သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မန္တလေး PDF တပ်ဖွဲ့များ 


မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေ မြန်မာစစ်ကောင်စီတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်း ရှေ့တန်းစစ်ဆေးရေးဂိတ်တခုအနီး။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေ မြန်မာစစ်ကောင်စီတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်း ရှေ့တန်းစစ်ဆေးရေးဂိတ်တခုအနီး။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

စစ်တပ်က အာဏာသိမ်းတာ ၃ နှစ်ပြည့်လာတဲ့အချိန် မြန်မာစစ်တပ်ကို လက်နက်ကိုင်တိုက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်ရေး အတွေ့အကြုံနဲ့ စွမ်းရည်တွေ ပိုမြင့်လာပြီး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်တွဲလှုပ်ရှားနေတဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအဖွဲ့ရဲ့‌ ခေါင်းဆောင်တွေက AFP သတင်းဌာနကို ပြောပါတယ်။ လက်နက်ကိုင်တိုက်နေတဲ့တချိန်တည်းမှာ စစ်မြေပြင်မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

"ကျနော်တို့ရဲ့သေနတ်ပြောင်းဝက ပြည်သူလူထုဘက်ကို ဘယ်တော့မှ မလှည့်ရဘူး။ပြည်သူလူထုကို ဒုက္ခမပေးရဘူး။ နောက်ဆုံးဘယ်လောက်အထိလဲဆိုရင် ကျနော်တို့ ပြည်သူလူထုဆီက အပ်တိုတချောင်းတောင် ယူလို့မရတဲ့အနေအထားမျိုးထိအောင် ကျနော်တို့ရဲဘော်တွေကို ကြပ်မတ်ထားတာရှိတယ်။ တကယ်လိုက်နာဖို့လည်း နောက်ကနေပြီးတော့ enforcement ပေးရတာမျိုးလေးတွေ ရှိတာပေါ့။" (ကိုဖြိုး- MDY-PDF)

"စကစ-နဲ့ကတော့ ကျနော်တို့က တမိုင်ကျော်ကျော်လောက်ပဲ ဝေးတယ်။ ပြီးတော့ Stand-by (အသင့်အနေအထား) ကတော့ ပြောရမယ်ဆိုရင် ၂၄ နာရီပတ်လုံးပဲ။"

စစ်ကောင်စီတပ်နဲ့ မလှမ်းမကမ်းမှာ တပ်စွဲထားရင်း မြန်မာစစ်တပ်ကို လက်နက်ကိုင်တိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအဖွဲ့က‌ တပ်ဖွဲ့ဝင်တဦိး ပြောပြသွားတာပါ။ သုံးနှစ်ကာလအတွင်း တိုက်ပွဲ အတွေ့အကြုံတွေရခဲ့သလို လုပ်သင့်လုပ်ထိုက်လို့ ဒီလမ်းပေါ်မှာ ရောက်လာတယ်ဆိုတဲ့အသိကြောင့် ကြောက်စိတ်မရှိတော့တဲ့အကြောင်း အထူးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ရှူးဂါးက ပြောပါတယ်။

"တိုက်ရင်းသင်၊ သင်ရင်းတိုက်။ တိုက်ပါများလာလေ သူတို့အကြောင်းတွေ သိလာတာကိုး။ ကိုယ့်ဘက်က ရဲဘော်အနေအထားကအစ။ ဥပမာ-စကားတောင်မပြောဘူး။ တိုက်ပွဲအတွင်းဆိုရင်။ Hand sign (လက်ဟန်) နဲ့ပဲ ပြတယ်။ ချဥ်းကပ်တာတို့ ဘာတို့။ တော်တော်လေး တိကျလာတယ်။ တော်တော်လေးကို ကောင်းလာတယ် ပြောရမှာပေါ့။ ကိုယ်က စီးပွါးရေးလုပ်နေတာမဟုတ်ဘူး။ ကိုယ်က နိုင်ငံကောင်းအောင်လုပ်ချင်တာ။ ဒီလောက်ကတော့ ပေးဆပ်ရမယ်။ တဖြည်းတဖြည်းနဲ့ ပြောင်းလဲယူရတာပပေါ့။ နောက်ပိုင်းတော့ ကြောက်တယ်ဆိုတာ မရှိတော့ဘူး။"

လက်နက်ကိုင်အဖွဲ့တွေကို ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တခုဖြစ်တဲ့ TNLA တအောင်းပလောင် အဖွဲ့က အဓိက သင်တန်းပေးတာဆိုပေမဲ့လည်း တပ်ဖွဲ့ဝင်တွေထဲမှာ အတွေ့အကြုံအမျိုးမျိုးရှိသူတွေ ပေါင်းစည်းထားတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမုန်တိုင်းက ပြောပါတယ်။

"အနီးကပ်လမ်းညွှန်ပေးမှုလို့ ပြောရင်တော့ မြောက်ပိုင်းသုံးဖွဲ့ကလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နယ်မြေကတော့ အိမ်ရှင်ဖြစ်တဲ့ မဟာမိတ် TNLA ရဲ့ နယ်မြေခွင်ထဲမှာပဲ အခြေချလှုပ်ရှားတာမျိုး ရှိပါတယ်။ သင်တန်းရယူတဲ့အခါမှာတော့ မဟာမိတ် TNLA ဆီမှာပဲ သင်တန်းအများစု ရယူကြပါတယ်။ ဒါပေမဲ့ ERO ပေါင်းစုံကနေဆင်းလာတဲ့ရဲဘော်တွေလည်း ပါဝင်ပါတယ်။ အဲဒီတော့ ကျနော်တို့ MDY-PDF က အင်အားစု လူငယ်အများစုက diverse ဖြစ်တယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ KIA ဆင်း ပါမယ်၊ KNU ဘက်ကနေစစ်ပညာသင်ယူခဲ့တဲ့လူတွေလည်း ပါတယ်။ အဲလိုပဲ တိုင်းရင်းသားအဖွဲ့အစည်း တော်တော်များများက သင်တန်းဆင်း တော်တော်များများလည်း ပါဝင်ပါတယ်။"

"ဒီနားမှာ အဆောင်တဆောင်ရှိတယ်ဗျာ။ အဆောင်တဆောင်က ဗုံးထိပြီးတော့ ဒီအဆောင်က လုံးဝကို ပျောက်ထွက်သွားတယ်။ တစစီပျောက်ထွက်သွားပြီးတော့ ဒီ အချုပ်ခန်းနှစ်ခန်းတွဲနဲ့ကပ်လျက်ကို လာထိပြီးတော့ ဒီမှာထိန်းသိမ်းထားတဲ့ စကစ သုံ့ပန်းတွေပေါ့ လေးဦးသေသွားတယ်။"

တပ်အင်အား အများအပြားသာလွန်တဲ့ မြန်မာစစ်တပ်ကို ယှဉ်တိုက်တဲ့အခါ စစ်မြေပြင်မှာ လက်တွေ့အခက်အခဲတွေရှိတယ်ဆိုတာကိုလည်း ကိုမုန်တိုင်းက ဝန်ခံပါတယ်။

"သူတို့ရဲ့စစ်ဌာနချုပ်တွေရှိနေတဲ့နေရာကို ကျနော်တို့ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ဆိုရင် ကျနော်တို့က တော်ရုံတန်ရုံပြင်ဆင်မှုတွေနဲ့ မရပါဘူး။ ရှေ့မှာလည်း အနည်းငယ် ပြောဖူးတာ ရှိပါတယ်။ ကျောက်တုံးကို ကြက်ဥနဲ့ပေါက် သလို ဖြစ်နိုင်တယ်-ဆိုတာမျိုး ကျနော် ပြောဖူးပါတယ်။ ရန်သူကို အရမ်းအထင်ကြီးနေတာမဟုတ်ဘူး။ အင်မတန် လေးစားနေတာမဟုတ်ဘူး၊ ကြောက်ရွံ့နေတာမဟုတ်ဘူး။ အဲဒီတော့ ဒီလိုမျိုး ဌာနချုပ်တွေ ရှိနေတဲ့ နေရာကို နှစ် ၇၀ စစ်တိုက်လာတဲ့အာဏာရှင်ကို တော်လှန်ဖို့အတွက်ဆိုရင် ကျနော်တို့မှာ လိုအပ်တဲ့၊ ထိုက်သင့်တဲ့ပြင်ဆင်မှု၊ လေ့ကျင့်မှုတွေ မရှိဘဲနဲ့ ကျနော်တို့ ဒီဟာကို ဘယ်လိုမှ ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ သူလည်းတတောင့်ပစ်၊ ကိုယ်လည်းတတောင့်ပစ်၊ သူ စက်လတ်ဆွဲ-ကိုယ်လည်းစက်လတ်ဆွဲနိုင်တဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ လေယာဥ်ပစ်လိုဟာမျိုးတော့ ကျနော်တို့ဆီလည်း မရှိဘူးပေါ့။ ရှိတယ်ဆိုရင်တောင်မှ စက်လတ်ပဲ ရှိမှာပေါ့။ ဆိုလိုချင်တာကတော့။ အဲဒီတော့

"တချို့ကိစ္စတွေကတော့ စိန်ခေါ်မှုတွေကတော့ အခုအချိန်အထိ လက်နက်ခဲယမ်းမလုံလောက်တဲ့ဟာကတော့ ရှိနေတုန်းပဲပေါ့။ ဒါပေမဲ့လည်း ကျနော်တို့က ထောက်ပို့တပ်အကြီးစား ရှိပါတယ်။ မင်းအောင်လှိုင်ကိုယ်တိုင် ကျနော်တို့ကို ပြန်ထောက်ပို့ပေးနေတာဖြစ်တဲ့အတွက် အရမ်းကြီးတော့ တခါတလေလည်း စိတ်ပူမနေပါဘူး။ တခါတလေ အရသာအရှိဆုံးကို ပြောပါဆိုရင် အဲဒါပဲ။ သူတို့ ထောက်ပို့ပေးတဲ့ပစ္စည်းနဲ့သူတို့ကိုပြန်ချရတာ တော်တော် အရသာရှိပါတယ်။" ကိုမုန်တိုင်း (MDY-PDF)

စစ်ကောင်စီဘက်ကတော့ PDF လက်နက်ကိုင် အဖွဲ့တွေဟာ အကြမ်းဖက် လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့ စွပ်စွဲလေ့ရှိပါတယ်။ လက်နက်ကိုင် တိုက်နေတာခြင်း တူပေမဲ့လည်း စစ်မြေပြင်မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာတဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအဖွဲ့က‌ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဖြိုးက ပြောပါတယ်။

"PDF နဲ့ စကစနဲ့ကြားမှာ အပေါ်ယံကြည့်ရင် အကုန်အတူတူပဲ။ ဘာလို့လဲဆို ကျနော်တို့လည်း ယူနီဖောင်းဝတ်ထားတယ်။ ကျနော်တို့ လက်နက်ကိုင်ထားတယ်။ ဒါပေမဲ့ ဘာကွာလဲဆိုတော့ 'Code of Conduct' တွေပေါ့။ သူတို့မှာလည်း အဲဒီ code of conduct တွေရှိတယ်။ ကျနော်တို့မှာလည်းရှိတယ်။ ဒါပေမဲ့ တကယ့်လိုက်နာကျင့်သုံးမှုကျတော့ ကွာသွားတာတွေ ရှိတယ်။ ကျနော်တို့ဆိုရင် ကျနော်တို့ရဲ့သေနတ်ပြောင်းဝက ပြည်သူလူထုဘက်ကို ဘယ်တော့မှ မလှည့်ရဘူး။ ပြည်သူလူထုကို ဒုက္ခမပေးရဘူး။ နောက်ဆုံးဘယ်လောက်အထိလဲဆိုရင် ကျနော်တို့ ပြည်သူလူထုဆီက အပ်တိုတချောင်းတောင် ယူလို့မရတဲ့အနေအထားမျိုးထိအောင် ကျနော်တို့ရဲဘော်တွေကို ကြပ်မတ်ထားတာရှိတယ်။ တကယ်လိုက်နာဖို့လည်း နောက်ကနေပြီးတော့ enforcement ပေးရတာမျိုးလေးတွေ ရှိတာပေါ့။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ကတော့ မြန်မာစစ်တပ်ကဘက်က စစ်ရေးအရ အင်အားလျော့နည်းလာချိန်မှာ အရပ်သား ကျေးရွာတွေကို ပိုပြီး တိုက်ခိုက်တာမျိုးတွေ ပိုတိုးလာနေတဲ့အတွက် ပြည်သူတွေကို အကာအကွယ်ပေးဖို့လိုတဲ့အကြောင်း ပြောဆိုနေပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ မြန်မာပြည်သူ နှစ်သန်း သုံးသိန်းလောက် အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၁၈ သန်းခွဲ လောက် ရှိနေတဲ့အကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG