သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းနဲ့ကျောက်ဖြူတဝိုက် စစ်ရေးခြိမ်းခြောက်မှုကြီးမားလာ


စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရခိုင်ပြည်နယ် မြို့တော် စစ်တွေအနီးက မြို့အများစုကို AA ရက္ခိုင့်တပ်တော်က သိမ်းအပြီး စစ်တွေအနီးတဝိုက်အပြင် စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနဲ့ ကျောက်ဖြူတဝိုက် တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ စောင့်ကြည့်နေသူတွေက ယူဆကြပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ရှေ့ဆက်ဖြစ်လာနိုင်ချေတွေကို ကိုဝင်းမင်းက စုံစမ်းမေးမြန်းထားပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်အတွက်အရေးပါတဲ့ ချင်းပြည်နယ်အစပ်က ပလက်ဝကို စသိမ်းခဲ့ပြီး စစ်တွေနဲ့ တိုင်းစစ်ဌာနချုပ် အမ်းအပြင် တရုတ်စီးပွားရေးအဓိကအချက်အချာ ကျောက်ဖြူမြို့ကြီးကိုပါ ခြိမ်းခြောက်လာနေပြီလို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတွေက ယူဆကြပါတယ်။ စစ်ကောင်စီအနေနဲ့ကတော့ ရခိုင်ပြည်နယ်အတွင်း ခံစစ်အနေနဲ့ ရင်ဆိုင်နေရပြီး AA ဘက်က အရေးပါတဲ့ စစ်ကောင်စီတပ်ရင်း တပ်မတွေကို ဝိုင်းပိတ်ဆို့ထားတဲ့အနေအထားမှာရှိနေတယ်လို့ ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော်က ဗွီအိုအေကို ပြောပါတယ်။

"ရခိုင်မြောက်ပိုင်းပေါ့ဗျာ၊ ဘူးသီးတောင်ဆိုရင်လည်း စကစ (၁၅) ရှိတယ်။ ပြီးရင် ရသေ့တောင်ရှိတယ်။ မောင်တောရှိတယ်။ ပြီးရင် ပုဏ္ဏားကျွန်းရှိတာပေါ့။​ အခုက အဲဒီမြို့တွေမှာရှိတဲ့ တပ်ရင်းတွေအကုန်လုံးကတော့ AA က ဝိုင်းဝန်း ပိတ်ဆို့ထားတာပေါ့ဗျာ။ ပိတ်ဆို့ထားတော့ စစ်ကောင်စီဘက်က ခံစစ်အတွင်းမှာပဲ ရှိတာပေါ့ဗျာ။ နောက်တခုမှာလည်း စစ်တွေဘက်မှာရှိနေတဲ့ တပ်ရင်းတွေအကုန်လုံး လက်နက်ချဖို့ AA က ပြောထားတာရှိတယ်။​ တကယ်လို့ လက်နက်မချဘူးဆိုရင် ဝင်တိုက်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေတာ ကြားရပါတယ်။ နောက်တခုကတော့ အရေးကြီးတဲ့နေရာက သုံးခုရှိတာပေါ့၊ လက်ရှိအချိန်မှာ။​ တခုကတော့ စစ်တွေရယ်၊ တခုကတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းရယ်၊၊ ပြီးရင် ကျောက်ဖြူ၊ ကျောက်ဖြူကတော့ တရုတ်စီမံကိန်းတွေ ရှိတဲ့နေရာပေါ့။ အဲဒီနေရာ သုံးခုစလုံးမှာတော့ တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်နေတာပေါ့။"

နောက် ဒီအရေးပါတဲ့နေရာတွေမှာ ရှေ့ဆက် တိုက်ပွဲဖြစ်လာဖို့ များတာကိုလည်း ဦးခိုင်မြတ်ကျော်က အခုလို ဆက်ရှင်းပြပါတယ်။

"စစ်ကောင်စီဘက်က စစ်ရှုံးနေတာပေါ့ဗျာ၊ ပြီးရင် စိတ်ပိုင်းဆိုင်ရာအရ တော်တော်ကို ဖရိုဖရဲဖြစ်နေတဲ့အချိန်ဖြစ်တာပေါ့။ အဲဒါကြောင့် AA ဘက်ကလည်း ဒီအချိန်မှာတော့ ပိုပြီးတော့ သူ့ရဲ့စစ်ဆင်ရေးကို တိုးပြီးတော့ မြှင့်ပြီးတော့ လုပ်လာနိုင်တဲ့အနေအထားရှိတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့က တိုက်ပွဲတိုင်းမှာလည်း အောင်နေတဲ့အတွက် တိုက်ပွဲတွေကတော့ ရှေ့မှာဆက်ပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တယ်။ AA က ထိုးစစ်တွေကို ပြင်းပြင်းထန်ထန် ပြုလုပ်လာနိုင်တယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်ခင်ဗျ။"

AA အနေနဲ့ ရခိုင်ဒေသအတွင်း လူထုထောက်ခံမှုရနေတာကြောင့် စိတ်ဓါတ်အင်အားကြီးလာကြောင့်ပါ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်တွင်း မြို့ကြီးတွေနဲ့ စစ်စခန်းကြီးတွေ တခုပြီးတခု ကျရှုံးခဲ့ရတာလို့ ခိုင်မြတ်ကျော်က ယူဆပါတယ်။

"အထူးသဖြင့် ကျောက်တော်တို့မှာဖြစ်သွားတဲ့ကိစ္စတွေပေါ့။ အင်အား လေး-ငါး ရာလောက်ရှိတဲ့ တပ်တွေ၊ တပ်မတွေက တပ်ဆုတ်ရတယ်ဆိုတဲ့အနေအထားပေါ့နော်၊ ပြီးရင် နယ်စပ်မှာဖြစ်ခဲ့တဲ့ ထွက်ပြေးသွားတဲ့ တပ်အင်အား ၃၀၀ လောက်က တဘက်နိုင်ငံကို ထွက်ပြေးသွားရတဲ့အနေအထားအထိ ဖြစ်သွားတာပေါ့။ မြန်မာစစ်တပ်ဘက်က စိတ်ဓာတ်ရေးရာအရ တော်တော့ကို ကျဆင်းနေပြီ။ သူတို့ စစ်တိုက်လိုတဲ့ဆန္ဒမရှိဘူးဆိုတာကို ကျနော်တို့ အထင်းသားမြင်ရပါတယ်။ နောက်တခုက ဒီစစ်ကောင်စီဘက်က သေနင်္ဂဗျူဟာအမှားတွေကို သူတို့ကျူးလွန်တာပေါ့။ အဓိကတိုက်ရမယ့် သူတို့ရဲ့ရန်သူ ရက္ခိုင့်တပ်တော်ကို သူတို့ ပစ်မှတ်မထားဘူး။ ဒေသခံပြည်သူတွေကို သူတို့ ပစ်မှတ်ထားတယ်။ အဲဒီတော့ လူထုကို ဖြတ်လေးဖြတ် - လုပ်ပြီးတော့ စားဝတ်နေရေးအကျပ်အတည်းဖြစ်အောင် လမ်းတွေကို အကုန်လုံးပိတ်ဆို့တယ်။ ရိက္ခာတွေမသယ်ရအောင် ပိတ်ဆို့လိုက်တာပေါ့။ အဲဒီတော့ လူထုက သူတို့ကို ထောက်ခံတဲ့သူတွေရော၊ သူတို့ကို မထောက်ခံတဲ့သူတွေရော အကုန်လုံးက စစ်တပ်ကို ဆန့်ကျင်တဲ့ဘက်ကိုရောက်သွားတာပေါ့။ ရောက်သွားတော့ အဲဒီလူထုတခုလုံးကနေပြီးတော့ AA ဘက်ကရပ်တည်ပြီးတော့ တိုက်ပွဲဝင်တော့တာပါပဲ။ ပြီးရင် ရက္ခိုင့်တပ်တော် AA က စစ်မြေပြင်မှာ ပထဝီဝင်အနေအထားလည်း သူတို့ကပိုင်တယ်။ စိတ်ဓာတ်ရေးရာအရလည်း အားကောင်းတယ်။ ပြီးရင် လူထုထောက်ခံမှုလည်းရတဲ့အခါ မြန်မာစစ်တပ်ကနေပြီးတော့ အရှုံးဘက်ကို ရောက်သွားတာပေါ့။"

AA အနေနဲ့ ဖြတ်လေးဖြတ်ကို ရင်ဆိုင်ဖို့ နယ်စပ်ထွက်ပေါက်ရအောင် ပလက်ဝ တဝိုက် အပြီးတိုင်သိမ်းယူတာနဲ့၊သမရိုးကျလက်နက်တွေသုံးတာထက် ဒရုန်းလိုမျိုး ခေတ်မီအဝေးထိန်းလက်နက်တွေ ပိုထိရောက်အောင် သုံးလာနိုင်တာဟာ အားသာမှုတွေဖြစ်လာစေတယ်လို့လည်း ခိုင်မြတ်ကျော်က ယူဆပါတယ်။

ဒီနေရာမှာ AA ဆက်တိုက်လာနိုင်ခြေကို ပြန်ထိန်းဖို့ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်သလို အိမ်နီးချင်း တရုတ်အပြင် ဘင်္ဂလားဒေ့ရှ်ကိုပါ တောင်းဆိုလာနိုင်ပေမယ့် တရုတ်အပါအဝင် ဖိအားတွေလာလည်း AA ကို တားဖို့ ခက်နိုင်တယ်လို့ ခိုင်မြတ်ကျော်က ရှင်းပြပါတယ်။

"အဓိကတော့ တရုတ်ဖိအားပေးလာရင်လည်း ရက္ခိုင့်တပ်တော်ကတော့ လိုက်နာချင်မှလိုက်နာမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ပွဲက ရက္ခိုင့်တပ်တော်ဘက်က တာဝန်ရှိသူတွေလည်း ပြောထားပါတယ်။ စစ်အာဏာရှင်အမြစ်ဖျက်သိမ်းရေးနဲ့ ဒီ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့လွတ်လပ်တဲ့၊ ငြိမ်းချမ်းတဲ့နိုင်ငံတခုဖြစ်ဖို့အတွက် သူတို့ပုံဖော်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ရည်မှန်းချက်ကတော့ ဒီစစ်အာဏာရှင်အပြုတ်တိုက်ရေးကိုတော့ သွားမယ်လို့တော့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း တိုက်ပွဲကာလအကြားမှာတော့ နိုင်ငံရေးအားဖြင့်သော်လည်းကောင်း၊ စစ်ရေးအားဖြင့်သော်လည်းကောင်း အပေးအယူ ကစားတာတွေတော့ ရှိမှာပေါ့။ အဲဒီတော့ ခနတာလည်း ရပ်ကောင်းရပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲတွေက သူတို့ရဲ့မဟာဗျူဟာအရလုပ်နေတဲ့တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စစ်အာဏာရှင်ပြုတ်ကျရေးအထိကို တိုက်ခိုက်သွားလိမ့်မယ်လို့ အဲဒီလိုတော့ ယုံကြည်ထားပါတယ်ခင်ဗျ။"

AA အနေနဲ့ မင်းပြားမြို့နယ်က စစ်ကောင်စီ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းရဲ့ ကာကင်းစခန်း ၃ ခုနဲ့ အရေးပါတဲ့နေရာတခုကိုရထားပြီး အပြီးသတ်သိမ်းဖို့ ဆက်ထိုးစစ်ဆင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့ညမှာ AA ပါတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ချဖို့ တောင်းဆိုထားတဲ့ စခန်းတွေ လက်နက်မချလာရင် ဆက်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ဒီညီနောင်သုံးဖွဲ့က ပြောထားပါတယ်။ ဒီအပေါ် စစ်ကောင်စီပြောခွင့်ရကို ကြိုးစားမေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG