သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ခုံမှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပွား


ဖယ်ခုံမြို့
ဖယ်ခုံမြို့

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားရာက အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် ပြောပြပေးပါမယ်။

ဖယ်ခုံမြို့မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ပြီး နေ့ခင်းပိုင်းလောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံတချို့ ထိခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

“မနေ့က ထိတွေ့မှုဖြစ်တယ်။ ထိတွေ့ဖြစ်ပြီး ငြိမ်သွားတယ်။ နည်းနည်းကြာမှာ လေယာဉ်က သူ့ဟာသူလာကြဲသွားတာ။ လေယာဉ် နှစ်လုံးလာကြဲသွားတာ၊ ၁၂ နာရီ ၁နာရီလောက်ပေါ့ လေယာဉ် လာကြဲတယ်။ ဓမ္မသိဒ္ဒိရှေ့မှာ အဲ့ဒါ ပြည်သူလည်း ထိသွားသေးတယ်။ ပြည်သူ တစ်ယောက်လာ နှစ်ယောက်လာ အတိအကျတော့ မသိဘူး သူတို့ ပွိုင့် 5 နဲ့ ပစ်တာ ပြည်သူလည်း ထိသွားတယ်။”

ဒဏ်ရာရရှိခဲ့တဲ့ အရပ်သား အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ အသေးစိတ်အခြေအနေ မသိရသေးပါဘူး။ ဖယ်ခုံမြို့အပါအဝင် တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေမှာ ဖုန်းလိုင်း အင်တာနက်လိုင်းဖြတ်တောက်ခံနေရလို့ ဒေသခံတွေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် ၉ ရက် တည်းက ဖယ်ခုံမြို့ထဲမှာ အခုချိန်ထိ နေ့စဉ်ဆိုသလို နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေအတွင်း အရပ်သားထိခိုက်မှုရှိသလို နေအိမ်တွေလည်း ပျက်စီးကုန်ပါတယ်။ စစ်ကောင်စီတပ်စွဲတဲ့ ပတ်ဝန်းကျင်မှာ အရပ်သားနေအိမ်တချို့ ကို မီးရှို့ဖျက်ဆီးနေတာလို့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“(နေအိမ်)လုံးဝပျက်စီးသွားတာမျိုးတော့ ၅၀ လောက်တောင်ရှိမယ်ထင်တယ်။ အရပ်သားထိခိုက်တာတော့ ရှိပါတယ်။ အဲ့ရက်တုန်းက ၃၊၄ယောက်တော့ ရှိတယ် အရပ်သားပြည်သူက၊ နေအိမ်တော့ တော်တော်ပျက်စီးသွားတာပေါ့နော်။ ဒီမနေ့ကဆိုလည်း သူတို့ ထိုင်နေတဲ့ မြို့ထဲ နံဘေးအိမ်တွေဆို သူတို့အကုန်လုံးမီးလိုက်ရှို့လိုက်တယ်ပေါ့ သူတို့နေတဲ့ နေရာ ရှေ့မြင်ကွင်းကောင်းအောင်လို့ သူတို့က အကုန်လုံးမီးရှို့လိုက်တယ်လေ။”

စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ပြောဆိုမှုနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီဘက်က ဖယ်ခုံတိုက်ပွဲနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာလည်းမတွေ့ရသေးပါဘူး။ တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှု နေအိမ်ပျက်စီးမှုရှိနေပေမယ့် ဒေသမတည်ငြိမ်သေးတာမို့ အချက်အလက်တွေ စုဆောင်းလို့ မရသေးဘူးလို့ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိ ဖယ်ခုံတိုက်ပွဲကတော့လေ ကျနော် အချက်အလက်တွေ အကုန်လုံးမရသေးဘူး။ အိုးအိမ်တွေ ပျက်စီးမှုရှိတယ်။ လူထုထိခိုင်းမှု အနည်းအကျဉ်းတော့ရှိပါတယ်။ ဒါပေမယ့် အခြေခံအားဖြင့်တော့ ကျနော်တို့ အချက်အလက်တွေ မထွက်လာနိုင်သေးဘူးဟုတ်။”

တိုက်ပွဲကြောင့် မြို့ခံအများစုက ပင်လောင်းမြို့နယ်ဆီ ခိုလှုံသွားတာရှိသလို နီးစပ်ကျေးရွာတွေမှာလည်း တိမ်းရှောင်သွားတာရှိပါတယ်။ လက်ရှိ လူဦးရေ သောင်းနဲ့ချီ အိုးပစ်အိမ်ပစ် ထပ်မံ ပြေးရှောင်ကြရတာလို့ ကိုဗညားက ခုလို ပြောပါတယ်။

“လူထုတွေကတော့ မြို့ကို ရှောက်လိုက်ရတာရှိတယ်ပေ့ါနော်။ ဖယ်ခံမြို့တိုက်ပွဲ မစခင်ကတည်းက တချို့ကတော့ ရှောင်ထားတာရှိတာပေ့ါနော်။ ဒီ ၈ရက် ၉ ရက်ကတော့ စပြီးတော့မှ အခုချိန်ထိပေါ့နော် အများကြီးထပ်ထွက်လာတာရှိတယ်။ တချို့ကတော့ ပင်လောင်းထဲကိုလည်း သွားတာရှိတယ်။ တချို့ကတော့ ဖယ်ခုံအင်းရဲ့ အရှေ့ဖက်ကို ပြေးတာရှိတယ်။ တချို့ကလည်း ကျနော်တို့ ဖယ်ခုံမြို့နယ်ရဲ့ အလယ် အနောက်ဖက်ခြမ်းကိုပေါ့နော် ရွှေ့သွားတာရှိပါတယ် ဟုတ်။ လောလောဆယ် လူဦးရေတော့ ကျနော်တို့ သိသလောက်တော့ အနည်းလူဦးရေ သုံးသောင်းကတော့ စစ်ထပ်ရှောင်ရတာရှိပါတယ်ခင်ဗျ။”

စစ်ပြေးဒုက္ခသည်အများစုက ဘေးလွတ်ရာမှာ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင် ကြုံတွေ့နေရပြီး အမိုးအကာ၊ အဝတ်အထည်စတဲ့ စားရေးသောက်ရေး အကူအညီတွေ အလွန်အမင်းလိုအပ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG