သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်း-စစ်ကိုင်း ဆက်သွယ်ရေးလမ်းပေါ်က သိုင်းငင်းစခန်း စစ်ကောင်စီတပ် ပြန်သိမ်းဖို့ ပြင်ဆင်


တီးတိန်မြို့နယ် သိုင်းငင်းစခန်းကို ချင်းကာကွယ်ရေးအဖွဲ့တွေသိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန် (ဇန်နဝါရီ ၁၇၊ ၂၀၂၄)
တီးတိန်မြို့နယ် သိုင်းငင်းစခန်းကို ချင်းကာကွယ်ရေးအဖွဲ့တွေသိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန် (ဇန်နဝါရီ ၁၇၊ ၂၀၂၄)

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ်ထဲက သိုင်းငင်းစခန်းကို စစ်တပ်ဘက်က ပြန်လည် ရယူဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စခန်းကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးဘက်မှာလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း စစ်ဘေးတိမ်းရှောင်နေရတာပါ။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုဇော်ဝင်းလှိုင် က ပြောပြပါမယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ သိုင်းငင်းစခန်းကို ပြန်လည်ရယူဖို့ အင်အား ၆၀ နီးပါးရှိတဲ့ စစ်တပ်နဲ့ရဲပါဝင်တဲ့ စစ်ကြောင်းဟာ ကလေးမြို့ကနေ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ထွက်လာပြီး သိုင်းငင်းနဲ့ ၁၀ မိုင်အကွာမှာ ရှိတဲ့ နေရာကို ရောက်ရှိနေတာပါ။ တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ရက်မှာပဲ စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကလည်း စခန်း ပြန်လက်မလွှတ်ရရေး အစွမ်းကုန်ခုခံသွားမှာဖြစ်တယ်လို့ PDF Zoland တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“ရဲနဲ့စစ်သား အယောက် ၆၀ လောက် အဓိက က သူတို့သိုင်းငင်းကို ပြန်ရဖို့ပေါ့။ အဲ့ဒါကို ကြိုးစားနေတာပါ။ သိမ်းထားတဲ့ သိုင်းငင်းစခန်းကို သူတို့ ပြန်ထိုင်နိုင်အောင်ပေါ့လေ။ ပြန်ပြီးထိုးစစ်ဆင်လုပဖို့ ကြိုးစားနေတာပါ။ ကျွန်တော်တို့က အဲ့နေရာကိုတော့ ပြန်ပြီးမပေးနိုင်ဘူး။ ကျွန်တော်တို့ ဒီစခန်းသိမ်းဖို့တောင် တိုင်းပြည်အတွက် ၁၀ ယောက်ကျော်က အသက်ကိုလှူဒါန်းသွားတာပေါ့။ သူတို့ရဲ့သွေးကို ကျွန်တော်တို့ ဒီတိုင်းလစ်လှူရှုလို့မရဘူး။ ဒီသိုင်းငင်းမှာလည်း ကျွန်တော်တို့ ပေးဆပ်ရတာ တော်တော်လေးကိုများနေတဲ့အတွက် အဲ့အတွက် စကစ လက်ထဲကိုတော့ ပြန်အပ်မှာကို လုံး၀ တွေးတောင် မတွေးထားဘူးပေါ့လေ။”

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၉ ယောက်ကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့သလို စစ်တပ်ဘက်က ၃၀ နီးပါး သေဆုံးခဲ့ရပြီး လက်နက်တွေသိမ်းဆည်းနိုင်ခဲ့သလို လေကြောင်းတိုက်ခိုက်တာအပြင် လက်နက်ကြီးပစ်ကူတွေပါ ပေးရတဲ့အထိ ပြင်းထန်ခဲ့တာပါ။ အဲ့ဒီသိုင်းငင်းစခန်းကို ၂၀၂၂ ခုနှစ်တုန်းကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ဖူးပြီး စစ်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ၁၀ ရက်အကြာ ခုခံပြီးတဲ့နောက်မှာ စခန်းကို လက်လွှတ်ခဲ့ရတာပါ။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်က ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

စစ်ကိုင်းတိုင်းဘက်မှာဆိုရင်လည်း ဇန်နဝါရီ ၁၆ ရက် မုံရွာမြို့ကနေ ထွက်လာတဲ့ စစ်တပ်ဟာ ဇန်နဝါရီ ၁၇ ရက်မှာ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေဘက်မှာ နယ်မြေရှင်းလင်းနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပြပါတယ်။

“မနေ့ကတုန်းက မုံရွာဘက်ကနေ ဝမ်ပေါင်ထဲဝင်ပြီးတော့ ဆားလင်းကြီးဘက်လာတာ။ ဒီနေ့ကြတော့ စစ်ကြောင်းထိုးတာပေါ့။ ကျွန်တော်တို့ ဆားထုံး(ရွာ) ဘက်ကို အင်အား ၁၀၀ လောက်ပါတယ်။ မနေ့က တိုက်ပွဲ အနည်းအကျဉ်းဖြစ်တယ်။ အကြီးကြီးတော့ မဖြစ်ဘူး။ ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်။ ဆားထုံးဘက်မှာ ဒေသခံတွေ ပြေးတာတော့ ကျွန်တော်တို့ ပြေးတာတော့ ဆားလင်းကြီး မြောက်ဘက်ခြမ်း အကုန်နီးပါးလောက် ပြေးရတယ်။ လူဦးရေ ၅၀၀၀-၆၀၀၀ လောက်ပေါ့။”

ဆားထုံးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး ကျေးရွာထဲက နေအိမ် ၈ လုံးကိုလည်း စစ်ကောင်စီ တပ်က မီးရှို့ဖျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဆားလင်းကြီးမြို့နယ်ထဲက အုတ်ရှစ်ပြား ၊ ဆားထုံး ၊ ဒူးထောက် ၊ လက်ပံကျွန်း စတဲ့ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG