သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငပလီမှာ စစ်ကောင်စီနဲ့ AA တပ်ဖွဲ့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်


ငပလီမြို့ တံငါရွာတခုမြင်ကွင်း (အောက်တိုဘာ ၂၀၁၅)
ငပလီမြို့ တံငါရွာတခုမြင်ကွင်း (အောက်တိုဘာ ၂၀၁၅)

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်က အပန်းဖြေကမ်းခြေမြို့ဖြစ်တဲ့ ငပလီမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ ထိခိုက်မှုတွေနဲ့ နေရပ်စွန့်ခွာသူတွေလည်း တိုးလာနေတာပါ။ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

သံတွဲမြို့နယ် ငပလီကမ်းမှာရှိတဲ့ မဇင်လေဆိပ်ကို AA အဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ဆက်တွဲ ဒီကနေ့အထိ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငပလီအခြေစိုက် စစ်ကောင်စီတပ်ကို AA အဖွဲ့က ဒီကနေ့လည်း ဆက်လက် တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပါသုံးပြီး တုံ့ပြန်နေတယ်လို့ မြို့ခံအမျိုးသမီး တယောက်ကပြောပါတယ်။

“ ပင်လယ်နားမှာတော့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတယ် ငပလီနားမှာလေ အဲဘက်အခြေ အနေက ကျမတို့က အသံတွေပဲ ကြားနေရတယ်၊ အုန်း ဒုန်း ဗုန်းနဲ့ ကိုယ်တွေနဲ့ လေးငါး ခြောက်မိုင်လောက်ကွာတော့ အသံပဲကြားရတာ။ ပြင်းပြင်းထန်ထန်ဆိုတာလေ ခုနားကဆိုရင် ဂျက်ဖိုက်တာ လေယာဉ်ပျံလာတယ် ပြီးတော့ ပတ်ပြီးတော့ ဗုံးကြဲတဲ့ အသံကြားရတယ်၊ နောက် ခဏခဏး ဒုန်း ဒုန်း နဲ့ လက်နက်ကြီးနဲ့ ထုနေတဲ့ အသံတွေ ကြားရတယ်ပေါ့။”

မနေ့ကညသန်းခေါင်းမှာလည်း ငပလီကမ်းခြေက မဇင်လေဆိပ်အနီးကို စစ်ကောင်စီက လေယာဉ် နဲ့ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ လည်း လက်ရှိဘေး လွတ်ရာကို ထွက်ပြေးနေရတဲ့ ငပလီဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ မနေ့ကည ၁၂နာရီကျော် ၁နာရီလောက်မှာတော့ ဇီးဖြူကုန်း မဇင်ဘက်ကို ဗုံးကြဲတယ် လို့ကြားတယ်။ ဒါပေမယ့် သူတို့ဗုံးကြဲတာက လူနေရပ်ကွက်တွေကို အဓိကမဟုတ်ပဲနဲ့
တောတွေတောင်တွေကို ကြဲတာ ဒါပေမယ့် သေဆုံးထိခိုက်ဒဏ်ရာ တာတွေလည်းရှိတယ် လို့ကြားတယ်၊သတင်းအတိအကျတော့ အခုထိ စုံစမ်းလို့မရသေးဘူးပေါ့နော်။ ”

အခုလို တိုက်ပွဲတွေ တရက်ထက်တရက်ပိုမိုပြင်းထန်လာတာကြောင့် ငပလီကမ်းခြေ တောက်လျှောက်က ဒေသခံတွေဟာ ဂွမြို့နယ် ဘေးလွတ်ရာနေရာတွေကို ဆက်လက် ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ သံတွဲမြို့မှာလည်း အများစု တိမ်းရှောင်နေကြောင်း မြို့ခံတယောက်ကပြောပါတယ်။ေ

“ အခုကလေမြို့ပေါ်မှာ ဆယ်အိမ်မှာ ၈ အိမ်က လူမရှိတော့ဘူး၊ တမြို့လုံးခြောက်ကပ် နေတယ်။ဈေးကလည်း ဒီနေ့မနက်က ပိတ်လိုက်ပြီ၊ ဈေးလည်းပိတ်ထားတယ် ဆေးရုံမှာ လည်း ဆရာဝန်တွေ တယောက်မှ မရှိတော့ဘူး။”

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက ခရီးသွားတွေကြား ရေပမ်းစားတဲ့ ငပလီမှာပါ အခုနောက်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးမှု နောက်အခြေအနေတွေအတွက် လတ်တလော စစ်ကောင်စီရော၊ AA အဖွဲ့ကပါ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ကြီးထွားလာတာနဲ့အမျှ ဒေသခံရခိုင်တိုင်းရင်းသားတွေ၊ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG