သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ရာသီဥတုဆိုင်ရာချိန်ကိုက်ဗုံး ပေါက်ကွဲလုဖြစ်နေပြီ’ လို့ ကုလအကြီးအကဲ ပြော


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်

{{Zawgyi/Unicode}}

ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အမြန်လျှော့ချဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က တနင်္လာနေ့က သတိပေးလိုက်ပါတယ်။ ရာသီဥတု ပြောင်းလဲပျက်စီးလာနေမှုကို 'ရာသီဥတုဆိုင်ရာချိန်ကိုက်ဗုံးက ပေါက်ကွဲလုဖြစ်နေပြီ’ ဆိုပြီး ဂူတားရက်စ်က သုံးနှုန်း ပြောဆိုသွားပါတယ်။

“ရာသီဥတုပြောင်းလဲနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ရာ အချိန် မကျန်တော့ဘူး”လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာအကဲဖြတ်ချက်အသစ်တခုက ထောက်ပြလိုက်ပြီးနောက်မှာ အခုလို ပြောဆိုလိုက်တာပါ။

“ပြီးခဲ့တဲ့ ရာစုနှစ်ဝက်မှာ အပူချိန်မြင့်တက်မှုနှုန်းဟာ နှစ်ပေါင်း ၂၀၀၀ အတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်” လို့ ကုလအကြီးအကဲက ပြောပါတယ်။ "ကာဗွန်ဒိုင်အောက်ဆိုဒ် သိပ်သည်းမှုနှုန်းကလည်း အနည်းဆုံး နှစ်သန်းပေါင်း ၂ သန်းအတွင်းမှာ အမြင့်ဆုံးဖြစ်နေတယ်” လို့ အန်တိုနီယိုဂူတားရက်စ်က ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ၂၀၄၀ ခုနှစ်မတိုင်မီ ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှုကို သုညထိ လျှော့ချနိုင်ရေး ကတိပြုကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆွေးနွေးပွဲရဲ့ ၆ ကြိမ်‌ မြောက် အစီရင်ခံစာပါ အချက်အလျက်တွေက “လူသားမျိုးနွယ် ရှင်သန်မှုလမ်းညွှန်” လို့ သူက ဆိုပါတယ်။

အဲဒီ ပေါင်းစပ်မှုအစီရင်ခံစာမှာ ၂၀၂၁ ကနေ ၂၀၂၂ ကြား ရူပဗေဒသိပ္ပံ၊ သက်ရောက်မှုတွေနဲ့ ရာသီဥတုပြောင်းလဲမှု လျော့ပါးရေး နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူအကဲဖြတ်ချက်သုံးခုက တွေ့ရှိချက်တွေကို အကျဉ်းချုပ်ဖော်ပြထားတာပါ။ အဲဒီမှာ မူဝါဒ ဖော်ဆောင်သူအစိုးရတွေကို ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် ထည့်သွင်း စဉ်းစားဖွယ်ရာတွေ ပါဝင်ပါတယ်။

အဲဒီလမ်းညွှန်ချက်အရ စက်မှုထွန်းကားစ ကမ္ဘာ့အပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ် (၂.၇ ဖာရင်ဟိုက်) ထက် ပိုမလာဖို့ ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်ရဲ့သတ်မှတ်ချက်အတိုင်း ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထက်ဝက်လျှော့ချဖို့ လိုနေပါတယ်။

လက်ရှိအခြေအနေအရ လာမယ့်ရာစုနှစ်အကုန်မှာ ကမ္ဘာကြီးဟာ အပူချိန် ၃.၂ ဒီဂရီစင်တီဂရိတ် တိုးပြီးပူလာဖွယ်ရှိပြီး နိုင်ငံတွေအနေနဲ့ လက်ရှိကတိကဝတ်တွေအတိုင်း ကာဗွန်ဓာတ်ငွေ့ လျှော့ချနိုင်မယ်ဆိုရင်တောင် အပူချိန်ဟာ အနည်းဆုံး ၂.၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပါတယ်။

လက်ရှိမှာ ပျမ်းမျှအပူချိန်ဟာ ၁၈၅၀-၁၉၀၀ အဆင့်ထက် ၁.၁ ဒီဂရီစင်တီဂရိတ် မြင့်မားနေပြီး ဒါဟာ ကမ္ဘာတဝန်းမှာ ပြင်းထန်တဲ့ရာသီဥတုဖြစ်ရပ်တွေ ဖြစ်ပေါ်စေပါတယ်။

“ကမ္ဘာကြီးအနေနဲ့ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ကဏ္ဍတိုင်း၊ အရာရာတိုင်း၊ နေရာတိုင်း၊ အားလုံးကို တပြိုင်တည်းလုပ်ဖို့ လိုနေပါတယ်" လို့ ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}










ဆက်စပ်သတင်းများ ...

XS
SM
MD
LG