သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေဦးတာ်လှန်ရေးအရှိန်အဟုန်နဲ့ဆက်စပ်နေတဲ့ နိုင်ငံတကာထောက်ခံမှု


ဗွီအိုအေ စတူဒီယိုမှာ VOA ဒေါ်အင်ကြင်းနိုင်က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့ဆုံမေးမြန်း
ဗွီအိုအေ စတူဒီယိုမှာ VOA ဒေါ်အင်ကြင်းနိုင်က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့ဆုံမေးမြန်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့တော်လှန်ရေးမှာ စစ်ကောင်စီက စစ်ရေးအရ ကျရှုံးနေတယ်ဆိုတာ အမေရိကန်အပါအဝင် နိုင်ငံတကာက လက်ခံလာနေတာ တွေ့ရကြောင်း အမေရိကန်ပြည်ထောင်စုက ခေတ္တရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကိုပြောပါတယ်။ NUG ကို မြန်မာအစိုးရအဖြစ် အမေရိကန်ဘက်က တရားဝင်အသိအမှတ်ပြုနိုင်ခြေ ရှိမရှိ၊ ဝန်ကြီးဒေါ်ဇင်မာအောင်ကို ဗွီအိုအေ စတူဒီယိုမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ဆက်ဆံရေးအပိုင်းကို မေးရမယ်ဆိုရင် အဓိကနှစ်ပိုင်းပေါ့။ အထူးသဖြင့် အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးမှာ လက်ရှိ NUG ဦးဆောင်ပြီး‌တော့ ခုခံ‌တော်လှန်ရေး၊ အခုဆိုရင် နယ်မြေ‌တွေ တော်တော်များများကိုလည်း NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့‌တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌‌တွေ သိမ်းပိုက်လာနိုင်တဲ့ အခြေအနေ‌ပေါ် အ‌မေရိကန်အစိုးရရဲ့ သဘောထား ဘယ်လို‌တွေ့ရပါသလဲရှင့်။

ဒေါ်ဇင်မာအောင် ။ ။ အဓိကတော့ စစ်ရေးအရ စစ်‌ကောင်စီက ဘယ်လိုမှ လူထုခုခံတွန်းလှန်စစ်မှာ ကျရှုံး‌နေတာကို အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာက ပိုပြီး‌တော့ သဘော‌ပေါက်လာကြတယ်။ တစုံတဘက်မှာလည်း စစ်ရေး ‌Agenda ပြီးရင် ကျမတို့မှာ ဘယ်လို နိုင်ငံရေး Agenda ရှိသလဲဆိုတဲ့ မေးခွန်းတွေတော့ နိုင်ငံတကာမှာ ဖြစ်ပါတယ်။ ဆိုတော့ အ‌မေရိကန်ပြည်‌ထောင်စုအနေနဲ့လည်း ဒီမေးခွန်းကို ကျမတို့အ‌ပေါ် ထုတ်‌လေ့ရှိပါတယ်။ အဓိက ပြောရမယ်ဆိုရင်‌တော့ ပိုစိတ်၀င်‌စားလာတယ်။ ဒါပေမဲ့ ဒီတော်လှန်‌ရေးအလွန်ကာလမှာ ကျမတို့ Political Agenda, Political Roadmap ဘယ်လိုပုံစံမျိုး ရှိလဲဆိုတဲ့ သိလိုစိတ်။ ဒီမေးခွန်းမျိုးကိုတော့ အမေရိကန်ပြည်ထောင်စုဘက်က မကြာခဏ မေးလေ့ရှိပါတယ်။

မေး ။ ။ မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံခြားရေးဌာနကနေ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ထုတ်ပြန်တဲ့အခါမှာ သူတို့ NUG, PDF တို့ကို အကြမ်းဖက်အဖွဲ့ဆိုပြီး နောက်ဆက်တွဲအစီရင်ခံစာထဲမှာ, ‌နောက်ဆက်တွဲ information ပါသွားတဲ့အပေါ်ကို ပယ်ဖျက်ပြီး‌တော့ ဒါက သူတို့ရဲ့ အမေရိကန်နိုင်ငံခြား‌ရေးဌာနရဲ့ မူ၀ါဒမဟုတ်ပါဘူးဆိုပြီး တရား၀င်‌‌ကြေညာခဲ့တယ်။ အဲဒီ‌တော့ NUG ပေါ်မှာ အခုလက်ရှိ အမေရိကန်အစိုးရဘက်က တရား၀င်‌အစိုးရအဖြစ် အသိအမှတ်ပြုလာနိုင်မယ့်အခြေအ‌နေက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အ‌မေရိကန်နိုင်ငံခြား‌ရေး၀န်ကြီးဌာနကို ကန့်ကွက်စာ ‌ပေးပို့ခဲ့ပါတယ်။ အဲဒီတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အ‌မေရိကန်ပြည်ထောင်စုအနေနဲ့တော့ မြန်မာပြည်ပေါ်ထားတဲ့ သဘောထား၊ ဒီ‌‌တော်လှန်‌ပေါ်ထားတဲ့ သဘောထား။ အထူးသဖြင့် ဒီမိုက‌ရေစီလှုပ်ရှားမှုအ‌ပေါ်ထားတဲ့ မူ၀ါဒအပြောင်းအလဲ မရှိပါဘူး။ ဒီထုတ်ပြန်ချက်ကလည်း အစိုးရရဲ့ မူဝါဒ မဟုတ်ဘဲနဲ့ Research လုပ်တဲ့ အစုအဖွဲ့ရဲ့ မူဝါဒမှာပဲ ဖြစ်ပါတယ်။ ဒါကိုလည်း သူတို့ပြန်ပြီး‌‌တော့ Fix လုပ်နေပါတယ်ဆိုပြီးတော့ အဲဒီတုန်းက အကြောင်းပြန်ခဲ့တာ ရှိပါတယ်။ ‌ပြောရမယ်ဆိုရင်တော့ ဒီလိုမျိုး ထုတ်ပြန်လိုက်တဲ့ဟာသည် အမေရိကန်ပြည်‌ထောင်စုရဲ့ မြန်မာပြည်ပေါ်ထားတဲ့ နိုင်ငံခြား‌ရေးမူဝါဒကို - နိုင်ငံခြားရေးမူဝါဒ ‌ပြောင်းလဲလို့ဖြစ်တာမဟုတ်ပါဘူး - အရင်မူဝါဒအတိုင်းပဲ ရှိနေပါတယ်ဆိုပြီးတော့ ကျမတို့နဲ့ ဆက်သွယ်‌ပြောဆိုထားတာ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုနေတာ အ‌မေရိကန်အစိုးရကို ထောက်ပြပြောဆိုနေတာတွေလည်း ရှိတယ်ဆိုတော့ အဲဒီအလားအလာတွေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ကျမကတော့ သိပ်မြင်သေးဘူး ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့။ ဥပမာ တခြားသော နိုင်ငံရေးအင်အားစုတွေ Opposition တွေကို ဆက်ဆံဆောင်ရွက်သလိုမျိုးပဲ။ ဆို‌တော့ ဒီနိုင်ငံတွေမှာ မူဝါဒတွေ ရှိပါတယ်။ အစိုးရကို ဆက်ဆံတာ မဟုတ်ဘူး။ နိုင်ငံကို ဆက်ဆံတာဆိုတဲ့ဟာမျိုး။ Recognization နဲ့ ပတ်သက်လိုဆိုရင်လည်း ကျမတို့ အစိုးရဆိုတဲ့ အသုံးအနှုန်းထက် NUG ဆိုလည်း NUG လို့ပဲ သုံးတယ်။ နောက်ပြီးတော့ Representative လို့ပဲ သုံးတယ်။ အစိုးရအနေနဲ့ မသုံးလာသေးပါဘူး။ ‌ပြောရမယ်ဆိုရင်တော့ ကျမတို့က ဒီကြားထဲမှာ Official Engagement လုပ်တယ်ဆိုတာက နိုင်ငံတကာဥပ‌‌ဒေ‌တွေအရကော၊ နှစ်နိုင်ငံ ဆက်ဆံရေး ပုံ​သ​ဏ္ဌာန်​ Dynamic ကြီးကိုပါ အကြီးအကျယ် ‌ပြောင်းလဲသွားနိုင်တဲ့ အခင်းအကျင်း ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက‌တော့ တော်‌တော်နဲ့ အ‌မေရိကန်အစိုးရအ‌နေနဲ့ ဖြစ်လိမ့်အုံးမယ်လို့ မထင်ဘူး။ ဒါတွေအားလုံးကလည်း ကျမတို့ ‌မြေပြင်‌ပေါ်မှာ ကျမတို့ ဘယ်လောက်အလုပ်လုပ်နိုင်လဲ။ လူထုနဲ့ ကျမတို့ကြား ဘယ်လိုအ‌နေအထားရှိလဲ။ ‌တော်လှန်‌ရေး‌ပေါ်မှာပဲ ပြန်ပြီး‌တော့ မူတည်‌နေတာပေါ့။ ဆို‌တော့ နိုင်ငံတကာရဲ့ ထောက်ခံမှုဆိုတာလဲ ပွင့်ပွင့်လင်းလင်း ပြောရရင်‌တော့ ကျမတို့လူထုနဲ့ ကျမတို့တော်လှန်‌ရေး မြေပြင်‌ပေါ်မှာ ဖြစ်ပေါ်လာတဲ့ အောင်မြင်မှုတွေပေါ်ပဲ မူတည်ပြီးတော့ ပြောင်းလဲလာတာ ဖြစ်ပြီး‌တော့ ကျမတို့ဘက်က ကြိုးစားအားထုတ်မှု၊ ကျမတို့ အောင်မြင်မှု မရှိဘဲနဲ့ သူတို့ဘက်ကလည်း အသိအမှတ်ပြုလာမယ်လို့ ကျမတော့ မ‌မျှော်လင့်ဘူး။ တချက်ပဲ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ကျမတို့ကို Officially engagement လုပ်ဖို့‌တော့ လိုတယ်။ အဲဒါကိုတော့ ဆက်လက်ပြီး ‌တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ Officially engagement ကို ဒီထက်ပိုပြီးတော့ မြှင့်တင်သွားဖို့တော့ လိုသေးတယ်လို့ ကျမတော့ မြင်ပါတယ်။

မေး ။ ။ နောက်တချက်က‌တော့ အခု အ‌မေရိကန်ပြည်ထောင်စုမှာ အရင် ‌ဒေါ်‌အောင်ဆန်းစုကြည်အစိုးရလက်ထက်တုန်းက နိုင်ငံခြားသုံး‌ငွေအဖြစ် Reserve လုပ်ထားတဲ့ One Billion dollar အဲဒီ‌ငွေကို လွှဲ‌ပေးဖို့ အခုအချိန်အထိ NUG အ‌နေနဲ့ လွှဲ‌ပေးဖို့ဆိုပြီး အမေရိကန်အစိုးရကို တောင်းဆိုထားတာလည်းရှိတာ အခု အဲဒီအခြေအနေက ဘာကြောင့် အမေရိကန်အစိုးရက ဒီလောက်အထိ ထိန်းသိမ်းထားတဲ့‌‌ငွေကို လွှဲ‌ပေးဖို့ကိစ္စကို ကြန့်ကြာနေတာလဲလို့ မြင်ပါသလဲရှင့်။

ဖြေ ။ ။ အကြောင်း‌ပေါင်းများစွာ ရှိလိမ့်မယ်လို့ မြင်ပါတယ်။ ပထမအချက်ကလည်း အခုန‌ပြောသလို တရားဝင်အစိုးရတရပ်အနေနဲ့ ကျမတို့ကို နိုင်ငံတကာမှာ အသိအမှတ်မပြုသေးတာက တစ်တချက်ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်‌နေတဲ့ Territory Control အုပ်ချုပ်မှုတွေပိုင်း၊ နိုင်ငံ‌ရေးစနစ် အ‌ပြောင်းအလဲတွေကိုလည်း ကျမတို့က အခုအချိန်မှာ ဘာပဲပြောပြော တိုက်ပွဲဝင်နေရဆဲကာလပဲ ဖြစ်နေသေးတဲ့အချိန်မှာရယ်၊ ကျမထင်ပါတယ် ဒီဟာကလည်း Legitimacy နဲ့ အသိအမှတ်ပြုမှုနဲ့ Regulation နဲ့ ဆက်စပ်‌နေတာဖြစ်တဲ့အတွက် Regulation နောက်မှ ဒီဟာကိုဆက်ပြီး‌တော့ လိုက်လာလိမ့်မယ်လို့ ကျမက‌တော့ မြင်တယ်။ အခုအချိန်အထိ‌တော့ ဒီဟာက တို့လို့ထိလို့ မရ‌သေးဘဲနဲ့ ထိန်းသိမ်းခံထားရတဲ့ အ‌နေအထားမျိုးပဲ ရှိပါသေးတယ်။ အခုန ပထမ အမ‌မေးခဲ့တဲ့ အဖြေနဲ့‌တော့ ဆက်စပ်‌နေပါတယ်။

မေး ။ ။ NUG အနေနဲ့ ‌မျှော်လင့်ထားပါသလားရှင့်။

ဖြေ ။ ။ ကျမ ပွင့်ပွင့်လင်းလင်း ပြောမယ်။ ကျမတို့ နိုင်ငံတကာကို သိပ်မ‌မျှော်လင့်တော့ဘူး။ ပြောရမယ်ဆိုလို့ရှိရင် - ‌တော်လှန်‌ရေးအောင်မြင်ဖို့က ကျမတို့လူထုနဲ့ ကျမတို့ပဲ အဓိကကျတယ်လို့ပဲ ကျမက မြင်တယ်။ အဲဒီဟာအ‌ပေါ် နိုင်ငံ‌တကာက ကျမတို့အောင်မြင်ရင် သူတို့ကျမတို့ကို ထောက်ခံလာလိမ့်မယ်။ မအောင်မြင်ဘူးဆိုရင်တော့လဲ စွန့်ခွါသွားလိမ့်မယ်။ ဆိုတော့ ဒီ သုံးနှစ်အတွင်းမှာ ကျမတို့ ဘာြမင်လာရသလဲဆို‌တော့ ကျမတို့ တိတိပပ တော်လှန်ရေးကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အ‌ထောက်အပံ့က နိုင်ငံတကာကလာမှာ မဟုတ်ဘူး။ ကျမတို့ ပြည်သူလူထုနဲ့ ကျမတို့ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှု ရုန်းကန်မှု ခွန်အား - ဒီကပဲလာလိမ့်မယ်လို့ ကျမ ယုံကြည်လာတယ်။ ဒါပေမဲ့ ဒီလိုပြောလို့ နိုင်ငံတကာက အ‌ရေးမကြီးဘူးလို့ ‌ပြောတာတော့ မဟုတ်ဘူး။ ဒါ‌ပေမဲ့ ဥပမာပေးကြသလို - ကြက်ဥထဲက ကြက်က‌လေး အကောင်ပေါက်ဖို့ဆို အပြင်ရဲ့ ဖိအား‌‌တွေကြောင့် မဟုတ်ဘူး။ ကိုယ့်အတွင်းကနေ ရုန်းကန်ပြီးတော့ ထွက်လာမှရမယ်။ ကျမတို့တိုင်းပြည်က နိုင်ငံတော်သစ်အတွက် တော်လှန်ရေးအသစ် စနစ်သစ်အတွက် ရုန်းကန်နေပြီးတော မွေးဖွားလာရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီဥပမာကိုပဲ ကျမတို့ ပေးချင်တယ်။ အပြင်ကလာတဲ့ Pressure ဖိအားတွေဆိုတာ ကျမတို့ လူထုရဲ့ လိုအပ်ချက်၊ ကျမတို့တိုင်းပြည်ရဲ့ လိုလားတဲ့ နိုင်ငံရေးပန်းတိုင်နဲ့ Direction တူတာ‌တွေ ရှိမယ်။ မတူတာတွေ ရှိမယ်။ ဒီလိုမျိုးပဲ လာကြမှာပဲဖြစ်တဲ့အတွက်‌ကြောင့် ကျမကတော့ မိတ်‌ဆွေနိုင်ငံ‌တွေ များရင်များသလောက် ကောင်းတယ်။ ဒါ‌ပေမဲ့လဲ ဒီသုံးနှစ် အတွေ့အကြုံအရဆိုရင်‌တော့ နိုင်ငံတကာကလည်း သူ့မှာ Issues တွေ အများကြီးရှိသလို၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ရှိရင် တခြား‌သာထည့်သွင်း စဥ်းစားရမယ့် အကျိုးစီးပွားတွေ၊ နိုင်ငံကြီးတွေကြားမှာရှိတဲ့ Check and Balance တွေကို ကျော်လွန်ပြီး‌တော့ ကျမတို့အရေးကို မစဥ်းစားဘူးလို့ ကျမက အဲဒီလိုမြင်တယ်။ ဒါ‌ကြောင့်မို့လို့ ကျမ အခု နိုင်ငံတကာကိုလာတယ် Advocate လုပ်တယ်ဆိုတာ ငါတို့က နိုင်‌ခြေရှိတယ်။ ငါတို့ဟာ Vision ရှိတယ်။ ငါတို့တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို ငါတို့တွေကြားမှာ သဘောတူညီထားပြီး‌ပြီ ဖြစ်တယ်ဆိုတဲ့ သတင်းစကားကို ပေးဖို့လို့ လာတာဖြစ်‌ပြီးတော့ အကယ်၍ ကျမတို့အောင်မြင်မှုနဲ့အတူတူ သူတို့လည်း လိုက်ပါစေချင်တယ်ဆိုရင် ကျမတို့ကို ထောက်ခံဖို့‌‌ ‌‌‌‌ပြောတာဖြစ်ပြီးတော့ သိပ်အများကြီး နိုင်ငံတကာက မျှော်လင့်မှ ဒီတော်လှန်ရေး အောင်မယ်လို့၊ နိုင်ငံတကာ အထောက်အပံ့ရမှ အောင်‌မြင်မယ်လို့ ယုံကြည်ပြီး လာနေတာ မဟုတ်ဘဲနဲ့ ကျမတို့အောင်‌မြင်မှုက နိုင်ငံတကာရဲ့ အောင်မြင်မှုလည်းဖြစ်တယ်ဆိုတာကို ပြောဖို့လာတာ ‌ဖြစ်ပါတယ်။

မေး ။ ။ အမေရိကန်‌ပြည်ထောင်စုက ချမှတ်ထားတဲ့ Burma Act မှာ အခုဆိုရင် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်ဆိုတာမျိုးကို ‌ဖော်ပြထားတယ်။ အသိအမှတ်ပြုတယ်ဆိုတာ နာမည်နဲ့ ဖော်ထုတ်ပြီးတော့ Budget ပေးမယ်ဆိုတဲ့ကိစ္စ၊ ကူညီပံ့ပိုး‌ပေးမယ်ဆိုတဲ့ ကိစ္စတွေလည်းပါ‌တော့ Burma Act အခုအနေအထားအရ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ ဘာမှမရှိသေးဘူး။ ပြောရမယ်ဆိုရင် စာရွက်ပေါ်မှာပဲ ရှိသေးတယ်လို့ပဲ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ Implementation လုပ်တဲ့ Agency တွေရဲ့ သုံးနေတဲ့ ခေါင်းစဉ်တွေ Project, Budget ခေါင်းစဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် Leadership Training ပြောချင်တာက ကျမတို့ လိုအပ်နေတာတွေ ရှိတယ်။ ဥပမာ အခုဆိုရင် ‌တော်လှန်ရေးက ‌‌‌‌‌မြေ‌ပြင်အခြေအနေတွေအရ ဖက်ဒရယ်ယူနစ်‌တွေ ‌ပေါ်လာ‌နေ‌ပြီ။ ဆိုတော့ Local Governance တွေက ကျမတို့မှာ အတွေ့အကြုံမရှိဘူး။ တကယ်လို့ ဒီတော်လှန်ရေးအလွန်ကာလမှာ Power Vacuum မဖြစ်စေလိုဘူး၊ တည်ငြိမ်မှုကို လိုလားတယ်ဆိုရင် အဲဒီတကယ်လိုအပ်တဲ့ နေရာတွေမှာ ကျမတို့ အကူအညီ လိုနေတာတွေကို ပေးသင့်တယ်။ ဒီ Budget တွေက အဲဒီမှာ သုံးသင့်တယ်လို့ ကျမ‌တော့ မြင်တယ်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်တဲ့အခါမှာ ဖက်ဒရယ်ယူနစ်တွေ အားကောင်းဖို့လိုတယ်။ အဲဒီတော့ Mainstream က သွားနေတဲ့ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်နဲ့ အ‌‌‌ထောက်အပံ ဖြစ်မယ့် ထိန်းချုပ်ဒေသတွေ ပေါ်လာနေပြီ။ ဖက်ဒရယ်ယူနစ်တွေအနေနဲ့ ပေါ်လာနေပြီ။ ဆို‌တော့ ဒီတော်လှန်ရေးကာလမှာတင် ကျမတို့က Federalization Process ရဲ့ အခြေခံလေးက စ‌နေပြီလို့ ‌ပြောလို့ရတယ်။ အဲဒီတော့ Local Governance တွေ ကျမတို့ ထိန်းချုပ်ထားတဲ့ ဒေသန္တအုပ်ချုပ်ရေးတွေမှာ ထိထိရောက်ရောက် ဖြစ်အောင်လို့ အကူအညီ‌တွေ ပေးသင့်တယ်လို့ ကျမကတော့ ‌မြင်တယ်။ ဒီနယ်ပယ်တွေကို အကူအညီပေးဖို့ပဲ ကျမတို့ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာက အကူအညီပေးတဲ့ Donor countries တွေကို ဒီသတင်းစကားကိုပဲ ပေးပါတယ်။ ဒါမှသာလျှင် တော်လှန်‌ရေးနဲ့ ကူညီထောက်ပံ့မှုတွေက Inline ဖြစ်မယ်။ ဒါမှမဟုတ်ရင်တော့ ၂၀၂၁ အာဏာမသိမ်းခင်တုန်းက အ‌ခြေအနေတုန်းက Project titles တွေအတိုင်း ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်နေတယ်ဆိုရင် ဘယ်လိုမှ အနာနဲ့ဆေး တည့်မှာမဟုတ်ဘူး။ ‌ပြောရရင် အ‌မေရိကန်ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာငွေတွေဆိုတာ အနာနဲ့ဆေး လွဲတဲ့နေရာမှာ လွဲလွဲမှားမှား အသုံးချသလိုပဲ ဖြစ်နေလိမ့်မယ်လို့ ကျမက မြင်တယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ် ‌ဒေါ်ဇင်မာ‌အောင် အခုလို VOA Studio ကို လာပြီး‌တော့ တွေ့ဆုံခွင့်‌ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

ဒေါ်ဇင်မာ‌အောင် ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG