သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PDF တွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးကို စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင်


Google Earth မြေပုံကနေ မြင်တွေ့ရတဲ့ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဘေးက ရွှေပြည်အေးမြို့
Google Earth မြေပုံကနေ မြင်တွေ့ရတဲ့ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဘေးက ရွှေပြည်အေးမြို့

ဒေသခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းအထက်ပိုင်း ရွှေပြည်အေးမြို့ကို စစ်ကောင်စီ တပ်က ဝေဟင်ကော မြေပြင်ကနေပါ ထိုးစစ်ဆင်နေပါတယ်။ မြို့ရဲ့နေရာအချို့ကို စစ်တပ်က တပ်စွဲထားပြီး ပြီး ၂ ဖက်စစ်ရေး တင်းမာနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ် ကြူရွာကို စစ်တပ်မီးရှို့သွားတဲ့အတွက် တရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့သလို သက်ကြီးဖိုးဖွား ၂ ဦးလည်း မီးလောင် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်း နဲ့ မကွေးတိုင်းက အခြေအနေတွေကို ကိုစည်သူက ပြောပြပါမယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ဘေးက အချက်အချာကျတဲ့ ရွှေပြည်အေးမြို့ကို အခုလ ၂၆ ရက်ကစလို့ စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်တို့က ပူးပေါင်းကာ ရွှေပြည်အေးမြို့ရဲ့ နေရာအချို့မှာ ပြန်လည် ဝင်ရောက်တပ်စွဲနေတာပါ။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆောက်အဦး အချို့လည်း ပျက်စီးခဲ့တယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေပြင်စစ်ရေး အခြေအနေကို အခုလို ပြောပြပါတယ်။

“ဒီ ၂၆ ရက်က Mi2 နဲ့ ဗုံးသီး အလုံး ၂၀၀ လောက်ကြဲပြီးတော့ ရွှေပြည်အေးရဲ့ ၃ ပုံ ၁ ပုံပေါ့။ ထွေအုပ်ရုံးရှိတဲ့ဘက်ကို စကစ အင်အား ၁၀၀ ကျော် SNA အင်အား ၁၀၀ ကျော် က စီးနင်းထားတယ်။ ကျန်တဲ့ မြို့ရဲ့ ၃ ပုံ ၂ ပုံမှာတော့ ကျွန်တော်တို့ PDF တွေ စိုးမိုးထားတယ်ပေါ့။ Battle ဆိုင်ထားတဲ့ အနေအထားပဲ တိုက်ပွဲကတော့ မဖြစ်သေးဘူး။ အိမ်တွေတော်တော်များများတော့ ပျက်စီးသွားတယ်။ လူတွေကတော့ ကြိုတင်ရှောင်ရှားထားတာ ဖြစ်တဲ့အတွက် လူအထိခိုက်တော့မရှိဘူး။ အိမ်တွေကတော့ တော်တော်လေး ပျက်စီးသွားတယ်။ သူတို့ကတော့ ရွှေပြည်အေးမြို့ကို ပြန်သိမ်းဖို့ ပြင်ဆင်နေတာပဲ။ မြို့ကျသွားပြီးကတည်းက မြို့ကို ပြန်သိမ်းဖို့ ပြင်ဆင်နေတာတော့ ကြာပြီ။ လာပြီး စစ်ကြောင်းတွေလာထိုးတယ်။ ထိတွေ့တိုက်ပွဲဖြစ်တယ်။ မြို့နားတော့မရောက်ဖူး အခုကတော့ အလုံးအရင်းနဲ့ လေကြောင်းကော ကြည်းကြောင်းကော ပေါင်းပြီးတော့မှ ဝင်စီးတာပေါ့။”

စစ်တပ်ဟာ လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာမဟုတ်ဘဲ သယ်ယူပို့ဆောင်ရေး ဟယ်လီကော်ပတာပေါ်ကနေ လက်ပစ်ဗုံးတွေကို စနက်တံဖြုတ်ပြီး ကြဲချတာဖြစ်ပြီး ပျက်စီးဆုံးရှုံးတဲ့ အဆောက်အဦး အရေအတွက် အတိအကျ မသိရသေးဘူးလို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် စစ်တပ်အာဘော်တွေ အမြဲဖော်ပြနေတဲ့ စစ်တပ်ထောက်ခံတဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ရွှေပြည်အေးမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ပြီလို့ ရေးသားနေကြပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နဲ့ ဟုမ္မလင်းမြို့ကြား ချင်တွင်းမြစ်ဘေးမှာတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အခြာကျတဲ့ ရွှေပြည်အေးမြို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နောက်ဆုံး အပတ်ထဲမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေ မြို့ကိုထိန်းချုပ်ပြီး ၁ လအကြာ ဒီဇင်ဘာလ နောက်ဆုံး အပတ်မှာလည်း မြို့ကို ပြန်လည် သိမ်းပိုက်ဖို့ စစ်တပ်ဘက်က ထိုးစစ်ဆင်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန် ခဲ့ပြီးတဲ့နောက် စစ်တပ်ဘက်က ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး အခုတကြိမ်မှာတော့ ရှမ်းနီအမျိုးသားတပ်နဲ့ ပူးပေါင်းပြီး တကျော့ပြန် ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။

ဒါက စစ်ကိုင်းတိုင်းထဲက ရွှေပြည်မြို့ အခြေအနေတွေပါ။ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲမှာဆိုရင်လည်း စစ်တပ်ဘက်က နေအိမ်တွေမီးရှို့ခဲ့တာတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဇန်နဝါရီ ၂၈ ရက်ညနေပိုင်းမှာ ရေစကြို ရေလယ်ကျွန်းအနီးက ကြူရွာကို မီးရှို့သွားခဲ့ပြီး သက်ကြီးဖိုးဖွား ၂ ဦး နေအိမ်တွေထဲမှာ မီးလောင်သေဆုံးခဲ့ရပါတယ်။ ကြူရွာမီးရှို့ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ဝေကြီးက အခုလို ပြောပြပါတယ်။

“မီးဝင်ရှို့သွားတာပေါ့။ ပြူစောထီးတွေနဲ့ စစ်တပ်ပေါင်းထားတဲ့အဖွဲ့ပေါ့။ (အင်အား) ၃၀-၄၀ လောက်တော့ ရှိမယ်ထင်တယ်။ ရွာက အိမ်ခြေ ၂၀၀ ကျော် ၃၀၀ နီးပါးလောက်တော့ ရှိမှာပေါ့နော်။ အကုန်လုံးနီးပါးတော့ ပါသွားတယ်ပြောတယ်။ အိမ်ခြေအတိအကျတော့ ကျွန်တော်တို့ စီစစ်နေတုန်းပဲ။ မရှောင်နိုင်တဲ့ အသက်ကြီးတွေ ဖြစ်မယ်ထင်တယ်။ မီးလောင်ပြင်ကနေ မီးထဲကနေ Dead Body ၂ ခုတွေ့တယ်ပေါ့။”

ကြူရွာမီးရှို့ခံရတဲ့နေ့မှာပဲ ကြူရွာနဲ့ ၂ မိုင်နီးပါးဝေးတဲ့ ဧရာဝတီမြစ်ဘေးက ဆင်မရဲကျေးရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး မီးရှို့ခံရတဲ့ကြူရွာမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့လည်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ကြူရွာကိုမီးရှို့ပြီးတဲ့နောက်မှာ စစ်တပ်ဟာ ရေစကြိုမြို့ပေါ်ကို ပြန်လည်ဆုတ်ခွါသွားပြီး နေအိမ်တွေမီးလောင် ဆုံးရှုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG