သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင်မြို့အနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုရှိ


ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တဦး သေဆုံးပြီး ၂ဦးထိခိုက်ခဲ့သလို နောင်ထော်ရွာ တရွာလုံးနီးပါး ဆီဆိုင်မြို့ကို တိမ်းရှောင်နေရပါတယ်။ လက်ရှိအချိန်မှာ ပအိုဝ်းပြည်သူစစ်နဲ့ စစ်ကောင်စီက တဘက်၊ PNLO က တဘက် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုစည်သူက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ထဲက နော်ထောဝ်ကျေးရွာကို ဒီလ ၂၂ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါ။ ဒီတိုက်ခိုက်မှုအတွင်း နောင်ထောဝ်ရွာကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်တဦးသေဆုံးပြီး ၂ဦးဒဏ်ရခဲ့ကြောင်း၊ ရွာသားတွေလည်း ဆီဆိုင်မြို့ပေါ် သွားရောက် တိမ်းရှောင်ပြီး စစ်ရေးတင်းမာနေကြောင်း ဆီဆိုင်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“၂၂ ညနေပိုင်း ၇နာရီကျော် ၈နာရီမတ်တင်းလား ။ အဲဒီမှာ ဗုံး ၄လုံးလာကြဲသွားတယ်။ ကြဲတော့ စစ်ရှောင်တဦးတော့ ဆုံးသွားတာပေါ့လေ။ နောက်ပြီးတော့ ၂ဦးဒဏ်ရာရတယ်ဗျ။ ရွာကလူအကုန်လုံး ထွက်ပြေးတယ်။ ဆီဆိုင်ထဲ ရောက်လာတယ်။ အခု ဆီဆိုင်လည်း ရုတ်ရုတ် ရုတ်ရုတ် ပြန်ဖြစ်သွားတာ။ အခု ဆီဆိုင်က လူလည်း ဟိုရွှေ့ ဒီရွှေ့လုပ်ပြန်ပြီ။ အခြေအနေက တင်းမာနေတာ။ ဒီမှာ အကုန်လုံး Stand by ဖြစ်နေကြတာ။”

နောင်ထောဝ်ကျေးရွာမှာ ကရင်နီခေါ် ကယားပြည်နယ်က ကယန်းနဲ့ ပအိုဝ်းအပါအဝင် စစ်ရှောင် တထောင်ကျော် လောက် ရောက်ရှိ ခိုလှုံနေတဲ့ ကျေးရွာဖြစ်ပါတယ်။

ဒီလ ၂၁ရက်နေ့က ဟိုပုန်းမြို့နယ် စံဖူးရွာမှာ PNLO ခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ့်ရဲ့ မော်တော်ယာဉ်တွေကို PNA ပြည်သူ့စစ်အဖွဲ့ နဲ့ စစ်ကောင်စီတပ်က စစ်ဆေးရာမှာ လက်နက်ခဲယမ်းတွေ တွေ့ခဲ့တဲ့နောက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဲဒီနောက် စစ်ကောင်စီဘက်က နောင်ထော်ရွာကို ဗုံးကြဲခဲ့တာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။
PNA ပအိုဝ်းပြည်သူ့စစ်ရဲ့ ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ PNO ခေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီက ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းကတော့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း၊ လက်နက်ခဲယမ်းတွေ တွေ့ရှိ စစ်ဆေးစဉ်မှာ PNLO အဖွဲ့က လက်နက်ခဲယမ်းတွေကို ဖျက်ဆီးပစ်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ သိရသလောက်တော့ ဒီလက်နက်ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီကနေ ညှိနှိုင်းတယ်ပေါ့နော်။ အဆင်မပြေဘူးပေါ့နော်။ အဆင်မပြေတော့ အဲဒီ အောက်က လူတွေက ပစ်ခတ်မှု ခနတော့ ဖြစ်သွားတယ်။ ဒါပေမဲ့ လူကြီးတွေက အချင်းချင်းတွေပဲ အားလုံးညှိနှိုင်းဖြေရှင်းမယ်ဆိုပြီးမှ ပြဿနာတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ နောက်ဆုံးကတော့ သူတို့ဘက်က ဒီ လက်နက်ကိုတော့ မအပ်ဘူး။ အပ်ရမယ့်အတူတူ အရှုံးခံလိုက်မယ်ဆိုပြီးမှ လက်နက်တွေအားလုံးကို မီးရှို့လိုက်တယ်။ မီးရှို့လိုက်တော့ ပေါက်ကွဲပြီးတော့မှ ဘေးပတ်ဝန်းကျင်ရှိတဲ့ အိမ်တွေအကုန်လုံး မီးလောင်သွားတာပေါ့နော်။ တိုက်ပွဲတော့ မဖြစ်ဘူးပေါ့နော်။”

နောက်ဆုံးရတဲ့သတင်းအရတော့ နေ့ခင်း ၂နာရီကျော်လောက်မှာ ဆီဆိုင်မြို့မှာ PNA ပအိုဝ်းပြည်သူစစ်နဲ့ စစ်ကောင်စီက တဘက်၊ PNLO က တဘက် တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်နေကြောင်း ဆီဆိုင်ဒေသခံက ပြောပါတယ်။

“ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်လောက် စဖြစ်တယ်ထင်တယ်။ ၂နာရီ ဝန်းကျင်လောက်ဗျ အဲဒီအချိန် စဖြစ်တယ်။ ဘယ်နေရာလဲဆိုရင်တော့ ဆီဆိုင်မြို့ရဲ့ တောင်ဘက် ပေါ့လေ။ တောင်ဘက်မှာလည်း ဖြစ်တယ်။ နောက်ပြီးတော့ ၄၂၂ တပ်ကနေ လှမ်းပြီးတော့ ပစ်တာပေါ့။ လက်နက်ကြီးနဲ့လေ။ လေကြောင်းက ခုနက ၄နာရီလောက်လားမသိဘူး။ ခုနက ချသွားတယ်။ ၄နာရီလောက်။ ဟုတ်တယ် ၄နာရီလောက် ချသွားတာ။ ”

ဆီဆိုင်မြို့က ဒေသခံတွေကတော့ ဟိုပုန်း၊ တောင်ကြီး စတဲ့မြို့တွေကို တိမ်းရှောင်ကြတယ်လို့လည်း ပြောပါတယ်။

ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရှမ်းသံတော်ဆင့်သတင်းဌာနက PNLO နဲ့ PNA ပအိုဝ်းပြည်သူ့စစ်အကြား တနေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၂၀ခန့် မီးလောင်ခဲ့သလို ကျေးရွာ ၅ရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ PNO ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းက အခုအခါမှာတော့ တိမ်းရှောင်နေတဲ့ ပြည်သူတွေ နေရပ်ပြန်လာနေသလို လိုအပ်တဲ့အကူအညီတွေကိုလည်း စစ်ကောင်စီနဲ့ PNO က တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေကြောင်း နဲ့ နောင်ထောဝ်ရွာကို လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ကိစ္စကို သေချာမသိကြောင်း ပြောပါတယ်။

ဒေသခံအချို့ကတော့ နောင်ထောဝ်ရွာမှာ PDF အဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် ဗုံးကြဲတာ ဖြစ်နိုင်ကြောင်း ပြောဆိုသလို အချို့ကPNLO အဖွဲ့ကို သတိပေးတဲ့အနေနဲ့ ဗုံးကြဲတာလည်း ဖြစ်နိုင်ကြောင်း ပြောဆိုတာ တွေ ရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဇန်နဝါရီလ ၂၀ရက်နေ့ ည ၁၁နာရီခန့်မှာ PNLO ယူနီဖောင်း ဝတ်ဆင်လာသူတွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် ၅စီးကို စစ်ဆေးရာမှာ PNLO ဘက်က သေနတ် စတင် ပစ်ဖောက်တာကြောင့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး၊ လုံခြုံရေးအဖွဲ့ဝင် အချို့ ထိခိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ PNLO အဖွဲ့က NCA အပစ်ရပ် အဖွဲ့ဖြစ်တာကြောင့် ညှိနှိုင်းဆောင်ရွက်စဉ် လက်နက်ခဲယမ်းတွေကို မီးရှို့ ထွက်ပြေးတာကြောင့် နေအိမ် ၂၇လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်းနဲ့ မော်တော်ယာဉ်တွေကို ရှင်းလင်းရာမှာ မီးလောင်ထားတဲ့ လက်နက်ငယ်မျိုးစုံ ၅၀၄လက်၊ RPG ၁၀လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ခဲယမ်းအချို့ သိမ်းဆည်းကြောင်း ဖော်ပြထားပါတယ်။

ဒေသခံတွေက ဆီဆိုင်မြို့နယ်အတွင်း NCA အပစ်ရပ် PNLO နဲ့ စစ်ရေးတင်းမာမှုတွေ ရှိကြောင်း ပြောဆိုပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး PNLO အဖွဲ့ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA အဖွဲ့ဟာ ၁၉၉၁နှစ်မှာ အပစ်ရပ်ခဲ့ပြီး နောက်ပိုင်းမှာ PNO ခေါ် နိုင်ငံရေးပါတီနဲ့ PNA ခေါ် ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/ PNLA အဖွဲ့ကတော့ ၂၀၁၅ခုနှစ်မှာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG