သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငပလီမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ် 


ငပလီမြို့ တံငါရွာတခုမြင်ကွင်း (အောက်တိုဘာ ၂၀၁၅)
ငပလီမြို့ တံငါရွာတခုမြင်ကွင်း (အောက်တိုဘာ ၂၀၁၅)

ရခိုင်ပြည်နယ်တောင်ပိုင်းက နာမည်ကျော်ကမ်းခြေရှိရာ ငပလီမှာ ဒီကနေ့လည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ အမ်းနဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေတာပါ။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြတားပါတယ်။

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်က ကမ္ဘာလှည့်ခရီးသွားတွေ အလားများတဲ့ ငပလီကမ်းခြေက မဇင်လေဆိပ်ကို အာရက္ခတပ်တော် AA ဘက်က သိမ်းလိုက်တယ်လို့ သတင်းထွက်ပေါ်ပြီးနောက် ငပလီကမ်းခြေတလျှောက် နှစ်ဘက်တိုက်ပွဲတွေ တနေ့ထက်တနေ့ပြင်းထန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း မဇင်လေဆိပ်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ဗုံးကြဲတာတွေရှိနေတယ်လို့ ငပလီကနေ ဘေးလွတ်ရာကို ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

“သံတွဲကကျတော့ အခု ဇီးဖြူကုန်း မဇင်လေဆိပ်ဘက်ပေါ့နော်အဲဒီမှာ တိုက်ပွဲဖြစ်တယ်၊ ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ဗုံးကတော့ လူနေရပ်ကွက်ဘက်ကို ကြဲတာနည်းတယ်၊ ဒါပေမယ့် လူနေရပ်ကွက်ကို ကျတာမျိုးလည်းရှိတယ်၊ အများစုကတော့ သူတို့က ဘေးပတ် ပတ်လည်က AAတွေခိုပုန်းနိုင်တဲ့ နေရာမျိုးလောက်ကိုမှန်းပြီးတော့ ကြဲတယ်လို့အခုမှ ထွက် လာတဲ့ သူတွေက ပြောကြတယ်။”

ငပလီလေဆိပ်ကို AA ဘက်က သိမ်းလိုက်ပြီလို့ ဒေသခံတွေပြောဆိုကြတာရှိသလို ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြကြတာတွေ့ရပေမယ့် AA ဘက်ကတော့ ငပလီ တိုက်ပွဲနဲ့ ပတ်သတ်ပြီး တစုံတရာထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ စစ်ကောင်စီဘက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမဲ့ သံတွဲ ငပလီ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ခြင်းမရှိသေးပါဘူး။

ခရီးသွားတွေကြား ရေပန်းစားပြီး နိုင်ငံခြားဝင်ငွေ အမြောက်အများရှာပေးနိုင်တဲ့ ငပလီမှာ စစ်အရာရှိကြီးတွေနဲ့ နီးစပ်သူတွေရဲ့ စီးပွားရေးတွေလည်း ရှိနေတာပါ။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ ငပလီကမ်းခြေ AA လက်အောက် မကျဆုံးရေးအတွက် ရေတပ် လေတပ်တွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်နေတာဖြစ်သလို လာမယ့်ရက်တွေမှာလည်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ရခိုင်တိုက်ပွဲ စောင့်ကြည့်လေ့လာနေသူတွေက သုံးသပ် ပြောဆိုကြပါတယ်။

ငလပီဒေသခံတဦးပြောပြချက်အရတော့ ငပလီကမ်းခြေတလျှောက်မှာ စစ်ကောင်စီက ရေတပ်သင်္ဘောတော် တော်များများ တိုးချဲ့ချထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

“ အခုမှ ထွက်လာတဲ့ လူတွေရဲ့ ပြောစကားအရတော့ ရေတပ်က တော်တော်အင်အားဖြည့် ထားတယ်လို့ ကြားတယ်၊ ကမ်းခြေလျှောက်လုံးကိုမှ စစ်တပ်ပိုင်နေဗီတွေမှ အများကြီးပဲ။ ဆိုတော့ ဖြစ်လာပြီဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ရွာတွေ မြို့တွေ အကုန်ပျက်သွား နိုင်လောက်တယ်ပေါ့လေ၊ အဲဒါကြောင့် ရွာထဲမှာ မနေရဲလို့ ထွက်လာတဲ့သူ တွေအများကြီးရှိ ဒီနေ့မှ ထွက်လာသူတွေလည်းအများကြီးပဲ။”

ဒီအတောအတွင်း ရခိုင် တောင်ပိုင်း အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အားထားအရဆုံး ဗျူဟာကုန်းဖြစ်တဲ့ တောဟိန်းတောင်ကုန်းကို AA ဘက်ကဒီရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ပြီး ကျန်တဲ့တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အမ်းမြို့နယ်မှာရှိနေတဲ့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်က ဗွီအိုအေကို ပြောပါတယ်။

“ အမ်းတိုက်ပွဲအခြေအနေကတော့ မနေ့ကတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်တာ မကြားရဘူး။ ဒါပေမဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ အမ်းမြို့ဘက်ကနေပြီးတော့ ပစ်ခတ်သံတွေတော့ တော်တော်များများကြားတယ်ပေါ့နော်၊ မနက်ပိုင်းတပိုင်းလုံးလို့ ပြောရမှာပဲ နေ့လည်ခင်းလောက်မှာပဲ နည်းနည်းငြိမ်သွားတဲ့ သဘောမှာ ရှိပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ရခိုင်မြောက်ပိုင်းက မောင်တောမှာ မြို့သိမ်း တိုက်ပွဲစတင်တော့မယ်ဆိုပြီး မြို့ခံတွေကို AA ဘက်က တိမ်းရှောင်ကြဖို့ သတိပေးထားသလို တိုက်ပွဲတွေလည်း ဆက်လက်ရှိနေတာပါ။ ဒါပေမယ့်လည်း မောင်တောဒေသ မှာဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသတွင်း အခြေအနေ သိရဖို့ ခက်ခဲနေပါတယ်။

မောင်တောမြို့နယ်မှာရှိတဲ့ WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် သိုလှောင်ရုံကို ပြီးခဲ့တဲ့ သောကြာနေ့က ဖောက်ထွင်းခံရပြီး လူသားချင်းစားနာမှုအကူအညီအထောက်အပံ့ပစ္စည်းတွေ လုယက်ခံရသလို မီးရှို့ခံခဲ့ရတာနဲ့ပတ်သက်လို့ ရှုတ်ချကြောင်း WFPက မနေ့က ကြေညာချက် ထုန်ပြန်ခဲ့ပါတယ်။

AA ဘက်ကတော့ WFP ရုံးကို စစ်ကောင်စီနဲ့ သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ ပူးပေါင်းပြီးတော့ မီးရှို့ဖျက်စီးခဲ့တာဖြစ်တယ်လို့ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ ပြောခွင့်ရကတော့ ဂိုဒေါင်လုယက်ဖျက်ဆီးမှုဟာ AA အဖွဲ့ရဲ့ လက်ချက်အဖြစ် ဒီကနေ့ပဲ တုံ့ပြန်ခဲ့တာပါ။ ဂိုဒေါင်တွေကို AA အဖွဲ့က အဝေးထိန်းဒရုန်းတွေသုံး တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တာလို့လည်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG