သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေ ထိခိုက်သေဆုံးနေရတဲ့ ရခိုင်တိုက်ပွဲ


အမ်းမြို့ (Photo: C J)
အမ်းမြို့ (Photo: C J)

ရခိုင်ပြည်နယ် အမ်း တောင်ကုတ် သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဒီရက်ပိုင်း ပိုပြင်းထန်နေသလို အရပ်သားထိခိုက် သေဆုံးတာတွေလည်း တိုးလာနေတာပါ။ ပြီးခဲ့တဲ့ရက်က အမ်းမြို့နယ်က သဲကမ်းထောင်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့တာပါ။ ဒါ့အပြင်မြေပုံ မောင်တောနဲ့ သံတွဲမြို့နယ်မှာလည်း ဒီရက်ပိုင်း အရပ်သားသေဆုံးတာတွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို ဇော်မိုးကျော်က ပြောပြပါမယ်။


ရခိုင်ပြည်နယ်က အမ်း တောင်ကုတ် သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို အာရက္ခတပ်တော် AA ဘက်က တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တနေ့ထက်တနေ့ တိုက်ပွဲတွေ ပိုပြင်းထန်လာ နေတာပါ။ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးတာတွေလည်း တိုး လာနေပါတယ်။

ဇွန် ၂၀ ရက်နေ့ကလည်း တိုက်ပွဲ ပြင်းထန်နေတဲ့ အမ်းမြို့နယ်အတွင်းက သဲကမ်းထောင်း ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ အမ်းမြို့နယ်မှာနေတဲ့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်က ပြောပါတယ်။

“ မနေ့ကတော့ အမ်းမြို့နယ်က သဲကမ်းထောင်းဆိုတဲ့ ရွာကို လေယာဉ်နဲ့ လာပစ်တာ ရှိတယ်။ ဂျက်ဖိုက်တာနဲ့ကို လာပစ်တာဆိုတော့ အဲဒီမှာ ကလေးငယ်တွေ သေတာ ကျနော်တို့တွေ့ရတယ် ဆိုတော့ လက်နက်သံတွေက တောက်လျောက်ကြားနေရတယ် တိုက်ပွဲက အတော် ပြင်းထန်နေတယ်လို့ ပြောလို့ရတယ်။ ဒီရက်ပိုင်းအတွင်းဆိုတော့ လေယာဉ်ကလည်း နေ့တိုင်းလိုလို ဂျက်ဖိုက်တာတွေ လာပြီးတော့ ပစ်တာရှိတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း မြေပုံမှာ လာပစ်တာရှိတယ် မနေ့ကလည်း အမ်းမှာ လာပစ်တယ်။တောင်ကုတ်ဘက်မှာလည်း အဲဒီအတိုင်းပဲ တောက်လျောက် လေယာဉ်နဲ့ လာပစ်တာတွေ့နေရတယ်။”


အာရက္ခတပ်တော် AA အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနာချုပ်တည်ရှိတဲ့ အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ လနဲ့ချီ ရှိနေပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီနဲ့ AA ကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြသလို AA ဘက်က အမ်းမြို့လေယာဉ်ကွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။

ဒါ့ပြင် တောင်ကုတ်မြို့နယ်မှာလည်း စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်တွင်းဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နေပူတောင်အနီးမှာ AA ဘက်က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ တောက်ကုတ်မြို ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးကြတာရှိသလို တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။

“ ပစ်သံခတ်သံကတော့ ညပိုင်းလောက်မှာ လက်နက်ကြီး ပစ်သံတွေတော့ နည်းနည်းကြား လိုက်တယ်။ ပိတ်မိနေတဲ့ သူတချို့ကလည်း အစောကြီး ကာလကတည်းက စိုးရိမ်ပြီးတော့ ရှောင်နေတဲ့သူတွေလည်း ရှိပါတယ်။ အခုလောလောဆယ် မြို့တဝက် မြို့ရဲ့သုံးပုံနှစ်ပုံလောက် မြို့ထဲမှာ ထွက်ဖို့ အခက်အခဲဖြစ်နေကြတယ်။”

ကုန်စည်စီးဆင်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် တောင်ကုတ်မြိုဒေသခံတွေ စားနပ်ရိက္ခာတွေလည်း ခက်ခဲနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ဒေသခံတွေရဲ့ တူညီတဲ့ သဘောထားကတော့ တိုက်ပွဲ အမြန်ပြီးစေချင်တယ်၊ ပြီးတော့ အခု လမ်းတွေပိတ်ထားတာဖြစ်တဲ့အတွက် လမ်းတွေလည်း မြန်မြန် ဖွင့်စေချင်တယ်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကအစ အကုန်ပြတ်လပ်နေတဲ့ အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်။”

ဒါ့အပြင် သံတွဲငပလီ ကမ်းခြေတလျောက်မှာလည်း တိုက်ပွဲတွေဆက် လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အပြင်းအထန်ခုခံ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ရခိုင်မြောက်ပိုင်းက မောင်တောမြို့ကို AA ဘက်က အင်အား အလုံးအရင်းနဲ့ ဆက်လက် ထိုးစစ်ဆင်နေပြီး ပိတ်မိနေသူ အများအပြားရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၁၂ ရက်နေ့ ၆ လတာ ကာလအတွင်း အရပ်သား ၁၈၇ ဦးသေဆုံးခဲ့ရသလို အရပ်သား ၃၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူ ၁၄၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG