bombs

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေဘက်က 'ပဒေသာဗုံး' လို့ခေါ်နိုင်တဲ့ အတွဲလိုက် ဆင့်ကဲပေါက်ကွဲစေတဲ့ ဖျက်အားပြင်းကလပ်စ်တာဗုံး (Cluster Bobms) တွေ ပြန်လည်အသုံးပြုနေတာကို လူ့အခွင့်အရေးအဖွဲ့တွေက ကြာသပတေးနေ့မှာ ရှုတ်ချလိုက်ပြီး ဒီလိုအသုံးပြုမှုကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

လေ့လာချက်တွေအရ အာဏာသိမ်း စစ်တပ်ဟာ ဒီ ဗုံးတွေကိုထုတ်လုပ်သလို အကြိမ်ကြိမ်လည်းအသုံးပြုခဲ့ပြီး နောက်ဆုံး ဇွန်လထဲမှာ သုံးခဲ့တာ တွေ့ရတယ်လို့ စောင့်ကြည့်နေတဲ့ Cluster Munition Coalition (CMC) အဖွဲ့ က ပြောပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မြန်မာပြည်မှာ ကလပ်စ်တာဗုံး ထုတ်လုပ်၊ အသုံးပြုနေတာက စိုးရိမ်စရာ ကောင်းတဲ့အခြေအနေပါ။ ဘာကြောင့်လဲဆိုတာ ဒီလို စုပြုံပြီး အတွဲလိုက် ပေါက်ကွဲစေတဲ့ ဗုံးမျိုးက စစ်သား၊ အရပ်သား မခွဲခြားဘဲ လူတွေကို ထိခိုက်စေလို့ အရပ်သားတွေ အဓိက သေကြေပျက်စီး ဒဏ်ရာရစေနေတယ်”CMC အဖွဲ့ရဲ့ သုတေသီ Dr. Yeshua Moser-Puangsuwan ကပြောပါတယ်။ "ဒီလို ဗုံးမျိုးကို အသုံးပြုဖို့က ဘယ်လိုအကြောင်းပြချက်မျိုးမှ မရှိပါဘူး။ နိုင်ငံတကာက တားမြစ်ထားတဲ့ ဒီလက်နက်မျိုးအသုံးပြုတာကို အစိုးရတိုင်းက ရှုတ်ချသင့်ပါတယ်" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီ ကလပ်စ်တာဗုံး အသုံးပြုနေကြောင်းကို ဓာတ်ပုံတွေအပါအဝင် သတင်းအချက်အလက် အထောက်အထား အသစ်တွေရရှိထားတယ်လို့ CMC က ပြောပါတယ်။ ဒီဗုံးတွေကို အမြောက်၊ ဒုံးပျံနဲ့ လေယာဉ်တွေသုံးပြီး ပစ်ကြဲချနိုင်ပါတယ်။ ဗုံးကိုကြဲချချိန် ဝေဟင် လမ်းခုလတ်မှာတင် ဒါဇင်နဲ့ချီ၊ ရာနဲ့ချီ အကြိမ်ကြိမ် ထပ်ဆင့်ကွဲထွက်စေလို့ ထိခိုက်မှု ကျယ်ပြန့်ပြင်းထန်သလို မြေပြင်ပေါ်ရောက်ချိန်မှာလည်း တချို့က ချက်ချင်း ထပ်ဆင့်မကွဲဘဲကျန်ရှိနေပြီး မြေမြှုပ်ဗုံးလို နောင်မှ ထပ်မံကွဲနိုင်လို့ အရပ်သားတွေကို ထိခိုက်စေတာပါ။

CMC က ဒီဗုံးအမျိုးအစား ထုတ်လုပ်အသုံးပြုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတည်ပြုတာ၊ ဒါမှမဟုတ် ငြင်းဆိုတာမျိုးလုပ်ဖို့ ဆက်သွယ် တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှုမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဒီဗုံးအသုံးပြုမှုကိုတားမြစ်တဲ့ ၂၀၀၈ ခုနှစ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီချက်မရရှိမချင်း ကလပ်စ်တာဗုံး တားမြစ်တဲ့ သဘောတူညီချက်မှာ လက်မှတ်ထိုး ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြေထားပါတယ်။

ဒီတားမြစ်ချက်ကို နိုင်ငံပေါင်း ၁၁၂ နိုင်ငံက လက်မှတ်ထိုးအတည်ပြုပြီး ဗုံးအသုံးပြုမှုတားမြစ်ထားသလို နောက်ထပ် ၁၂ နိုင်ငံကလည်း လက်မှတ်ထိုး ထားပြီး တားမြစ်မိန့်ကိုတော့ အတည်ပြုမထားသေးပါဘူး။ CMC ဟာ ကမ္ဘာတဝန်း နိုင်ငံပေါင်းတရာကျော်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့တခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG