သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်မှု တားဆီးရေး G 20 မလုပ်ဆောင်နိုင်


India G20 Meetings
India G20 Meetings

ကမ္ဘာ့ စက်မှုထိပ်သီး G20 အဖွဲ့ဝင် နိုင်ငံတွေကြားမှာ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချမှတ်နိုင်ပဲ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းဖို့ လက်ရှိဆောင်ရွက်ချက်တွေဟာ လုံလောက်မှုမရှိဘူးလို့ ပြင်သစ်နိုင်ငံက ဂေဟဗေဒဆိုင်ရာဝန်ကြီး Christophe Bechu က ပြောပါတယ်။

"ပြန်ပြည့်မြဲစွမ်းအင် တိုးမြှင့်သုံးစွဲဖို့ သဘောတူညီချက်ကို ကျနော်တို့ မရခဲ့ပါဘူး။ ရုပ်ကြွင်းလောင်စာတွေ အထူးသဖြင့် ကျောက်မီးသွေးကို လုံးဝ မသုံးစွဲဖို့ ဒါမှမဟုတ် လျှော့ချဖို့ သဘောတူညီချက်လည်း မရခဲ့ပါဘူး။ အခု G20 အဖွဲ့ထဲမှာ ဒီပြဿနာနဲ့ ပတ်သက်လို့ သံတမန်ရေးအရ အားလုံး သဘောမတူနိုင်ပဲ ဖြစ်နေတာဟာ သိပ်အဆင်မပြေပါဘူး။”လို့ ပြောသွားတာပါ။

မြောက်အမေရိက၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ဖြတ်နေတာဖြစ်ပြီး ဒါဟာလူသားကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကနေ ဒီအပူလှိုင်းတွေ ဖြစ်ပေါ်လာတဲ့ အဓိက အကြောင်းရင်းဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက အခု ရက်ပိုင်းထဲ သတိပေးနှိုးဆော်ခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ G20 နိုင်ငံတွေရဲ့ အစည်းအဝေးမှာ ဒီကိစ္စ သေသေချာချာဖြေရှင်းဖို့ အဖြေမထုတ်နိုင်ခဲ့ပါဘူး။

G 20 နိုင်ငံတွေ အိန္ဒိယတောင်ပိုင်း ချနိုင်း(Chennai)မှာ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သဘောထား ကွဲလွဲမှုတွေ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဦးဆောင်ပြီး ၂၀၂၅ ခုနှစ် မတိုင်ခင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့ ၂၀၃၅ ခုနှစ်ကျရင် ၂၀၁၉ ခုနှစ်ထက် ၆၀% လျှော့ချဖို့ ကြေညာချက်ထဲမှာ ပါဝင်ပေမယ့် ကာဗွန်ဘတ်ဂျက်တွေ လျှော့ချရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်တဲ့ ပမာဏနဲ့ လေထုမှ ဖယ်ရှား ေနတဲ့ ပမာဏအကြား ချိန်ခွင်လျှာ ရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ရေး ဘဏ္ဍာငွေကိစ္စတွေမှာ အဖွဲ့ဝင်တွေကြား သဘောမတူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကို စက်မှုခေတ် မတိုင်မီက အပူချိန်ထက် ၁.၅ စင်တီဂရိတ်အတွင်း ကန့်သတ်နိုင်ဖို့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ပါးစေရေးကို ဖွံ့ဖြိုးပြီးနိုင်ငံတွေက တောင်းဆိုခဲ့ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ သဘောမတူ ခဲ့ကြပါဘူး။

ဒီလို ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချမယ့်၊ ဒါမှမဟုတ် လေထုထဲကနေ ဖယ်ရှားပစ်မယ့် ရည်မှန်းချက်တွေက သူတို့နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေနဲ့ ဖွံ့ဖြိုးရေးကို ကန့်သတ်ရာ ရောက်တယ်ဆိုပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။

G20 နိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားတာမျိုး မရှိဘူးလို့ ဥရောပသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မရှင်နာမင်းကြီး Virginijus Sinkevicius က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ရေနံကြွယ်ဝတဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေက G20 ဆွေးနွေးပွဲတွေမှာ ကတိကဝတ်တွေ မချမှတ်နိုင်အောင် ကျောထောက်နောက်ခံ ပြုပေးနေတယ်လို့လည်း ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဝင်တွေက ပြောပါတယ်။

ဆွေးနွေးပွဲအပြီးမှာ Virginijus Sinkevicius က တချို့နိုင်ငံတွေ အရင်က သဘောတူထားတဲ့ ရာသီဥတုဆိုင်ရာ ကတိကဝတ်တွေကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားနေပြီး ဒါကို ဥရောပသမဂ္ဂအနေနဲ့ လက်မခံနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ရုပ်ကြွင်းလောင်စာ ထုတ်လုပ်နေတဲ့နိုင်ငံတွေက ကန့်ကွက်ခဲ့လို့ ရုပ်ကြွင်းလောင်စာထုတ်လုပ်မှု ရပ်တန့်ဖို့ကို G20 အဓိက စီးပွားရေးနိုင်ငံများကြားမှာ သဘောထားကွဲလွဲ ခဲ့ကြပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG