သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး G20 ခေါင်းဆောင်တွေ ဆွေးနွေးဖို့ လူ့အခွင့်ရေးအဖွဲ့ ၄၀ ကျော်တိုက်တွန်း


ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA, ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်များ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA, ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်များ

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ရဲ့ ၂ ရက်ကြာ G20 ထိပ်သီးအစည်းဝေးကို စတင်ကျင်းပတဲ့ စက်တင်ဘာ ၉ ရက်နေ့မှာပဲ မြန်မာ့အရေးကို G20 ခေါင်းဆောင်တွေ အလေးထား ဆွေးနွေးကြဖို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူ့အခွင့်ရေးအဖွဲ့အစည်း ၄၄ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။

ရက်စက်ကြမ်းကြုတ်မှုတွေ တိုးလုပ်လာနေတဲ့ စစ်ကောင်စီကို တညီတညွတ်ထဲ တားဆီးပေးဖို့ သြဇာကြီးမားတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်း သတိပေးထားတာပါ။

ဒေသတွင်း လဖက်ရည်နှစ်သက်တဲ့ နိုင်ငံတွေက မြန်မာ့မိတ်ဆွေအဖွဲ့ ၁၄ ဖွဲ့ပါဝင်တဲ့ Milk Tea Alliance ၊ အာဆီယံပါလီမန်အမတ်တွေပါဝင်တဲ့ လူ့အခွင့်ရေးအဖွဲ့နဲ့ မြန်မာ့မိတ်ဆွေအိန္ဒိယ အပါအဝင် အဖွဲ့ပေါင်း ၄၄ ဖွဲ့က ရေးတဲ့ပေးပို့ စာထဲမှာ စစ်ကောင်စီ လက်အောက် မြန်မာနိုင်ငံရဲ့ ဆိုးဝါးတဲ့ အခြေနေတွေနဲ့အတူ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ သတ်ဖြတ်မှုတွေကို တင်ပြထားပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ လပေါင်း ၃၀ အတွင်း လူ ၄၀၀၀ ကျော် သေဆုံးပြီး၊ ၂၄,၀၀၀ ကျော် မတရား အဖမ်းခံခဲ့ရသလို နေအိမ် အလုံးပေါင်း ၇ သောင်းခွဲလောက် မီးရှို့အဖျက်ဆီး ခံခဲ့ရပြီး ကုလသမဂ္ဂ ခန့်မှန်းချက်အရ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၁.၇ သန်း ရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁,၄၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် G20 ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူ သန်း ၅၀ ကျော်နဲ့ ဒေသတွင်းမှာပါ လုံခြုံရေးအန္တရာယ်ရှိနေတဲ့ မြန်မာ့အရေးကို ပါဝင်ဖြေရှင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ် သက်ဆိုးရှည်စေမယ့် လက်နက်၊ နည်းပညာ၊ လောင်စာဆီ ရောင်းချမှုကို တားဆီးပေးဖို့ တောင်းဆိုထားတဲ့အပြင် စစ်ကောင်စီနဲ့ ဆက်သွယ်မှုဖြတ်တောက်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ကိုလည်း လူ့အခွင့်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG