သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကျော်ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် သတိပေး


မြန်မာနယ်စပ်မှာလုံခြုံရေးယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားများ (ယခင်ပုံဟောင်း)
မြန်မာနယ်စပ်မှာလုံခြုံရေးယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားများ (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြား နတ်မြစ်ကို ကျော်ပြီး မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ် နယ်စပ်ကျော် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထပ်ပြီး ပစ်ခတ်တာတွေ လုပ်ရင် လက်တုံ့ပြန်ပစ်ခတ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတိပေး ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပစ်ခတ်တာတွေ မလုပ်ဖို့ မြန်မာစစ်ကောင်စီကိုရော၊ အာရက္ခတပ်တော် AA ကိုရော အကြောင်းကြားပြီး ဖြစ်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မနေ့က သတင်းထောက်တွေကို ပြောဆိုတာပါ။

မကြာသေးခင် တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော် AA ဘက်က မြန်မာနယ်စပ် အဓိကကျတဲ့ မြို့ကြီးတော်တော်များများကို သိမ်းပိုက်နေပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေတဲ့အကြောင်းလည်း ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် နတ်မြစ်အတွင်း ကုန်စည်သယ်ယူရေးတွေ ထိခိုက်ခဲ့ရသလို၊ အရှေ့တောင်ပိုင်း Cox's Bazar နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်မ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိခိုက်ခဲ့တာ၊ အထူးသဖြင့် သန္တာကျောက်တန်းတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ St. Martin ကျွန်းကို စားနပ်ရိက္ခာတွေ မပို့နိုင်တဲ့အထိ အခက်အခဲတွေ ကြုံလာရတာကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ထောက်ပြပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြားမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထပ်ဝင်ရောက်တာတွေ ရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်ကူညီရေးနဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ တာဝန်ခံ Mohammed Mizanur Rahman က ရိုက်တာ သတင်းဌာနကို ‌ပြောပါတယ်။ အရေအတွက် အတိအကျကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။
မြန်မာနိုင်ငံဘက်က ဝင်လာတဲ့ နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်မခံနိုင်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငြင်းဆိုထားပေမဲ့ ဒီရက်ပိုင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ ရောက်လာတာတွေ ရှိနေတယ်လို့ သတင်းရတဲ့အကြောင်း သူက ပြောဆိုတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG