သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ နေရပ်ပြန်လူငယ်တချို့ ဖမ်းဆီးထိန်းသိမ်းခံရ


စစ်တွေမြို့နယ် ရဲစခန်း။
စစ်တွေမြို့နယ် ရဲစခန်း။

ရခိုင်ပြည်နယ်ကို လေကြောင်းကနေပြန်လာတဲ့ ခရီးသည်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့က စပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတာပါ။ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် နေရပ်ကို ပြန်လာကြတာမှာ ဖမ်းဆီးခံရသူတွေထဲက သက်ကြီးပိုင်းတွေနဲ့ ကလေးတွေကို ပြန်လွတ်ပေးတာရှိပေမယ့် စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို ဒီကနေ့ အထိဖမ်းထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ ကပြော ပါတယ်။ရန်ကုန်ကပေးပို့ထားတဲ့ သတင်း အပြည့်အစုံကိုတော့ ကိုခင်မောင်စိုးမင်းကတင်ပြပေးပါမယ်။

အာဏာသိမ်းစစ်ကောင်စီက ဒီလအတွင်းမှာပဲ စစ်မှုမထမ်းမနေရ ဥပဒေကိုပြဋ္ဌာန်းလိုက်တာကြောင့် ပြည်မဘက်မှာရှိနေတဲ့ ရခိုင်ဒေသခံလူငယ်တွေဟာ စစ်မှုထမ်းရမှာ စိုးရိမ်တာကြောင့် စစ်ရေးအရ နေရာတော်တော်များများကို AA ထိန်းချုပ်ထားတဲ့ မိမိနေရပ်ကို ပြန်လာကြတာပါ။ ဒါ့အပြင်ရခိုင်ဒေသမှာ တပ်စခန်းတွေ ရာနဲ့ချီဆုံးရှုံးနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှု များနေချိန်မှာပဲ ပြည်မဘက်မှာ ရှိနေတဲ့ ရခိုင်ဒေသခံတွေကို ထွက်သွားဖို့နဲ့ ရခိုင်ဆိုင်တွေမှာ အားမပေးကြဖို့ နဲ့ လူမျိုးရေး ဝါဒဖြန့်တာတွေ ရှိလာတာကြောင့်လည်း ရခိုင်ဒေသခံကြားစိုးရိမ်ပြီးတော့ နေရပ်ပြန်နေကြတာပါ။

ဒါ့ပေမဲ့ နေရပ်လာတဲ့သူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့က စတင်ပြီးတော့ စစ်ကောင်စီကဖမ်းစီး စစ်ဆေးပြီးနောက် သက်ကြီးပိုင်းတွေနဲ့ ကလေးတွေကို ပြန်လွတ်ပေးတာရှိတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကိုတော့ ပြန်မလွတ်သေးဘူးလို့ ကျောက်ဖြူမြို့မှာ ဖမ်းဆီးခံထားရသူ လူငယ် တဦးရဲ့ အကိုဖြစ်သူက ပြောပါတယ်။

“ ရန်ကုန်ကနေ ပြန်လာတာ ၁၉ရက်နေ့ ၂လပိုင်း ၂၀၂၄ကပါ။ အခုအချိန်ထိ သူတို့အဖမ်းခံ ထားရတုန်းပါ၊ ကျနော်တို့က အိမ်ထောင်စုစာရင်းတွေယူပြီး သွားတွေ့ပြီးပါပြီ ဒါပေမယ့်မရ သေးဘူးဗျ အာမခံမယ့်သူလည်းရှိတယ် သူ့အိမ်ရှင်မကိုယ်တိုင်သွားတာတောင် မရသေးပါ ဘူးဗျာ။”

စစ်ကောင်စီအနေနဲ့ အခုလိုနေရပ်ပြန်လာတဲ့ သူတွေကို ဘာကြောင့် ဖမ်းထား တယ်ဆိုတာ မသိပေမဲ့ စစ်ဆေးပြီးတော့ အပြစ်မရှိတဲ့သူတွေကို ပြန်လွတ်ပေးစေချင်တယ်လို့သူကဆက်ပြောပါတယ်။

“ သူတို့က အပြစ်ရှိတဲ့သူတွေလည်းမဟုတ်ဘူး အပြစ်လုပ်ထားသူတွေလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ဖမ်းထားတယ်ဆိုတော့ သူတို့က ဘာကိုလိုချင်လဲ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီနေလို့ ဖမ်းထားတာလား၊ သူတို့ဆီက ငွေများတောင်းမလားပေါ့နော် ကျနော့်အထင်ကတော့ ပိုက်ဆံပေးမှ လွတ်မှာလား စိတ်ကတော့ အဲလိုထင်တယ်။မဟုတ်ဘူးဆိုရင်တော့ အပြစ်မရှိရင် လွတ်လိုက်သင့်ပြီလို့ ထင်ပါတယ်ဟုတ်။”

စစ်ကောင်စီအနေနဲ့ စစ်မှုမထမ်းမနေရ ဥပေဒေထုတ်ပြန်ပြီးနောက်ပိုင်း နေရပ်ပြန်လာကြတဲ့ ရခိုင်ဒေသခံလူငယ်တွေဟာ ရက္ခိုင့်တပ်တော်AAထဲကိုကို ဝင်ရောက်သွားမှာစိုးရိမ်သလို သူတို့ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေမအောင်မြင်မှာကို စိုးရိမ်တာကြောင့် အခုလို ဖမ်းဆီး တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ရခိုင်အရေးလေ့လာသုံးသပ်သူ လွတ်တော် ကိုယ်စား လှယ်ဟောင်း ဦးဖေသန်းကကပြောပါတယ်။

“ ရခိုင်လူငယ်တွေ ရခိုင်ပြည်နယ်ဘက်ကို လာတာကို သူတို့မကြိုက်ဘူး၊ ခုနားက နှစ်ချက် ကြောင့်ပေါ့ အဲတာကြောင့် နောက်မလာရဲအောင် ဖမ်းထားတယ်၊ ဖမ်းထားတဲ့ အခါမှာလည်း ပွင့်လင့်မြင်သာမှု မရှိဘူး၊ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မပြောဘူးပေါ့၊ ဒုက္ခမျိုးစုံ ရောက်အောင် လုပ်တယ် နောက်လူတွေ မလာရဲအောင် အဲလိုနည်းဗျူဟာတွေနဲ့ စစ်မှုထမ်း ဥပဒေ မအောင်မြင်မှာကို စိုးတဲ့အတွက် အဲလို လုပ်နေတယ်လို့ ကျနော်မြင်ပါတယ်။”

ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ ဒီကနေ့အထိ နေရပ်ပြန်လာတဲ့ ရခိုင်ဒေသခံ ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ လူငယ်တွေကို ဖမ်းဆီးထားတာနဲ့ ပတ်သတ်ပြီး တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG