သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသခံတွေစိုးရိမ်


မောင်တောမြို့နယ် ကျောက်ပန္ဒူစခန်းကို သိမ်းယူခဲ့ကြောင်း AA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၃၊ ၂၀၂၄)
မောင်တောမြို့နယ် ကျောက်ပန္ဒူစခန်းကို သိမ်းယူခဲ့ကြောင်း AA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၃၊ ၂၀၂၄)

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး AA အာရက္ခတပ်တော်က စစ်တွေကို ချဉ်းကပ်လာတဲ့ အတွက် မြန်မာစစ်ကောင်စီဘက်က စစ်သင်္ဘောတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Saint Martin ကျွန်း ဝန်းကျင်ကို စေလွှတ်နေတဲ့အကြောင်း မျက်မြင်သက်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်၊ နယ်စပ်မှာ နေထိုင်သူတွေရဲ့ နေထိုင် ရပ်တည်မှုကို ထိခိုက်လာသလို တိုက်ပွဲတွေ နယ်စပ်ကျော် ဝင်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မြန်မာဘက်က စစ်သင်္ဘောတွေကို ရှင်းရှင်လင်းလင်း မြင်ရတဲ့အကြောင်း၊ တိုက်လေယာဉ်တွေလည်း အနီးကပ် ပျံသန်းတာတာကို တွေ့ရပြီး ဆက်လက် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စိုးရိမ်ပူပန်ပြီး အိပ်မရတဲ့ အကြောင်း နယ်ခြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောပါတယ်။

နယ်ခြား စစ်စခန်း တော်တော်များများကို အာရက္ခတပ်တော် AA အလံတွေ လွှင့်ထားတာကို မြင်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသခံတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကတော့ နယ်ခြား နတ်မြစ်ကို ကျော်ပြီး မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ် နယ်စပ်ကျော်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထပ်ပြီး ပစ်ခတ်တာတွေ လုပ်ရင် လက်တုံ့ပြန်ပစ်ခတ်မယ့်အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီကိုရော AA ကိုပါ သတိပေး ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ အစုလိုက် ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို ထပ်ပြီး ရောက်လာမှာကိုလည်း ဒေသခံတွေ ပူပန်နေကြပါတယ်။ တိုက်ပွဲတွေကြောင့် နတ်မြစ်အတွင်း ကုန်စည် သယ်ယူရေးတွေ ထိခိုက်နေသလို ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ St. Martin ကျွန်းကို စားနပ်ရိက္ခာတွေ မပို့နိုင်တဲ့ အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ မကြာခဏ ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG