သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငပလီကမ်းခြေတိုက်ပွဲ ဒေသခံတွေသေဆုံး


သံတွဲမြို့ငပလီကမ်းခြေ ဆင်ခေါင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးတွေ့ရစဉ် (ဇွန် ၄၊ ၂၀၂၄)
သံတွဲမြို့ငပလီကမ်းခြေ ဆင်ခေါင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးတွေ့ရစဉ် (ဇွန် ၄၊ ၂၀၂၄)

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ထဲက ငပလီကမ်းခြေတလျှောက်မှာ စစ်တပ်နဲ့ AA အာရက္ခတပ်တော်ကြား ဒီနေ့လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်းတွေကနေ တိုက်ခိုက်တဲ့အတွက် ငပလီကမ်းခြေမှာရှိတဲ့ ကျေးရွာတချို့အပေါ် လက်နက်ကြီးတွေကျလို့ သေဆုံးသူ များတယ်လို့ ဒေသခံတွေက VOA ကိုပြောပါတယ်။ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်အပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

သံတွဲမြို့နယ်ထဲက ငပလီကမ်းခြေမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ရှိနေပါပြီ။ ပင်လယ်ဘက်ကနေ ငပလီကမ်းခြေဘက်ကို စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေသလို စစ်လေယာဉ်တွေလဲ လာပြီး ဗုံးကြဲတယ်လို့ ငပလီ ဒေသခံတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒီကနေ့ညနေပိုင်းအထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရဆဲဖြစ်တယ်လို့ သံတွဲဒေသခံ တဦးကပြောပါတယ်။

“နေ့လည်ကတော့ ထုတဲ့ အသံကတော့ ကျမတို့ အိမ်တောင်တုန်တယ်။”

ငပလီကမ်းခြေမှာရှိတဲ့ ဆင်ခေါင်းကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်း ရေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား တော်တော်များများ သေဆုံးခဲ့တယ်လို့ သံတွဲဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

“ဒီလိုမျိုးအယောက် ၆၀ လောက်ကိုတော့မြေမြုပ်ပြီးသွားပြီလို့ကြားတယ်ပေါနော်နောက်ပိုင်း ရှိလားမရှိလားတော့မသိဘူး၊ ထိခိုက်ဒဏ်ရာသူတွေလည်းရှိတယ် ဒီနေ့ကြား ရတာကတော့ အယောက် ၆၀ လောက်ကို မြေမြုပ်ပြီးပြီလို့တော့ ကြားပါတယ်။”

အဲဒီဆင်ခေါင်းကျေးရွာဟာ တံငါရွာတခုဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ငါးဖမ်းသမားတွေ လာရောက်အခြေချနေထိုင်ကြတဲ့ ကျေးရွာတခုလည်းဖြစ်ပါတယ်။ ငပလီကမ်းခြေတလျှောက် တိုက်ပွဲစတင်ခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကနေ ဒီကနေ့အထိ အဲဒီဆင်ခေါင်း ကျေးရွာမှာ လက်နက်ကြီးကြောင့် သေဆုံးသွားသူတွေထဲမှာ အသိမိတ်ဆွေတချို့ပါတယ်လို့လည်း ငပလီဒေသခံအမျိုးသမီးတဦးကအတည်ပြုပြောပါတယ်။

“ ထိခိုက်ဒဏ်ရာရတာကတော့ လက်နက်ကြီးကျတဲ့ အချိန်မှာတော့ ထိခိုက်ဒဏ်ရာရတာ တော်တော်များတယ်လို့ ပြောတယ်၊ သေဆုံးတဲ့သူတွေဆိုရင်လည်း ညီမတို့ အသိညီမလေး တွေရော ကျောင်းဆရာမတယောက်လည်း သေသွားတယ်လို့ ပြောတယ်၊ တော်တော်များ တယ်လို့ ပြောကြတယ် အတိအကျတော့ အခုအချိန်ထိ စာရင်းမသိရသေးဘူး၊ ပစ်တာက လည်း လုံးဝမရပ်တော့လေ၊ အလောင်းတောင်ကောက်လို့မရဘူး အဲလို အခြေအနေလို့ ပြောတယ်။”

ဒေသခံတွေ ပြောသလို အရပ်သား သေဆုံးဒဏ်ရာ ရတာတွေနဲ့ ပတ်သက်လို့ အရေအတွက် အတိအကျကိုတော့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုချက်မရသေးသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။

အမ်း၊ သံတွဲနဲ့ မောင်တောမြို့နယ်တွေကို အာရက္ခတပ်တော် AA က တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ငပလီကမ်းခြေဟာ မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ ပင်လယ်ကမ်းခြေဖြစ်တာနဲ့အတူ စစ်ကောင်စီဘက်ကလည်း ငပလီကမ်းခြေနဲ့ သံတွဲမြို့နယ်ကို ဆက်လက် ထိန်းချုပ်ထားနိုင်ဖို့ ကြေး ရေ လေ ပူးပေါင်းပြီးတော့ အပြင်းအထန် ခုခံနေတာပါ။

AA အနေနဲ့ သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ လကတည်းက တိုက်ပွဲတွေ စတင်ဖော် ဆောင်ခဲ့တာဖြစ်ပြီး သံတွဲနဲ့ တောင်ကုတ်ကြားမှာ ရှိတဲ့ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းဧရိယာတဝိုက်ကို ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်မှာ ဒီနေ့ ဇွန်လ ၇ ရက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို အမ်းနဲ့ မောင်တော မြို့နယ်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG