သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူစီမံကိန်း တရုတ်ခေါင်းရှုပ်မယ့် အခြေအနေ


ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိတဲ့ တရုတ်ရေနံစီမံကိန်းပိုင် ဆိပ်ခံတံတား။ (photo: AFP)
ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိတဲ့ တရုတ်ရေနံစီမံကိန်းပိုင် ဆိပ်ခံတံတား။ (photo: AFP)

"တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက် လိုလားချက်တွေနဲ့ပတ်သတ်ပြီး အထက်မှာလည်းပြောပြီးသားဖြစ်ပါတယ်၊ ဆိုတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေပြီးတော့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ့်ဟာကို သူ့ဘက်က လိုလားတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ အကျိုးစီးပွားတွေကို အပြည့်အဝ ကာကွယ်ပေးစေချင်တယ်။"

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲဧရိယာတွေ ကျယ်ပြန့်လာတာနဲ့အမျှ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တရုတ်အကျိုးစီးပွားတွေ ထိခိုက်လာမှာကို တရုတ်ဘက်က စိုးရိမ်နေတာပါ။ အထူးသဖြင့်တော့ AA ပိတ်ဆို့ထားတဲ့ ကျောက်ဖြူမြို့က တရုတ်စီမံကိန်းတွေကို အကာကွယ်ပေးဖို့ တရုတ်ဘက်က တောင်းဆိုထားသလို AA ဘက်ကလည်း သဘောတူ ထားတယ်လို့ ပြီးခဲဲ့တဲ့ AA သတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေရဲ့မေးမြန်းချက်ကို AA ပြောခွင့်ရ ခိုင်သုခက ဖြေကြားထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားအရ ကျောက်ဖြူမှာရှိနေတဲ့ တရုတ်စီမံကိန်းတွေနဲ့ပတ်သတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ စီမံကိန်းလေ့လာသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။


ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတာ ကြာလာတာနဲ့အမျှ အာရက္ခတပ်တော် AA ဘက်ကလည်း နယ်မြေသိမ်းပိုက်မှုတွေ ပိုများလာတာပါ။ အထူးသဖြင့်တော့ ရခိုင်မြောက်ပိုင်းမှာဆိုရင် စစ်တွေနဲ့ မောင်တောကလွဲရင် မြို့နယ်အားလုံးကို ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူမြို့နယ် တခုလုံးကိုလည်း AA ဘက်က ပိတ်ဆို့ထားပြီး မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ရှိနေတာပါ။ ဒီလိုအခြေအနေတွေကြောင့် ကျောက်ဖြူမှာရှိနေတဲ့ တရုတ်စီမံကိန်းနဲ့ အကျိုးစီးပွားတွေ ထိခိုက်လာမှာကို တရုတ်ဘက်က စိုးရိမ်နေပြီး ကာကွယ်ပေးစေချင်ကြောင်း စစ်ကောင်စီနဲ့ AA နှစ်ဘက်လုံးကို ပြောဆိုထားတာရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေရဲ့မေးမြန်းချက်ကို ဖြေဆိုခဲ့ပါတယ်။

“ အခု လက်ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက် လိုလားချက်တွေနဲ့ ပတ်သတ်ပြီး ကျနော် အထက်မှာလည်း ပြောပြီးသားဖြစ်ပါတယ်၊ ဆိုတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေပြီးတော့ တွေ့ဆုံ ဆွေးနွေးပြီးတော့ အဖြေရှာမယ့်ဟာကို သူ့ဘက်က လိုလားတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ အကျိုးစီးပွားတွေကို အပြည့်အဝ ကာကွယ်ပေးစေချင်တယ်၊ ပြီးတော့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်စေချင်တယ်၊ ဒါတွေက အဓိက သူတို့လိုလား ချက်ဖြစ်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး သူတို့ဘက်က ပြောဆိုချက်တွေကိုလည်း ကျနော်တို့ အထူး အလေးထားပါတယ်။”

AA ပြောခွင့်ရ ခိုင်သုခ (Screenshot Photo: အာရက္ခတပ်တော် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ)
AA ပြောခွင့်ရ ခိုင်သုခ (Screenshot Photo: အာရက္ခတပ်တော် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ)

ရခိုင်ပြည်နယ်မှာ စစ်ရေးအားဖြင့် အသားစီး ရနေသလို နယ်မြေသိမ်းပိုက်မှုတွေ တဖြည်းဖြည်း များလာနေတဲ့ AA အနေနဲ့ ရခိုင်ပြည်တွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အားလုံးကို ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“ အကျိုးစီးပွားတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဘယ်ရင်းနှီးမြှုပ်နှံမှုကိုမဆို ကျနော်တို့မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သတ်ပြီးတော့ အကာအကွယ်ပေးသွားဖို့ မူဝါဒက အရင်ကလည်း ကြေငြာထားပြီးသား ဖြစ်တယ်၊ အဲဒီမူဝါဒအတိုင်းပဲ အားလုံးကို ကိုင်တွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

လက်ရှိ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ တရုတ်စီမံကိန်းတွေထဲက သဘာဝဓာတ်ငွေ့စီမံကိန်းကတော့ ပုံမှန်လည်ပတ်နေပြီး တရုတ်နဲ့ စစ်ကောင်စီကြား အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကတော့ ရပ်တန့်နေတာ တွေ့ရတယ်လို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ကိုထွန်းကြည်က ပြောပါတယ်။

“ လက်ရှိအခြေအနေမှာတော့ တရုတ်စီမံကိန်းတွေထဲက ရွှေဂက်စ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကတော့ ပုံမှန် လည်ပတ်နေတာကို တွေ့တယ်။ စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ သိပ်ပြီး အနှောက်အယှက်ဖြစ်တာ မတွေ့ရဘူး။ ”

လက်ရှိ လည်ပတ်နေတဲ့ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ မြန်မာပြည် အလယ်ပိုင်းက မကွေးတိုင်း၊ မန္တလေးတိုင်းကတဆင့် ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်ပြီးတော့ တရုတ်နိုင်ငံ ကူမင်းမြို့အထိ သွယ်တန်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကနေ မြန်မာဘက်ကလည်း ပိုက်လိုင်းဖြတ်သန်းခ နှစ်စဉ် ဒေါ်လာသန်းချီ ရရှိနေတာ ဖြစ်ပါတယ်။ တရုတ်ဘက်တော့ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဓာတ်ငွေ့ပိုက်လိုင်း ထိခိုက်မှု ရှိမရှိစစ်ဆေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်သံတမန်တွေ ကျောက်ဖြူကို ရောက်ရှိနေကြတယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ် လက်မှတ်ထိုး အခမ်းအနား ( ၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်) (Photo: SAC Info)
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ် လက်မှတ်ထိုး အခမ်းအနား ( ၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်) (Photo: SAC Info)

လက်ရှိ ရပ်တန့်ထားတဲ့ ကျောက်ဖြူ အထူးစီးပွားရေးစီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက တရုတ်နဲ့မြန်မာကြား သဘောတူညီခဲ့တာဖြစ်ပြီး၊ NLD အစိုးရလက်ထက်မှာတော့ အကျိုးခံစားခွင့်တချို့ကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီစီမံကိန်းကို အမြန်ဆုံး အကောင် အထည်ဖော်နိုင်ဖို့ တရုတ်နဲ့ စစ်ကောင်စီကြား ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်ကို AA က ပိတ်ဆို့ပြီးတော့ စစ်ရေးပြင်ဆင်နေတာ ရှိသလို စီမံကိန်း ဧရိယာထဲမှာလည်း စစ်ကောင်စီက မြေမြုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ အခုလို စစ်ရေးတင်းမာနေတဲ့ အခြေအနေမျိုးမှာ တရုတ်အနေနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖေါ်မှာ မဟုတ်သေးဘူးလို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သုံးငြိမ်းက မြင်ပါတယ်။

“ ကျနော် မြင်တာကတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းက ဒါ မဟာဗျူဟာကျတဲ့ စီမံကိန်းပေါ့၊ ဘက်အသီးသီးအတွက် အရေးပါတယ်၊ အထူးသဖြင့် တရုတ်အတွက်ရော စစ်ကောင်စီအတွက်ရော အရေးပါတယ်ပေါ့နော်၊ ဆိုတော့ အခုဒီကြားထဲမှာပဲ AA က နောက်ထပ် Player ပလေယာတခု အနေနဲ့ ဝင်လာတာလေနော်။ ဆိုတော့ အဲလို အနေအထားမှာတော့ ကျနော် ထင်တယ်.. စစ်ကောင်စီဘက်ကလည်း တော်တော်ကြီးကို ခုခံကာကွယ်မှုတွေ လုပ်မယ်လို့ ယူဆရတယ်၊ တရုတ်ဘက်ကကျတော့လည်း ကျနော်မြင်တာက ဒီဟာတွေနဲ့ ပတ်သတ်လို့ သူ့အကျိုးစီးပွား ထိခိုက်လာမယ်ဆိုရင်တော့ ဘက်အသီးသီးနဲ့ ဆွေးနွေးမှုတွေ လုပ်လာမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ ကျနော်တို့ပြောတာ ခန့်မှန်းပြောတာပဲဖြစ်လိမ့်မယ်.. မသိသေးဘူးဗျာ။”


ဒါ့အပြင် လက်ရှိ အနေအထားအရ AA ဟာ ရခိုင်ပြည်နယ်မှာ နယ်မြေအားဖြင့်ရော စစ်ရေးအရပါ အသားစီး ရနေတာကြောင့် တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အားလုံးဟာ AA နဲ့ ပူးပေါင်း လုပ်ဆောင်ရမယ့်အနေအထား ရှိတယ်လို့လည်း ရခိုင်အရေးလေ့လာသုံးသပ်သူ ကိုထွန်းကြည်က ပြောပါတယ်။

“ ကျောက်ဖြူနဲ့ စစ်တွေကို နောက်ဆုံးပွဲဆိုပြီးတော့ အာရက္ခတပ်တော်ဘက်ကလည်း ဒီနယ်မြေတွေကို အပြီးသတ်ထိန်းချုပ်ဖို့အတွက် ပြင်ဆင်နေတဲ့ အခြေအနေမျိုးမှာရှိတယ်။ ဆိုတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံံမှု အများစုက AA နဲ့ ညှိနှိုင်းပြီးမှပဲ ရှေ့ဆက်ပြီးတော့ လုပ်လို့ရမယ့် အခြေအနေမှာ ရှိတယ်လို့ ကျနော်မြင်တယ်။ ဘာလို့ဆိုတော့ AA က ရခိုင်ဒေသမှာ Power ရော Authority နှစ်ခုစလုံးကို ရရှိထားတာပေါ့နော်၊ လူထုထောက်ခံမှုလည်း အပြည့်အဝ ရရှိထားသလို ဖြန့်ကျက်ပြီးတော့ ပါဝါတည်ဆောက်နိုင်မှုကလည်း အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်၊ ဆိုတော့ အာရက္ခတပ်တော်ရဲ့ အခန်းကဏ္ဍက ရခိုင်ဒေသအတွက် အရမ်းကို အရေးကြီးတဲ့ အခြေအနေဖြစ်တဲ့အခါကျတော့ AA နဲ့ မပူးပေါင်းပဲနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အကောင်အတည်ဖော်ဖို့ဆိုတာကတော့ အရမ်း ခက်လိမ့််မယ်လို့ ကျနော်မြင်ပါတယ်။”

ဒီမံကိန်းတွေနဲ့ပတ်သတ်ပြီး တရုတ်ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကို ဖိအားပေးတာတွေလည်း ရှိနေသလို စစ်ကောင်စီနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေတာပါ။ ဒီလအတွင်းမှာပဲ စစ်ကောင်စီရေတပ်အတွက် ကင်းလှည့်ရေယာဉ် ၆ စီး ထောက်ပ့့ံပေးတာရှိသလို နေပြည်တော်မှာလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနဲ့ ကျန်းမာရေးဝန်ထမ်းများ လေ့လာရေး သင်တန်းကျောင်းတခုကို တရုတ်ဘက်က လွှဲပြောင်းပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG