သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနယ်က စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်


မီးရှို့ဖျက်ဆီးခံခဲ့ရသည့် သရက်ခေါင်းရွာ မြင်ကွင်း (ဇန်နဝါရီ ၁၁၊ ၂၀၂၄)
မီးရှို့ဖျက်ဆီးခံခဲ့ရသည့် သရက်ခေါင်းရွာ မြင်ကွင်း (ဇန်နဝါရီ ၁၁၊ ၂၀၂၄)

ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး တပ်ဖွဲ့တွေ အထိုင်ချထားတဲ့စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို စခန်းမှာရှိတဲ့ လက်နက် ခဲယမ်း တချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေက တင်ငုတ်ကြီး ကျေးရွာအနီးက ရွာ ၃ ရွာကို မီးရှို့ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ် တင်ငုတ်ကြီး ကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ဇန်နဝါရီ ၁၁ ရက်၊ မနေ့ မနက် ၂ နာရီဝန်းကျင်မှာ အမှတ် (၁) စစ်ဒေသ ကန့်ဘလူခရိုင်ကွပ်ကဲရေး ဦးဆောင်မှုနဲ့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့နဲ့ မြို့နယ် ရပ်ကျေး ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး သေနတ် ၁၄ လက်နဲ့ လက်နက်ခဲယမ်း ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တင်ငုတ်ကြီး ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့က ပစ်ဖို့ စိတ်ကူးမရှိဘူး၊ သူတို့ လက်နက်ချမယ်ဆိုရင် ကျွန်တော်တို့လည်း မပစ်ဘူးပေါ့ဗျာ။ မလှုပ်နဲ့ ဆိုတဲ့အချိန်မှာ မတ်တပ်ထရပ်တာ တစ်ယောက်က အဲ့အချိန်မှာ ကျွန်တော်တို့ ပစ်လိုက်ရတာပေါ့ဗျာ၊ အခုလောလောဆယ်ကတော့ (တင်ငုတ်ကြီးရွာမှာ) အင်အား ထပ်ဖြည့်ထားတယ်ဗျ၊ အခုလောလောဆယ်ကတော့ အင်အား ၅၀ လောက်ဗျ။ ကျွန်တော်တို့ တိုက်တဲ့အချိန်ကတော့ ၂၀ ကျော်လောက် ရှိတယ်ဗျ။ ကျွန်တော်တို့ဘက်က တော်လှန်ရေး အဖွဲ့အစည်းအကုန်ပေါ့ဗျာ၊ ပကဖ အကုန်၊ တော်လှန်ရေး အင်အားစုအကုန် ညီနောင်တွေ ပေါင်းပြီးတော့ တိုက်တာဗျ။”

တင်ငုတ်ကြီးကျေးရွာအထိုင်စခန်းကို တိုက်ခိုက်ဖျက်ဆီးပြီးတဲ့နောက် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းက စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်းခွဲပြီး တင်ငုတ်ကြီးကျေးရွာနဲ့ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ကိုးမြို့၊ တောင့်တည်းကုန်းနဲ့ သရက်ခေါင်း ကျေးရွာတို့ကို မီးရှို့ခဲ့ကြတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

“နေ့လယ် ၁၂ လောက်မှာ ကိုးမြို့ ရွာကို စပြီး မီးရှို့တာဗျ၊ ဒန်းပင်ရွာကကောင်တွေ(စကစ)ကကျတော့ တောင်တည်းကုန်းရွာကို မီးရှို့တာဗျ၊ ပြီးမှ နှစ်ကြောင်းက ပြန်ပေါင်းပြီးတော့ ၁ နာရီခွဲလောက်ကျတော့ သရက်ခေါင်းကို ထပ်ပြီးတော့ မီးရှို့သွားတယ်ဗျ။ ကိုးမြို့ကတော့ တော်တော့ကို များတယ်ဗျ၊ များတယ်ဆို ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းပဲ မြင်ရတော့တာဗျ၊ ကျွန်တော်တို့ ဒရုန်းနဲ့ ဝဲပြီးကြည့်တဲ့အခါမှာ။”

စစ်ကောင်စီအထိုင်စခန်းနဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေအနီးမှာရှိတဲ့ ကိုးမြို့၊ သရက်ခေါင်း စတဲ့ ကျေးရွာတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မကြာခဏ မီးရှို့ခံရတဲ့ ကျေးရွာတွေဖြစ်ပြီး လက်ရှိမှာတော့ ရွာအတွင်းမှာ နေအိမ်တွေ မရှိသလောက် ဖြစ်ကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

တင်ငုတ်ကြီးကျေးရွာ တိုက်ပွဲအပြီး စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေကြောင့် ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ တောင့်တည်းကုန်း၊ ဖလံချိုင်၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်း၊ ဘိုတည်းကုန်း စတဲ့ ကျေးရွာ ၉ ရွာလောက်က ဒေသခံ ၁၀,၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေကြရတယ်လို ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ် အင်အား ၁၅၀ ဝန်းကျင်နဲ့ ကန့်ဘလူတောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်လာပြိး နတ်အင်း ကျေးရွာအနီးမှာရှိတဲ့ စစ်ရှောင်တဲ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ရှောင်ဒေသခံ ၂ ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ ကန့်ဘလူ KB 3 တာဝန်ခံ ကိုဇော်က ပြောပါတယ်။

“၉ ရက်နေ့က ကန့်ဘလူတောင်ဖက်ခြမ်း တိုက်နယ်ထဲမှာပေါ့ နတ်အင်းဖက်ကနေ ခလရ ၁၅၂ နဲ့ (ခမရ) ၃၆၁ နဲ့ ပေါင်းပြီးတော့ တပ်ပေါင်းစု ပေါင်းပြီးတော့ ပျူစောထီး တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကြောင်း ၂ ကြောင်း ခွဲထိုးလာပြီးတော့ ရှားတော တောတိုက်မှာ ပြည်သူ့တဲ အလုံး ၃၀ ကျော် မီးရှို့ပြီးတော့ ပြည်သူ ၂ ဦးကို သတ်သွားတယ်ဗျ။ သေသွားတဲ့ ယောက်ျားလေးကတော့ ရွာမရွာက၊ မိန်းကလေးကတော့ အသက်ကြီးပြီ ၇၀ ဝန်းကျင်၊ သူကတော့ ထိန်တောရွာက။”

ထိန်တော၊ ရွာမ၊ အင်းလယ်ကြီး၊ တပင်၊ တင်ငုတ်ကြီး၊ သင်ပေါင်းကျင်း၊ စတဲ့ ကျေးရွာက စစ်ဘေးရှောင်တွေက နတ်အင်းရွာနဲ့ မီတာ ၁,၀၀၀ ခန့်မှန်း အကွာအဝေးလောက်မှာ တဲတွေနဲ့ နေထိုင်ပြီး စစ်ဘေးရှောင်နေကြတာ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကာကွဘ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့က စစ်ဘေးရှောင်တွေရှိရာကို စစ်ကြောင်းထိုးပြီး စစ်ရှောင်တဲတွေကို မီးရှို့ခဲ့တာကြောင့် အဲ့ဒီနေရာမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၂၀ ဝန်းကျင်လောက်ဟာ နောက်ထပ် နေရာရွှေ့ပြောင်းပြီး စစ်ရှောင်နေကြရပြန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG