သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗျိုင်းဖြူကျေးရွာမှာ အစုလိုက်အပြုံသတ်ဖြတ်မှု မကျူးလွန်ခဲ့ဘူးလို့ စစ်ကောင်စီ ငြင်းဆိုချက် မှန်၊ မမှန်


စစ်တွေမြို့အဝင် (ဓါတ်ပုံ − C J)
စစ်တွေမြို့အဝင် (ဓါတ်ပုံ − C J)
ဗိုလ်ချုပ်ဇော်မင်းထွန်း

ဗိုလ်ချုပ်ဇော်မင်းထွန်း

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်

ဗျိုင်းဖြူကျေးရွာ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ် အဲ့ဒီမှာ AA အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိနေတယ်ဆိုတဲ့ ဒေသခံတွေရဲ့ မြေပြင်သတင်းပေးချက်အရ တပ်မတော်အနေနဲ့ မေလ (၂၉) ရက်နေ့မှာ ဗျိုင်းဖြူ‌ကျေးရွာမှာ ဝင်ရောက် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်။ နယ်မြေလုံခြုံရေး ဆောင်ရွက်တဲ့နေရာမှာ ရွာထဲဝင်သွားတုန်းကတော့ အေးအေးဆေးဆေးပါပဲ။ ရွာထဲရောက်တဲ့အခါမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့သူတွေကို ခေါ်ယူမေးမြန်းနေတယ်။ ခေါ်ယူမေးမြန်းနေတဲ့ အချိန်မှာပဲ ဗျိုင်းဖြူရွာသားမဟုတ်တဲ့ (၃) ဦး က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ကို လုယူပြီး ရန်ပြုဖို့ ကြိုးစားတယ် ဒါကြောင့်မို့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ သေနတ်လုယူတဲ့ အမျိုးသား (၃) ဦးသေဆုံးခဲ့တာရှိတယ်။ အဲ့ဒီထဲမှာ မသင်္ကာတဲ့ လူ (၂၀) လောက်ကို ခေါ်ယူထိမ်းသိမ်းပြီးတော့ စစ်ဆေးနေလျက်ရှိတယ်။

ဒါက မှားယွင်းပါတယ်။
အချက်အလက်စစ်ဆေးခြင်း

စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံက သေနတ်လုယူဖို့ကြိုးစားတဲ့ အမျိုးသား (၃) ဦးကိုသာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လူပေါင်း (၄၀) ကျော်သေဆုံးခြင်းနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ (၄) ရက်နေ့မှာ ငြင်းချက်ထုတ်ပါတယ်။ ဒါဟာ AA ဘက်က လိမ်ညာဝါဒဖြန့်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါက မှားယွင်းနေပါတယ်။

၂၀၂၄ ခုနှစ် မေလ (၂၉) ရက်နေ့မှာ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေဝင်ရောက်လာပြီးနောက် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးများပါမကျန် ဖမ်းဆီးခဲ့ပြီး ဒေသခံ (၄၁) ဦးကို အစုအလိုက်အပြုံသတ်ဖြတ်ခဲ့တယ်လို့ ရခိုင်ဒေသအခြေစိုက်သတင်းများကို ဦးစားပေးဖေါ်ပြနေတဲ့ Development Media Group က မြေပြင်သတင်းရင်းမြစ်များရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဇွန်လ (၁) ရက်နေ့က သတင်းရေးသားဖေါ်ပြခဲ့ပါတယ်။ Development Media Group ရဲ့ သတင်းဖေါ်ပြမှုအတွင်း အစုလိုက်အပြုံသတ်ဖြတ်ခံရမှုအတွင်း သေဆုံးသွားရသူတွေရဲ့ အမည်စာရင်းကိုလည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ Development Media Group သတင်းဌာနကနေပြီး ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားမှုကိုလည်း ဖေါ်ပြထားတာကိုတွေ့ရပါတယ်။

Development Media Group သတင်းဖေါ်ပြချက် ဖတ်ရှုရန် - https://tinyurl.com/bd8k5sa5

ဗျိုင်းဖြူကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းခံရသူပေါင်း (၃၀) ကျော်ရှိပြီး သေဆုံးသွားသူတွေထဲမှာ ရခိုင်အဆိုတော် ဦးကျော်လှနဲ့ သားဖြစ်တို့ ပါဝင်တယ်လို့ ရခိုင်အခြေစိုက် သတင်းဌာန ဖြစ်တဲ့ နိရဉ္စရာ သတင်းဌာနက မေလ (၃၁) ရက်နေ့ မှာ ရေးသားဖေါ်ပြခဲ့ပါတယ်။ အဆိုပါသတင်းဖေါ်ပြမှုအတွင်း ရခိုင်အမျိုးသားရေးဆိုင်ရာပုံတွေ၊ စာသားတွေစတဲ့ တက်တူးထိုးထားသူတွေကို ရွေးချယ် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရေးသားထားတာတွေ့ရပါတယ်။

နိရဉ္စရာသတင်းဌာန သတင်းဖေါ်ပြချက် ဖတ်ရှုရန် - https://tinyurl.com/yy3vw34y

၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်နေ့မှာ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာအတွင်းကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး အပြစ်မဲ့ အရပ်သားပြည်သူ (၅၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းတို့ ကျူးလွန်ခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဇွန်လ (၂) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဆိုပါသတင်းထုတ်ပြန်ချက်အတွင်း သေဆုံးသွားသူတွေရဲ့ အမည်စာရင်းအချို့ ဖေါ်ပြထားပြီး အမျိုးသမီး (၃) ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတယ်ဆိုတဲ့ ဖေါ်ပြချက်လည်းပါရှိပါတယ်။

ဇွန်လ (၄) ရက်နေ့မှာ့ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက ၊ ဇွန်လ (၄) ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ထပ်မံထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှာ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ (၄) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ ဖမ်းဆီ:သတ်ဖြတ်မှုကြောင့် အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်းပြည်သူ (၅၁)ဦး သေဆုံးခဲ့တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က လူမဆန်တဲ့သတ်ဖြတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုဝင်တွေ သတိတရဆုတောင်းပေးကြောင်း ဗြိတိသျှသံရုံး ရန်ကုန်က ဇွန်လ (၄) ရက်နေ့မှာ ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နာကနေ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အတွင်း အရပ်သားပြည်သူများအားလုံးကို အကာအကွယ်ပေးရမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုအားလုံးအတွက် တာဝန်ခံမှုရှိရမယ်လို့ ထည့်သွင်းထားတာတွေ့ရပါတယ်။

အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေအကြား အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၂၂ ခုထက်မနည်း ရှိခဲ့ တယ်လို့ ISP Myanmar က အချက်အလက်ကောက်ယူပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အဲ့ဒီ အချက်အလက်ထုတ်ပြန်မှုအတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးရတဲ့ ဖြစ်စဉ်တွေပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အစုလိုက်အပြုံလိုက်တဲ့ သတ်ဖြတ်တဲ့ ဖြစ်စဉ်ကတော့ (၁၅) ကြိမ်ထက်မနည်းရှိတာကိုတွေ့ရပါတယ်။

ISP Myanmar ရဲ့ အချက်အလက်ကောက်ယူဖေါ်ပြမှု ဖတ်ရှုရန် - https://tinyurl.com/bdh2vpse

သုတေသန အဖွဲ့အစည်းဖြစ်တဲ့ BNI – Myanmar Peace Monitor ရဲ့ ၂၀၂၄ ခုနှစ် မေလ အတွင်း ထုတ်ပြန်ခဲ့တဲ့ အပတ်စဉ်သတင်းသုံးသပ်ချက်အတွင်းမှာတော့ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ (၁၅) ရက် ၂ နှစ်ကျော်ကာလအတွင်း (၅) ဦးနဲ့ အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၁၅၄ ခုရှိခဲ့ပြီး အဲ့ဒီအထဲမှာ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ် (၇၆) ခုအထိရှိတယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ပေါင်းရဲ့ (၅၀) ရာခိုင်နီးပါးအထိရှိတယ်လို့ သုံးသပ်ချက်အတွင်း ဖေါ်ပြထားပါတယ်။

၂၀၂၄ ခုနှစ် မေလ (၁၃) ရက်နေ့ မှာလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ဘုန်းကြီးကျောင်းအတွင်း ထွက်ပြေး ခိုလှုံနေတဲ့ အရပ်သားပြည်သူ ၃၂ ဦးကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကို သတင်းဌာနတွေ ရုပ်သံဖိုင်များနှင့်တကွ ဖေါ်ထုတ် ရေးသားထားကြပြီး VOA မြန်မာပိုင်းသတင်းဌာနကလည်း အသက်မသေဘဲ လွတ်မြောက်လာသူကို ဆက်သွယ်မေးမြန်းပြီးဖေါ်ပြထားပါတယ်။

စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စစ်ကောင်စီဘက်က ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ငြင်းဆိုထားပေမယ့် ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာများအပါအဝင် သတင်းမီဒီယာတွေကတော့ ဗျိုင်းဖြူကျေးရွာအတွင်း လူပေါင်း (၃၀) ထက်မနည်းတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဖေါ်ပြနေကြတာတွေ့ရပါတယ်။ သတင်းဖေါ်ပြချက်တွေအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေရဲ့ အမည်များနဲ့ အသက်အရွယ် အပိုင်းခြားတွေကိုပါ စုံစမ်းဖေါ်ပြထားကြတာတွေ့ရပါတယ်။

XS
SM
MD
LG