သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအဝှမ်းပဋိပက္ခတွေကြား အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ကျင်းပ


ရှမ်းပြည်နယ်၊ အင်းလေးကန်မှာကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲတော်က ခြေနဲ့ခတ်တဲ့ လှေလှော်ပြိုင်ပွဲ။ (အောက်တိုဘာ ၁၉၊ ၂၀၂၃/AFP)
ရှမ်းပြည်နယ်၊ အင်းလေးကန်မှာကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲတော်က ခြေနဲ့ခတ်တဲ့ လှေလှော်ပြိုင်ပွဲ။ (အောက်တိုဘာ ၁၉၊ ၂၀၂၃/AFP)

မြန်မာနိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲမှာ အကြီးဆုံးပွဲတော်တခုဖြစ်တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ဒီနှစ်မှာ ပြန်လည် ကျင်းပခဲ့ပါတယ်။ ဒါဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပြီး လူတွေ ထောင်၊ သောင်းချီ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း နိုင်ငံတဝန်းမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံတွေဟာ အရင်လို အပြည့်အ၀ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေကြပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အင်းလေးဖောင်တော်ဦးဘုရားပွဲဟာ မြန်မာနိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲမှာ နာမည်အကြီးဆုံးပွဲတော်တွေထဲက တခုဖြစ်ပါတယ်။ ဖောင်တော်ဦးဘုရားပွဲတော်ကို ရှမ်းပြည်တောင်ပိုင်းက အင်းလေးဒေသမှာ နှစ်စဉ် သီတင်းကျွတ်ကာလရောက်တိုင်း ၁၇ ရက်ကြာ ကျင်းပလေ့ရှိပြီး ဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွါးတော် ၅ ဆူထဲက ၄ ဆူကို အင်းလေးဒေသတဝိုက်က ကျေးရွာတွေမှာ ဒေသစာရီလှည့်လည် အပူဇော်ခံတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၃ နှစ်မှာတော့ ကိုဗစ်ကပ်ရောဂါ နဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုတွေကြောင့် ဖောင်တော်ဦးဘုရားပွဲကို မကျင်းပနိုင်ခဲ့ဘဲ အခုနှစ်မှ ပထမဆုံးအကြိမ် ပြန်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက် ကြာသပတေးနေ့ကတော့ ဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွါးတော်တွေကို လှေတွေနဲ့ ပင့်ဆောင်လှည့်လည်ခဲ့ချိန်မှာတော့ အင်းလေးနဲ့ အနီးနားတဝိုက်က ဒေသခံတွေဟာလည်း အင်းရေပြင်တဝန်း လှေတွေနဲ့ လိုက်လံပြီးတော့ ဖူးမြော်ပူဇော် ခဲ့ကြပါတယ်။ အခုနှစ်ဖောင်တော်ဦးဘုရားပွဲကို ဒေသခံတွေ ထောင်နဲ့သောင်းနဲ့ချီ ဆင်နွဲခဲ့ကြပြီး၊ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ကျင်းပနိုင်ခဲ့တဲ့အပေါ် အင်းလေးဒေသခံ မဖူးပြည့်သွယ်ကတော့ အခုလို ပြောပါတယ်။

“မလုပ်တာကတော့ သုံးနှစ်ရှိပြီ။ ဒီဘက်မှာကျတော့ ပျော်တယ်။​ ဟိုဘက်မှာကျတော့ မကောင်းနေဘူး။​ အဲဒါကြောင့် ဝမ်းနည်းတယ်။​ ပျော်တာကတော့ ဒီထဲမှာ ဒီလို.. သုံးနှစ်ရှိပြီ၊ အခုမှ ပြန်လုပ်တာဆိုတော့ ပျော်တယ်။”

အင်းလေးဒေခံတဦးဖြစ်တဲ့ ဒေါ်သန်းညွန့်ကလည်း ဖောင်တော်ဦးဘုရားပွဲ ပြန်ကျင်းပနိုင်တဲ့အတွက် ဝမ်းသာနေပါတယ်။

“အခု ဒီပွဲလေးဖြစ်မယ်ဆိုတော့ ဟိုး ဖြစ်မယ်လို့ဆိုကတည်းက ကြိုပြီး ပြင်ဆင်နေကြတာပေါ့နော်။​ အဲလိုမျိုး။ ပျော်လည်းပျော်ကြတာပေါ့နော်။ ပျော်လည်းပျော်။ ကုသိုလ်လည်းရပေါ့- အဲလိုမျိုး။ ဘုရားကလည်း ကိုယ့်ဘုရားဖြစ်နေတော့..”

ဒါပေမဲ့ တဘက်မှာလည်း ၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ လူထုဆန္ဒပြပွဲတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတဝန်းမှာဖြစ်ပေါ်နေပြီး၊ ထိခိုက်၊ သေဆုံးသူတွေ အများအပြားရှိနေချိန်မှာ ကျင်းပရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိတယ်လို့ မဖူးပြည့်သွယ်က ပြောပါတယ်။

“အားလုံးကိုတောင်းပန်တယ်...လို့။ ဒီဟာကလည်း နှစ်စဥ် အခုမှ ပြန်ကျင်းပရတာ။ သုံးနှစ်ရှိပြီဆိုတော့။ သမီးတို့ကလည်း တခြား စစ်ဖြစ်နေတဲ့သူတွေကို ဝမ်းနည်းတယ်-လို့။ သမီးတို့ တောင်းပန်တယ်လို့။ ဒီလို ပွဲလုပ်ရတာလည်း မဖြစ်မနေမို့လို့...သုံးနှစ်ရှိပြီ၊ နားထားတာမို့လို့။​ အားလုံးကို တောင်းပန်ပါတယ်လို့။”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ စာရင်းအရတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲအတွင်း သေဆုံးသူဦးရေဟာ ၄,၁၀၀ ကျော်သွားပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ စာရင်းတွေဟာ ချဲ့ကားပြောဆိုတာတွေဖြစ်တယ်လို့ ဖော်ပြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲက နန့်နိန်းရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀ လောက် အသတ်ခံခဲ့ရပါတယ်။

ရှမ်း ကယားနယ်စပ်က ဒေသခံပြည်သူတွေ ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ ပင်လောင်း ဖယ်ခုံ မိုးဗြဲစတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပေမယ့် အင်းလေးဒေသ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက နေရာ အတော်များများ တိုက်ပွဲတွေမရှိဘဲ ငြိမ်သက်နေခဲ့တာပါ။ နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် မငြိမ်မသက်ဖြစ်နေတဲ့နေရာတွေမှာ အမြန်ဆုံးငြိမ်းချမ်းဖို့ ဆုတောင်းပေးနေတယ်လို့ ဒေါ်သန်းညွန့်က ပြောပါတယ်။

“သူတို့အတွက်လည်း ကုသိုလ်တွေအတူတူလုပ်ထားတော့ အားလုံးအတွက် ဆုတောင်းပေးပါတယ်လို့။ အမြန်ဆုံး သူတို့ငြိမ်းချမ်းပြီးတော့ ကိုယ်တွေလိုပဲ ဒီလို ပျော်ရွှင်နိုင်ဖို့ပေါ့။ ကုသိုလ်တရားတွေနဲ့ပျော်နိုင်ဖို့အတွက် ဆုတောင်းပေးနေတယ်လို့။”

၂၀၁၁ က ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်ခဲ့ချိန်ကစပြီး မြန်မာနိုင်ငံကို ကမ္ဘာတလွှားက ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား လာရောက်ခဲ့ပေမယ့် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားဦးရေလည်း သိသိသာသာကျဆင်းသွားခဲ့ပါတယ်။

ညောင်ရွှေဒေသက ဟိုတယ်တခုဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားမရှိတာကြောင့် သူတို့ဆီမှာရှိတဲ့ ဝန်ထမ်း ၈၀ % အထိ လျှော့ချလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ ဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။

အင်းလေးဒေသဟာ မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာရောက်တဲ့ဒေသတွေထဲကတခုဖြစ်ပြီး အင်းလေးဒေသခံတွေရဲ့ ခြေထောက်နဲ့ လှေလှော်တဲ့ဟန်တွေ နဲ့ ကျွန်းမျောတွေက ဒီဒေသရဲ့ အဓိက စိတ်ဝင်စားစရာတွေပဲ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ အခုလို ဖောင်တော်ဦးဘုရားပွဲကို ပြန်ကျင်းပနိုင်တဲ့အတွက် ဝမ်းသာနေကြပြီး အင်းလေးဒေသမှာ အရင်လို ခရီးသွားတွေနဲ့ စည်ကားလာဖို့ မျှော်လင့်နေကြသလို တဘက်မှာလည်း နိုင်ငံတဝန်းမှာ အမြန်ဆုံးငြိမ်းချမ်းဖို့ မျှော်လင့်နေကြပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG