သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ဖွဲ့စည်း 


လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ဖွဲ့စည်း
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ဖွဲ့စည်း

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့်တွေ ဆိုးဆိုးဝါးဝါး ကျဆင်းလာသလို သတင်းသမားတွေအတွက်လည်း စိန်ခေါ်မှုတွေ တိုးလာတာကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ စုပေါင်းပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့အပြင် သတင်းထောက်တွေကို ဖမ်းဆီး အရေးယူတာတွေ၊ သတင်းစာတိုက်တွေနဲ့ သတင်းမီဒီယာတွေ အတော်များများ လိုင်စင်သိမ်း၊ ချိတ်ပိတ်တာတွေ လုပ်နေတဲ့အတွက် သီးခြား လွတ်လပ်တဲ့ သတင်းဌာနရယ်လို့ မြန်မာနိုင်ငံမှာ ရပ်တည်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

စစ်တပ်အုပ်ချုပ်မှုအောက်မှာ သတင်းလွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းသွားတာနဲ့အတူ သတင်းသမားတွေကို အကာကွယ်ပေးမယ့် အဖွဲ့အစည်း လိုအပ်လာတာကြောင့် မီဒီယာနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေစုစည်းပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာသမားတွေက “လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ” (Independent Press Council Myanmar-IPCM) တစ်ခုကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ နန်းဖော့ဂေ က ပြောပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမတို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ကိုယ်စားပြုတဲ့ ကောင်စီက လုံး၀ မရှိတော့ဘူးပေါ့နော်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ သတင်းမီဒီယာတွေ၊ သတင်းတိုက်တွေ က အဖျက်သိမ်းခံရတယ် အပိတ်သိမ်းခံရတယ်။ သတင်းသမားတွေဆိုလည်း ဖမ်းဆီး ထောင်ချခံရတယ်။ သတ်ဖြတ်ခံရတယ်။ တရားစွဲဆို ခံရတယ်။ အကာကွယ်တွေမရှိဘူး။ သတင်းသမားတွေ၊ သတင်းဌာတွေကလည်း သတင်းတွေကို သင့်တင့် လျောက်ပတ်တဲ့ နေရာတွေကနေ သတင်းတွေ ရယူရတယ်။ အဲဒီမှာ သတင်းတွေက အတုဖြစ်တယ်။ သတင်းမှားတွေ ဖြစ်တယ်လို့ စစ်ကောင်စီက ၂၀၂၂ ခုနှစ် သူတို့လက်အောက်ခံ သတင်းမီဒီယာကောင်စီကနေ ပြီးတော့ အရှေ့တီမော မီဒီယာ ညီလာခံမှာ ကျမတို့ဘက်က ထုတ်လုပ်တဲ့ သတင်းတွေက အတုတွေပါ၊ သတင်းမှားတွေပါ လို့ သွားပြောတာ ရှိတယ်။ အဲဒါတွေကို ကျမတို့ဘက်ကလည်း နိုင်ငံတကာမှာ အဲဒီလို ယုံကြည်သွားမှာ စိုးတာပေါ့နော်။”

ဒီလို လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပက မြန်မာသတင်းမီဒီယာ ၃၈ ခုနဲ့ တစ်သီးပုဂ္ဂလ သတင်းမီဒီယာသမားများ ပါဝင်တဲ့ လူပေါင်း ၇၇ ဦးနဲ့ ညီလာခံ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar) ဖွဲ့စည်း နိုင်ရေးအတွက် မီဒီယာသမားတွေ စုစည်းပြီး ဩဂုတ်လအတွင်းမှာ ပထမအကြိမ် ညီလာခံလုပ်ခဲ့ပြီး၊ ဒီဇင်လာလ ၂၀ ရက်နေ့က ၂၂ ရက်နေ့အထိ ဒုတိယအကြိမ် ညီလာခံ လုပ်ခဲ့ပါတယ်။ ဒီ တနှစ်တာလုံးမှာ ၂၀၂၃ နှစ်ဆန်းပိုင်းကနေ စပြီးတော့ နေရာအသီးသီးမှာရှိတဲ့ သတင်းဌာနတွေကို ချဉ်းကပ်ပြီးတော့ သဘောထားတွေ ရယူခဲ့တယ်။ လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ ဖွဲ့စည်းနိုင်ရေး သဘောထားရေး ရယူခဲ့တယ်။ ၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်က ပြီးသွားတဲ့ ညီလာခံမှာတော့ ကျမတို့ ဒီမီဒီယာကောင်စီရဲ့ ဖွဲစည်းပုံ အခြေခံဥပဒေကိုလည်း ဆွေးနွေးပြီး အတည် ပြုနိုင်ခဲ့တယ်။ ဒုတိယအကြိမ် ညီလာခံမှာတော့ သတင်းဌာန ၃၈ ဖွဲနဲ့ မီဒီယာ ကျွမ်းကျင်သူတွေနဲ့ လူ ၇၇ ဦး တက်ရောက်ခဲ့ပါတယ်။”

သတင်းမီဒီယာကောင်စီအနေနဲ့ မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားများ လုံခြုံရေး၊ အကာအကွယ် ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဌာန်းကာ လိုက်နာကျင့်သုံးရေး၊ သတင်းမီဒီယာကောင်စီ အနေနဲ့ တရားဝင် ရပ်တည်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ တရားဝင် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးတွေကို ညီလာခံမှာ ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး အခုချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ သတင်းသမားက စုစုပေါင်း ၆၁ ဦးရှိနေပြီး ဖမ်းဆီးချုပ်နှောင်ခံရပြီးမှ ပြန်လည်လွတ်မြောက်လာတာ ၁၂၃ ဦးအထိ ရှိထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ရဲ့ ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းထောက်တွေကို ဖမ်းဆီး၊ ထောင်ချမှု တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG