သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း ၃ နှစ်ပြည့် စစ်ကောင်စီကို အမေရိကန်နဲ့ အီးယူ ပြစ်တင်ရှုတ်ချ


ဘယ်ဂျီယံနိုင်ငံ Brussels မြို့တော်က ဥရောပကောင်စီ အဆောက်အဦမှာတွေ့ရတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဉရောပသမဂ္ဂအလံများ (မတ် ၄၊ ၂၀၂၂)
ဘယ်ဂျီယံနိုင်ငံ Brussels မြို့တော်က ဥရောပကောင်စီ အဆောက်အဦမှာတွေ့ရတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဉရောပသမဂ္ဂအလံများ (မတ် ၄၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ စစ်တပ်က ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဆက်လက် ကန့်သတ်နေတဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချကန့်ကွက်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဥရောပနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ၊ အီးယူ ဥရောပသမဂ္ဂ အရာရှိတွေက စစ်တပ် အာဏာသိမ်းတဲ့ ၃ နှစ်ပြည့် အဖြစ် ပူးတွဲ ကြေညာချက် ထုတ်ပြန်ကြပါတယ်။

မြန်မာပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဆုံးသတ်ရေး၊ စစ်မှန်ပြီး အားလုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်လာအောင် ဝိုင်းဝန်း ပံ့ပိုးဖို့ ဥရောပသမဂ္ဂ အဆင့်မြင့် အရာရှိတွေ၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွတ်ဇလန်၊ ယူကေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ် အကြမ်းဖက်မှုတွေ ကျုးလွန်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေ ထောက်ပံ့တာမျိုးတွေ ရပ်ဆိုင်းဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထား ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အရပ်သား အုပ်ချုပ်ရေး ပြန်လည် တည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့ အကြောင်း စစ်တပ်အာဏာသိမ်း သုံးနှစ်ပြည့်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ပဋိပက္ခတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့လည်း သူက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၃ နှစ်မြောက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ဒဏ်ခတ်စာရင်း အသစ်ထုတ်ပြန်ပြီး မြန်မာစစ်တပ်နဲ့နွယ်တဲ့ လူပုဂ္ဂိုလ် ၃ ဦးနဲ့ လုပ်ငန်းကုမ္ပဏီ နှစ်ခုကို အရေးယူ ဒဏ်ခတ်စာရင်းထဲ ထည့်သွင်းလိုက်တဲ့အကြောင်း ကြေညာပါတယ်။ အလားတူ ဗြိတိန်နိုင်ငံကလည်း − မြန်မာ ပြည်သူတွေကို ဖိနှိပ်ပြီး ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ် ခြေမြန်တပ်မ ဌာနချုပ် ၂ ခုနဲ့ သတ္ထုတွင်းလုပ်ငန်းတချို့ကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ အခုလို ဒဏ်ခတ်လိုက်တဲ့အတွက် သူတို့ရဲ့ ဘဏ်စာရင်းတွေနဲ့ တခြားငွေကြေးနဲ့ စီးပွားရေး ဝင်ငွေတွေ အားလုံးကို ဗြိတိန်အစိုးရက ထိန်းချုပ်ထား လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဩစတေးလျ နိုင်ငံကလည်း စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ စီးပွားရေးဘဏ်တွေ အပါအဝင် လုပ်ငန်း ၅ ခုကို ပစ်မှတ်ထား အရေးယူလိုက်တဲ့ အကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူ လုပ်ဆောင်ခဲ့ဖူးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်တွေနဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ကို တရားဝင် အသိအမှတ်ပြုဖို့ လိုပြီဆိုပြီး တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ ပိုပြီး ဆိုးရွား ဆုတ်ယုတ် ကျဆင်းနေတာတွေကို မီးမောင်းထိုးပြပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးအပ်ရာမှာ လက်တွေ့ အမှန်တကယ် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG