သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူ ကာဘိုးကျေးရွာစစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်


စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း (Photo: C J)
စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း (Photo: C J)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအထိုင်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၅ ဦးကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကာဘိုးရွာကို အလုံးစုံ မသိမ်းနိုင်ခဲ့ပေမယ့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး လက်နက်အများအပြား ရရှိခဲ့တယ်လို့လည်းပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဇန်နဝါရီ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေရဲ့ အထိုင်စခန်းဖြစ်တဲ့ အင်အား ၅၀ ဝန်းကျင်ရှိနေတဲ့ ကာဘိုးကျေးရွာက စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြ တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ကာဘိုးရွာထဲက စစ်ကောင်စီအထိုင်ချရာ နေရာ ၄ ခုကို တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီးလက်နက် အမြောက်အများရခဲ့သလို စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရတာတွေလည်း များတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ စစ်ကောင်စီအထိုင်ချရာ နောက်ဆုံးတနေရာကို တိုက်ခိုက်ချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ၅ ဦး ကျဆုံးခဲ့ပြီးတော့ တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။

“အကုန်လုံးသိမ်းနိုင်တော့ နောက်ဆုံး ဘန်ကာတလုံးကျန်တဲ့အချိန်မှာ ကျနော်တို့ RPG နဲ့ထုတာ RPG ၄ လုံးနဲ့ ထုတာကို မကွဲတာ။ အဲ့တော့ ကျနော်တို့ဘက်က တက်ပစ်မယ့်အချိန်မှာ ဟိုဘက်ကပစ်လိုက်တော့ ကျနော်တို့ဘက်က တန်းစီပြီးမှန်သွားတာ။ မသိမ်းနိုင်လိုက်ဘူးဆိုတာက ကိုယ်ဘက်က ရဲဘော်တွေလည်း ကျတဲ့အတွက် ဘန်ကာတလုံး ကျန်ခဲ့တယ်ပေါ့၊ ကျန်တာတော့ အကုန်သိမ်းနိုင်ခဲ့ပါတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီးရခဲ့တယ်ပေါ့၊ ကံမကောင်းစွာနဲ့ ကိုယ့်ဘက်က ရဲဘော်တွေတန်းစီပြီးကျတော့ ပြန်ဆုတ်ခဲ့ရသလို ဖြစ်သွားတာ။ ရဲဘော် ၅ ယောက်လုံးထိ ၅ ယောက်လုံးကျပဲဗျ။”

တိုက်ပွဲအပြီး ၂၆ ရက်နေ့ မနက် ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းက အင်အား ၁၀၀ ကျော်လောက်က ကာဘိုးအထိုင်စခန်းကို လာရောက်အင်အားဖြည့်ထားတယ်လို့ ကာကွယ်ရေး အဖွဲ့ဝင်က ပြောပါတယ်။ ဒီတိုက်ပွဲမှာ ရွှေဘိုတပ်ရင်းတပ်ဖွဲ့တွေ၊ ကန့်ဘလူ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖ တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းမှာလည်း ကန့်ဘလူနယ်ထဲကို ဝင်လာတဲ့ စစ်ကား ၂၇ စီး အင်အား ၅၀၀ ကျော် ဝန်းကျင်လောက်ကို ကာကွယ်ရေးတပ်တွေဘက်က ဘုတ်ကြီးကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးတော့ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် အနီးဝန်းကျင်က ငါးကန်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံ ၂ ဦးသေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“ကားနဲ့ကြိုတာ ကားက အားလုံးပေါင်း ၂၇ စီးပေါ့။ အဲ့ဒါကို ကန့်ဘလူမြို့နယ် ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတဲ့အခါ သူတို့က ကားပေါ်ကနေ ရမ်းသမ်းပစ်သွားတာပေါ့။ ပြည်သူ ၂ ဦးသေသွားတာပေါ့ဗျာ။ သူတို့က ငါးကန်မှာ စောင့်နေတာ။ မိုင်းခွဲတော့ စကစ က ရမ်းပစ်တော့ မှန်ပြီးတော့ သေသွားတာ။ အင်အားက သူတို့က အကျဥ်းသားတွေရောပါတယ်တဲ့ မန္တလေးက အကျဥ်းသားတွေရော၊ အကျဥ်းထောင်ကသူတွေနဲ့ သူတို့ စကစတွေနဲ့ ကျနော်ခန့်မှန်းတာ အင်အားက ၆၀၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ၊ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတာပါ။ စစ်ကောင်စီကတော့ ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

XS
SM
MD
LG