သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်ထက် မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ


CPJ ခေါ် သတင်းသမားများကာကွယ်ရေးအဖွဲ့က သတင်းသမားအကျဉ်းချခံရမှုအများဆုံးနိုင်ငံများစာရင်း ထုတ်ပြန် (ဇန်နဝါရီ၊ ၂၀၂၄)
CPJ ခေါ် သတင်းသမားများကာကွယ်ရေးအဖွဲ့က သတင်းသမားအကျဉ်းချခံရမှုအများဆုံးနိုင်ငံများစာရင်း ထုတ်ပြန် (ဇန်နဝါရီ၊ ၂၀၂၄)

မြန်မာနိုင်ငံဟာသတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ CPJ ခေါ် သတင်းသမားများကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၈ ရက် ကြာသပတေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတာ ၃ နှစ်ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အခြေအနေတွေဘယ်လိုရှိနေပါလဲ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် ကပြောပြမှာပါ။

၂၀၂၃ ခုနှစ်အတွင်း သတင်းသမား အများဆုံးအဖမ်းခံရတဲ့ နိုင်ငံဟာ တရုတ်ဖြစ်ပြီး မြန်မာက ဒုတိယအများဆုံးဖြစ်တယ်လို့ CPJ ရဲ့ အမှုဆောင်အရာရှိ Jodie Ginsberg က ပြောပါတယ်။

“၂၀၂၃ ခုနှစ်အတွင်း သတင်းထောက်တွေကို အများဆုံး ဖမ်းဆီးခဲ့တဲ့ ၅ နိုင်ငံဟာ တရုတ်၊ မြန်မာ၊ Belarus ၊ ရုရှားနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ဒီ နိုင်ငံတွေဟာ ကမ္ဘာမှာ နှစ်အတော်ကြာကြာ သတင်းသမားတွေ အများဆုံး ဖမ်းဆီး ထိန်းသိမ်းတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါဟာ အာဏာရှင် အစိုးရတွေအနေနဲ့ သတင်းသမားတွေရဲ့ အသံတွေတိတ်သွားအောင် ဥပဒေကို အလွဲသုံးစားလုပ်နေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။”

ကမ္ဘာတဝှမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ထိ သတင်းသမား ၃၂၀ ဖမ်းဆီးခံထားရပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက ၄၄ ယောက်၊ မြန်မာက ၄၃ ယောက်ရှိနေပြီး သူတို့နောက်မှာ ဘီလာရုစ် နိုင်ငံက ၂၈ ယောက်နဲ့ တတိယ အများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ဘီလာရုစ်နိုင်ငံတွေမှာ ၂၀၂၁ ခုနှစ်ကနေစတင်ပြီး သတင်းသမားတွေကို သိသိသာသာ ဖိနှိပ် လာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

လတ်တလောမြန်မာနိုင်ငံသတင်းလွတ်လပ်ခွင့်ဟာ အတော်လေးဆိုးဆိုးရွားရွားကျဆင်းလာနေတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ် အခုလိုပြောပါတယ်။

"ခုအခြေအနေကတော့သတင်းသမားတွေအတွက် တော်တော်လေးကိုအဆိုးရွားဆုံးအခြေအနေဘဲဗျ၊ အဲဒီမှာမမြင်ရတဲ့စည်းရှိတယ် မကျော်လာနဲ့၊ ကျော်လာရင်တော့ မင်းတို့က ဒီလိုအပြစ်ပေးခံရမယ် ဆိုတဲ့ပိုခြိမ်းခြောက်တဲ့၊ သတင်းသမားကိုသတင်းမလုပ်ရဲအောင်ပိုခြိမ်းခြောက်တဲ့ပုံစံနဲ့ ပေါက်နေပါတယ်။ သတင်းသမားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေလိုမျိုးနှစ်ရှည်အပြစ်ပေးနိုင်တဲ့ ဥပဒေနဲ့ဆွဲတယ် သတင်းမီဒီယာဥပဒေနဲ့မဆွဲဘဲနဲ့ ခုလိုလုပ်နေတာက အထူးသဖြင့်တော့ သတင်းသမားတွေကိုသတင်းမလိုက်ရဲအောင် သတင်းမရေးရဲအောင်တမင်တကာလုပ်တယ်လို့ဘဲ ယူဆပါရစေ။ စစ်အစိုးရသည် များသောအားဖြင့်တော့ ပြည်သူလူထုတွေ ကော တိုင်းရင်းသားတွေကိုကော သူတို့အကျွမ်းကျင်ဆုံးကတော့ အကြောက်တရားနဲ့ ဒီဟာမလုပ်ဖို့ ကြီးကြီးကျယ်ကျယ်အပြစ်ပေးတတ်တယ်။ Press freedom index (သတင်းလွတ်လပ်ခွင့်စံနှုန်း)ကြည့်ရင်လည်း ကျနော်တို့က နိုင်ငံ ၁၈၀ မှာ ၁၇၃ နေရာရောက်နေတယ်။ ၂၀၂၀တုန်းက ကျနော်တို့က ၁၃၉ ဗျ။ ထိုင်းထက်တောင်မြင့်သေးတယ်။ ထိုင်းက အဲတုန်းက ၁၄၀။ အဲဒါတွေကြည့်မယ်ဆိုရင်တော့ မြန်မာပြည်ရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေက အတော်အဆိုးဝါးဆုံးအခြေအနေရောက်နေတယ် လို့ပဲ ပြောပါရစေ။"

CPJ ထုတ်ပြန်ချက်အရ သတင်းသမားဖမ်းဆီးခံရမှုမှာ တရုတ်နိုင်ငံက ၄၄ ရာခိုင်နှုန်း၊ မြန်မာက ၄၃ ရာခိုင်နှုန်းရှိနေပြီး သူတို့နောက်မှာ ဘီလာရုစ် နိုင်ငံက ၂၈ ရာခိုင်နှုန်းနဲ့ တတိယ အများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ မြန်မာနဲ့ဘီလာရုစ်နိုင်ငံမှာ ၂၀၂၁ ခုနှစ်ကနေစတင်ပြီး သတင်းသမား တွေကို သိသိသာသာ ဖိနှိပ် လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိပြည်တွင်းမှာအာဏာသိမ်းချိန်ကစလို့ ဖိနှိပ်မှုတွေတော်တော်လေးတိုးလာနေတာမို့ သတင်းသမားတွေရပ်တည်နိုင်ဖို့ အတော်လေးခက်ခဲ လာနေသလို သတင်း ဌာနတွေနဲ့ သတင်းသမားတွေအများစုကို စစ်ကောင်စီဘက်က ပစ်မှတ်ထားဖမ်းဆီးတာကိုခံနေရတယ်လို့ သတင်းသမားတဦးက ခုလိုဝေဖန်ပြောဆိုလိုက်ပါတယ်။

"သတင်းသမားဖမ်းခံရတဲ့ အရေအတွက်က ၅၀ ၆၀ တခါတလေ ၇၀ နားကပ်သွားတာ။ ၃ နှစ်ဆက်တိုက်လောက် ရှိနေပြီ။ ဒီကြားထဲလွတ်ငြိမ်းချမ်းသာခွင့် တို့ဘာတို့မှာ လွတ်တယ်ဆိုတာက တယောက် ၂ယောက်လောက်ဘဲ။ ပြန်ဖမ်းတာကလည်းလတိုင်းမဟုတ်ပေမယ့် တနှစ်လုံးမှာ ကြည့် လိုက်ရင် အနည်းဆုံး ၅ယောက် ၇ယောက် တခါတလေ ၁၀ယောက်လောက်ရှိတာပေါ့။ သတင်းသမားအကျဉ်းထောင်ထဲသတင်းသမားအရေ အတွက်က ၃၀၊ ၄၀တောင်မရောက်တော့ဘူး။ ၅၀ အထက် ၆၀လောက်ရှိတယ် ဒါက ၃နှစ်လောက်ရှိနေပြီ။ စာရင်းထဲမှာကိန်းဂဏန်းအရ ပေါ် လွင်နေတာပေါ့။ တရုတ်နိုင်ငံက လူဦးရေအရ အချိုးအစားအရ သတင်းသမားအရေအတွက်က သူ့နိုင်ငံရဲ့ အရွယ်အစားနဲ့လူဦးရေနဲ့ သူကထိပ်ဆုံးမှာရှိတယ်။ မြန်မာနိုင်ငံလိုနိုင်ငံသတင်းသမားက ရှိလှ ထောင်ဂဏန်းလောက်ရှိတဲ့နိုင်ငံမှာ အခုလို ၅၀၊ ၆၀လောက်ထောင်ထဲရောက်နေတာကပိုပြီး တော့ ဆိုးဝါးတဲ့သဘောလို့ကျနော်မြင်ပါတယ်"

ပြီးခဲ့တဲ့နှစ် မေလအတွင်းမှာလည်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ထိုက်ကို ရခိုင်ပြည်နယ် ဆိုင်ကလုန်းမုန်တိုင်းမိုခါ နောက်ဆက်တွဲ သတင်းများ ဖော်ပြမှုနဲ့စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တဦးကို နှစ် အရှည်ကြာဆုံး ထောင်ဒဏ်ချမှတ်တာဖြစ်တယ်လို့ CPJ ကထောက်ပြထားပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း Delta သတင်းဌာန နဲ့ ရခိုင်သတင်းဌာနတခုဖြစ်တဲ့ Development Media Group(DMG)သတင်းဌာနတို့က သတင်းသမားတွေကို သတင်းရေးသားလို့ဆိုပြီး စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်တုန်းက ဆုရ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုနဲ့ စစ်ခုံရုံးက ထောင်ဒဏ် တသက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရဆိုရင်လည်း စစ်ကောင်စီ အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၀ အနက် သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်းထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လုပ်ငန်းဟာ အန္တရာယ်ကြီးမားတဲ့ လုပ်ငန်း ဖြစ်လာနေပြီး ဖမ်းဆီးထောင်ချတာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရတဲ့အထိ ကြုံနေရတယ်လို့လည်း ဖော်ပြထားပါတာပါ။ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေ ဒုတိယအများဆုံး ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သတင်းသမားအရေအတွက် အယောက် ၅၀ နီးပါး ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG