သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာမြို့နယ်မှာ စစ်တပ်က ရွာတွေမီးရှို့၊​ အရပ်သားတွေ သတ်ဖြတ်


မတ္တရာမြို့
မတ္တရာမြို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းနဲ့ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။ ၂၂ ရက်နေ့ကလည်း မေမြို့အဝင် ဝက်ဝံဂိတ်မှာ မတ္တရာမြို့နယ်ကလာတဲ့ ဒေသခံ လင်မယား ၂ဦးကို ဖမ်းဆီးပြီး ယောကျ်ားဖြစ်သူကို ရိုက်သတ်ခဲ့ပြီးတော့ အမျိုးသမီးကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ကာကွယ်ရေး အဖွဲ့တွေကပြောပါတယ်။ အလားတူ ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာကို ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ခဲ့သလို ဒေသံခံတချို့လည်း ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအလိမ္မာ က ပြောပြပါမယ်။

မတ္တရာမြို့နယ် ရေနံ့သာ ရဲစခန်းက စစ်ကောင်စီတပ်တွေက အင်အား ၇၀ ဝန်းကျင်လောက်နဲ့ ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီဝန်းကျင်လောက်မှာ အနီးနားက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဖက်က ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းက အင်းတခါးနဲ့ သပြေချောင်ကျေးရွာဖက်ကို ပြန်ထွက်လာတဲ့အချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံက VOA ကို ပြောပါတယ်။

“မတ္တရာမြို့နယ် ရေနံ့သာမှာ ရဲစခန်းရှိတယ်လေ၊ အဲ့ဒီရဲစခန်းကနေမှ အင်အား ၇၀ ဝန်းကျင်လောက်က ကျွန်တော်တို့ မတ္တရာမြို့နယ် ကြိုးကြာကန်၊ မှော်နီကုန်း၊ အင်းတခါး၊ သပြေချောင်စတဲ့ ကျေးရွာတွေဖက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာရှိတယ်။ မနက် ၇ နာရီလောက်မှာတော့ စကစ က မှော်နီကုန်းကျေးရွာက အိမ်ခြေ ၃၀ လောက်ကို မီးရှို့ဖျက်ဆီးတာ ရှိပါတယ်။ ပြီးတော့ အင်းတခါးကျေးရွာမှာ ဆိုရင်လည်း စကစ က မီးရှို့ဖျက်ဆိးခဲ့တာ နေအိမ် ၂ လုံးပေါ့ အဲ့မှာလည်း မီးရှို့ဖျက်ဆီးခဲ့တာ ရှိပါတယ်ဗျ။ မနေ့က ၂၃ ရက်နေ့မှာဆိုရင် စကစက မှော်နီကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးတဲ့ အချိန်မှာ ဒီဖက် အင်းတခါးနဲ့ သပြေချောင်ကျေးရွာဖက်ကို ဦးတည်ပြီး ပြန်ထွက်လာတဲ့အချိန်မှာ မတ္တရာမြို့နယ် ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စကစနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တာတော့ ရှိတယ်ဗျ။”

စစ်ဘေးရှောင် ၁၀၀၀ လောက်အတွက် နေထိုင်စားသောက်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို မြို့နယ် ပကဖ အဖွဲ့တွေက တာဝန်ယူ ဆောင်ရွက်ပေးနေကြတယ်လို့ ပြောပါတယ်။ မတ္တရာမြို့နယ်က ဒေသခံ လင်မယား ၂ ဦးကိုလည်း ဇန်နဝါရီ ၂၂ ရက်နေ့က မေမြို့အဝင် ဝက်ဝံစစ်ဆေးရးဂိတ်မှာ စစ်ကောင်စီတပ်တွေ ဖမ်းဆီးစစ်ဆေးရာကနေ အမျိုးသားဖြစ်သူ သေဆုံးပြီး အမျိုးသမီးကိုလည်း ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“မေမြို့အဝင် ဝက်ဝံစစ်ဆေးရေး ဂိတ်မှာ ကျွန်တော်တို့ မတ္တရာမြို့နယ် ဆင်ရွာက လင်မယား ၂ ယော် ဖမ်းဆီးခံရတယ်၊ အသက် ၃၀ ဝန်းကျင်မှာရှိတယ်။ အဲ့ဒီလင်မယားက ရှမ်းမြောက်မှာ ကြံခုတ်ပြီး ပြန်လာကြတဲ့ လင်မယားလို့ သိရတယ်။ အဲ့မှာ ဝက်ဝံဂိတ်မှာ ယောက်ျား ဖြစ်သူရဲ့ ဖုန်းကိုစစ်လိုက်တဲ့အချိန်မှာ PDF တွေနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံတွေမိသွားတယ်လို့ သိရတယ်။”

စစ်ကောင်စီကတော့ မတ္တရာမြို့နယ်အတွင်း သူတို့တပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွာသာယာကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး မြစ်ကမ်းအနီးက ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ welet informational network ရဲ့ တာဝန်ခံက ပြောပါတယ်။

“ဇန်နဝါရီ ၂၄ မနက်ပိုင်းမှာ စကစ အင်အား ၁၄ ယောက်လောက်နဲ့ ပြည်သူတွေ အိပ်မောကျတဲ့အချိန်ကို စက်လှေတစ်စီးနဲ့ စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာပြီးတော့ ဝက်လက်မြို့နယ္အရှေ့ခြမ်း ရေလည်မော်ကျေးရွာထဲကို လက်နက်ငယ် စက်သေနတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့မှ ရွာထဲကို ဝင်လာတယ်။ ၄ နာရီဝန်းကျင်လောက်မှာစပြီးတော့ မီးရှို့တယ်၊ ၅ နာရီခွဲ ၆ နာရီလောက်မှာ ပြန်ပြီးတော့ ထွက်သွားတယ်။ ပြန်ထွက်တဲ့အခါမှာ ပြည်သူပိုင်ပစ္စည်းတချို့ကို သူတို ရိက္ခာအဖြစ် ယူသွားတယ်။ အဲ့ရွာမှာ အိမ်က မီးရှို့ခံရတာက ၁၃ လုံးခန့် ဆိုင်ကယ်က ၄ စီးဗျ။ (ဒေသခံ) တချို့ကို ဖမ်းမိတယ်ဗျ၊ ဖမ်းမိပြီးတော့ပြန်လွတ်ခဲ့တယ်လို့ ကြားတယ်ဗျ၊ ကျွန်တော်တို့ သိသလေောက်တော့ ၅ ယောက်လောက် ဖမ်းမိတယ်ဗျ။”

ရေလည်မော်ကျေးရွာက မကြာခဏ စစ်ကြောင်းထိုး မွှေနှောက်ခံနေရတဲ့ ကျေးရွာဖြစ်တာကြောင့် ဒေသခံ အတော်များများက ကျေးရွာအတွင်းမှာ မနေဘဲ စစ်ဘေးရှောင်နေကြတဲ့ ရွာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ၊ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကောလင်း မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း အတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတာပါ။ စစ်ကောင်စီကတော့ ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

XS
SM
MD
LG