သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲရက်တာရှည်လာတဲ့ သံတောင်နယ် စစ်ကောင်စီ ဗုံးကြဲ


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တည်ရှိရာမြေပုံ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တည်ရှိရာမြေပုံ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာအနီးတဝိုက်မှာ ၁၀ ရက်ကျော်ကြာ တိုက်ပွဲပြင်းထန် နေပါတယ်။ ဂျူလိုင်၂၃ ရက် နေ့လည် ၂နာရီခွဲလောက်က ယာဒိုကျေးရွာမှာ လေယာဉ် ဗုံးကြဲနေတယ်လို့ စစ်ရှောင်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က လေကြောင်း အသုံးပြုပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ကျေးရွာ အတော်များများက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်အများစုက ဘာပစ္စည်းမှ မယူနိုင်ကြဘဲ အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးလွတ်အောင် ပြေးလွှားလာကြတဲ့အကြောင်း စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေပို့ချက်ကို အခြေခံပြီး နန်းလောင်ဝ် ပြောပြပါမယ်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာကို ဇူလိုင် ၂၃ ရက် ညနေပိုင်းလောက်မှာ စစ်ကောင်စီဖက်က လေယာဉ်နဲ့ ဗုံးလာကြဲနေတယ်လို့ စစ်ရှောင်ဒေသခံတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

"ဟို…ယာဒိုမှာကျတော့ ဒီနေ့လည်၂နာရီခွဲမှာက ဒီလေယာဉ်နဲ့ဗုံးကြဲတာတွေ ကြားနေရတယ်ပေါ့နော်။ အခု ကျနော်လည်းကြားနေရပြီ။ တောင်ဖက် ကနေစတက်လာတယ် လေယာဉ်က၊ ပြီးတော့ ယာဒိုကို ဗုံးလာကြဲတာလည်း ရှိတယ်။”

စစ်ကောင်စီတပ်က တောင်ငူမြို့နယ်ကနေ သံတောင်ကြီးမြို့နယ်ဖက်ကို အင်အားများများနဲ့ ဒီနေ့ထပ်မံ စစ်ကြောင်းဆင်လာတာကြောင့် တချို့ကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထပ်ပြီး ပြောင်းရွှေ့ နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ရက်နေ့ကစတင်ပြီး ယာဒိုကျေးရွာတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာက ယခုချိန်ထိ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က လေကြောင်းအသုံးပြုပြီး အပြန်းအထန်ဗုံးကျဲ တိုက်ခိုက်နေတဲ့အကြောင်း ခုလို ပြောပါတယ်။

“တစ်ပတ်ကျော် နှစ်ပတ်လောက်ရှိပြီပေါ့၊ ၁၁ ရက် ၁၂ ရက်ကတည်းက စဖြစ်နေတာ၊ မရပ်စဲသေးဘူး ဖြစ်နေတယ်ဟုတ်၊ လေယာဉ်နဲ့ ပစ်တာတွေက အများကြီးပစ်တာပေါ့နော်၊ ဒီလေယာဉ်ပစ်ကူတွေရော ရက်တိုင်း၊ ရက်တိုင်းတော့မဟုတ်ပေမယ့် နှစ်ရက် သုံးရက်ခြား လာပစ်တယ်၊ တိုက်ပွဲတအား ပြင်းလာ တဲ့အချိန် လေယာဉ်နဲ့ တအားလာသုံးသွားတာဆိုတော့ (လေယာဉ်ပစ်)ခပ်စိပ်စိပ်လေး ဖြစ်လာတယ်ပေါ့၊ ပြီးတော့ လက်နက်ကြီးတွေကလည်း ဟိုကျေးရွာထဲမှာ ကျတာမျိုးတွေတို့ ပျက်စီးတာတို့ သာသနာပိုင် အဆောက်အဦးထဲ ကျတာတို့ပေါ့နော်၊ ကက်သလစ်ကျောင်းတွေ ဒီဘာသာရေး အဆောက်အဦးပေါ့ ကျတာတွေလည်းရှိတယ်။”

ခုတိုက်ပွဲဖြစ်တဲ့ ယာဒိုကျေးရွာဟာ ကယား-ကရင်နယ်စပ် ကရင်ပြည်နယ်ဖက်ခြမ်းက သံတောင်ကြီးမြို့နယ် မှာ တည်ရှိနေတာပါ။ ကရင်အမျိုးသားအစည်းအရုံး(KUN)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပါဝင်တဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြာ တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအထိအခိုက်ရှိ မရှိ ခုချိန်ထိ အတည်မပြုနိုင်ပေမယ့် ဘာသာရေးအဆောက်အဦးနဲ့ နေအိမ်တွေအများအပြား ပျက်စီးသွား တယ်လို့ ပြောပါတယ်။

တိုက်ပွဲနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲအခြေအနေကြောင့် ဝါသောခိုကျေးရွာ၊ ယာဒိုကျေးရွာ စတဲ့ ပတ်ဝန်းကျင် ၆ရွာထက်မနည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာ ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ သံတောင်ကြီးမြို့နယ်ထဲက သောက်ရေခပ်ကျေးရွာတဝိုက်ကို ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် ၉၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်အများစုက အဝတ်တထည် ကိုယ်တခုနဲ့ အသက်လု ထွက်ပြေးလာရတဲ့အကြောင်း ပြောပါတယ်။

“ဒုန်းခနဲ ပြေးတဲ့အခါကျတော့ အဝတ်တစ်ထည်နဲ့ပဲ ပြေးလွှားလာရတယ်ပေါ့၊ ပြေးလွှားပြီးလာရတဲ့အခါ ဘာမှမပါလိုက်ဘူး သိလား၊ အဲ့လိုဖြစ်နေတဲ့အခါကျတော့ သူတို့မှာတော့ ကားလမ်းအတိုင်းလည်း ဆင်းလာလို့မရဘူး၊ စစ်ရှောင်တွေကလေ၊ သူတို့တိုက်ပွဲဖြစ်တဲ့နေရာကို တတ်နိုင်သလောက် သူတို့စပြီးမှ ခြေကျင်နဲ့ပေါ့နော်။ တစ်ညလုံးလမ်းလျှောက်တာတွေလည်း ရှိတယ်လို့ စစ်ရှောင်သမားတွေက ပြောတယ်လေ၊ စားဝတ်နေရေးမှာတော့ တအားလိုအပ်တာပေါ့၊ စားဝတ်နေရေးကတော့ အဓိကမိန်း ပေါ့နော်။”
တဖြေးဖြေး တိုက်ပွဲနေရာကျယ်ပြန့်လာတာလို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

“ဖြစ်နေတုန်းပဲ မငြိမ်းသေးဘူးပေါ့နော်။ ပြောမယ်ဆိုတော့ (တိုက်ပွဲဧရိယာပိုကျယ်လာ) ပိုကူး လာတယ်။ ဒါပေမယ့် သူတို့ဖြစ်ပြီးဆိုရင် အဲ့လေယာဉ်ဗုံးကြဲတာပဲသုံးတယ်။ အဲ့ဒါတော့ ပြည်သူတွေက တအားပြေးလာတယ် အဲ့လိုမျိုးပဲ။ အရင်ကတော့ အေးအေးဆေးဆေး၊ ခုဆိုရင် မသွားရဲ မလာရဲကြ တော့ဘူးပေါ့နော်။ အထူးသဖြင့်ဆိုင်ကယ်နဲ့ဆိုလည်း သူတို့ခဏခဏ အဲ့လိုမျိုး အခန့်မသင့်ရင် ပစ်တယ်လေ။ အဲ့လိုမျိုးတွေဖြစ်တဲ့အခါကျတော့ မသွားရဲမလာရဲတော့ဘူး။ တော်တော်ကို အခြေအနေဆိုးတယ်။ ဒီဖက်ကတော့ ဘယ်လိုပြောမလဲ ခံရတာပေါ့။ ပြည်သူကလည်း။ နောက် ဆန်တွေကလည်း ပိတ်၊ ဆန်တွေကလည်း အကန့်အသတ်နဲ့တင်ခိုင်းတာ အဲ့လိုမျိုးတွေရှိတော့ ဆန်တွေကလည်း ဈေးကြီးတယ်။”

လက်ရှိ သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီဘက် လမ်းကြောင်းတွေ ပိတ်ဆို့ စစ်ဆေးရေးဂိတ်တွေ တို့ချဲ့ တင်ကျပ်နေပြီး ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စတဲ့ စားနပ်ရိက္ခာသယ်ဆောင်ခွင့်တွေ ကန့်သတ်လာတာကြောင့် ပိုမိုခက်ခဲလာမယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG