သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း ၃ နှစ်ပြည့် ပြည်တွင်း၊ ပြည်ပ ကန့်ကွက်ဆန္ဒပြ


စစ်အာဏာသိမ်း ၃ နှစ်ပြည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေကြသူများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း ၃ နှစ်ပြည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေကြသူများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ အစိုးရလက်ကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်း မြို့ ရွာတွေမှာ အသံတိတ်သပိတ်လုပ်ပြီး ဆန့်ကျင်ကြောင်းပြသခဲ့ကြပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအထိ အိမ်ပြင်မထွက်ကြဖို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ဆော်ဩထားတာကြောင့် ပုံမှန်အားဖြင့် လူစည်ကားတဲ့ ရန်ကုန်မြို့ မှာ ဒီနေ့ သာမန်ထက်ပိုပြီး ခြောက်သွေ့ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ယာဉ်အသွားအလာ သိသိသာသာ မရှိသလောက်ဖြစ်နေတဲ့ ရန်ကုန်လမ်းတွေပေါ်မှာ လုံခြုံရေးကို အရင်ထက် ပိုချထားပြီး စစ်ကားတွေနဲ့ စစ်သားတွေ ကင်းလှည့်သွားလာနေတာကို မြင်တွေ့ရတယ်လို့ ပြောပြကြပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာလည်း အဖြူရောင်လှုပ်ရှားမှုပုံတွေ တင်ပြီးစစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ပြသနေကြပါတယ်။ ဖားကန့်မြို့မှာလည်း တမြို့လုံးနီးပါး အသံတိတ်သပိတ်မှာ ပါဝင်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်တာကို ပြသခဲ့တယ်လို့ ဖားကန့်မြို့ခံတယောက်က ဗွီအိုအေကို ပြောပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ်ကြောင့် လူအသွားအလာရှင်းလင်းနေတဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ်ကြောင့် လူအသွားအလာရှင်းလင်းနေတဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲမှာ မြန်မာပြည်သူ ရာနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ ဘန်ကောက်မြို့တော်က ကုလသမဂ္ဂရုံးရှေ့က ဆန္ဒပြပွဲမှာ လာရောက်ဆန္ဒပြသူတယောက်က အာဏာရှင်အုပ်ချုပ်မှု အမြန်ဆုံး အဆုံးသတ်စေချင်ပြီလို့ ခုလို ပြောကြားခဲ့ပါတယ်။

"ဒီစစ်အစိုးရရဲ့ မတရားအာဏာသိမ်းတာကို ညီမတို့ လက်မခံနိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့
အရင်က ညီမတို့သွားနေတဲ့ လမ်းကြောင်းနဲ့ အခုသူတို့အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ အဖြစ်အပျက်တွေက မတူဘူးပေါ့နော်။ အများကြီးကွာခြားတယ် အဲဒါကြောင့်မလို့။ ပြီးတော့ သူတို့တွေ မတရားအာဏာသိမ်းတာကျတော့ မသက်ဆိုင်တဲ့ကလေးငယ်လေးတွေလည်း ထိခိုက်နစ်နာရတယ်၊ ပညာရေး စီးပွားရေးအားလုံး နိုင်ငံရေး အစစအရာရာ နှောင့်နှေးကြန့်ကြာရတယ်။ ဒီနိုင်ငံကြီးတိုးတက်ဖို့ လမ်းကြောင်းကိုသွားနေချိန်မှာ ဆွဲချခံလိုက်ရတယ်ပေါ့နော်။ အဲဒါကြောင့်မလို့ အမြန်ဆုံး ဒီစစ်အာဏာရှင်ကို ကျဆုံးစေချင်ပါတယ်ရှင့်။"

ဘန်ကောက် ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဆန္ဒပြသူတချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေကိုင်ဆောင်ထားကြသလို စစ်တပ်ကိုဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ မဲဆောက်မြို့မှာလည်း အဖြူရောင်လှုပ်ရှားမှုလုပ်ခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာလည်း မြန်မာတချို့ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ အာဏာသိမ်း ၃ နှစ်တာအတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင် အဆုံးသတ်ရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်း (၃) နှစ်ပြည့် ဖိလစ်ပိုင်နိုင်ငံ Quezon မြို့တော်မှာ ဆန္ဒပြနေကြတဲ့ ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း (၃) နှစ်ပြည့် ဖိလစ်ပိုင်နိုင်ငံ Quezon မြို့တော်မှာ ဆန္ဒပြနေကြတဲ့ ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာလည်း ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူတွေနဲ့ India for Myanmar အဖွဲ့တို့ ပူးပေါင်းပြီး သံတိတ်အဖြူရောင်လှုပ်ရှားမှု လုပ်ခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာရှိတဲ့ ပါလီမန်အဆောက်အဦရှေ့က ရင်ပြင်မှာလည်း ဗြိတိန်ရောက် မြန်မာတွေ စုဝေးပြီး ဝန်ကြီးချုပ်ရုံးရှိတဲ့ ဒေါင်းနင်းလမ်းနေအိမ်အထိ ချီတက် ဆန္ဒပြကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်စုကြည်ရဲ့ သားငယ် Kim Aris အပြင်၊ ဗြိတိန်ဆိုင်ရာ NUG ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပေါင်းစုံအဖွဲ့အစည်းတွေ၊ ဗြိတိန်လွှတ်တော်အမတ်တချို့နဲ့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံတဲ့ ဗြိတိန်အဖွဲ့အစည်းတွေ၊ တော်ဝင်ဆေးတက္ကသိုလ်က ဆရာဝန်ကြီးတချို့ လည်း ပါဝင်ဆန္ဒခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာတော့ ဖေဖော်ဝါရီလ ၃ ရက် စနေနေ့ကျရင် အာဏာသိမ်းမှု ၃ နှစ်ပြည့် ဆန့်ကျင် ဆန္ဒပြကြဖို့ ပြင်ဆင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG