သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ် အထူးစီးပွားရေးဇုံမှာ စစ်ကောင်စီထိုးစစ်ကြောင့် ဒေသခံတွေတိမ်းရှောင်


ထားဝယ် သရက်ချောင်းဒေသယခင်မှတ်တမ်းဓာတ်ပုံ။ (photo: C J)
ထားဝယ် သရက်ချောင်းဒေသယခင်မှတ်တမ်းဓာတ်ပုံ။ (photo: C J)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲ‌တွေကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က တချို့သေဆုံးတာရှိသလို၊ဒေသခံအရပ်သားတဦးလည်း သေဆုံးတယ်လို့သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လအလယ်ပိုင်း ရွာတွေထဲ ၁၀ ရက် ဝန်းကျင် စစ်ဆင်ရေးထိုးလာတယ်လို့ သိရပါတယ်။ အဲဒီအချိန်ကတည်းက ဒေသတွင်းမှာရှိတဲ့ ရွာခံတွေဟာ ထွက်ပြေးခဲ့ကြတာပါ။ ဇွန်လ ၃၀ ရက်နေ့မှာ အဲဒီစစ်ကြောင်း တကျော့ပြန် ဝင်ရောက်လာပြီး ရေနက်ဆိပ်ကမ်းဘက် တခြမ်းလုံးကို အင်အားဖြန့်ကျက်ထားတယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"ထားဝယ်ကနေ လောင်းလုံးအဝင် ကမြောကင်းတံတားကနေ ရေနက်ဆိပ်ကမ်းဘက်ထိ ရေဖြူတခြမ်းလုံးကို စစ်အင်အားတွေတိုးချဲ့ပြီးတော့ စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်ဗျ။ အဓိကတော့ သူတို့မောရဝတီ ရေတပ်စခန်းဘက်ကနေ ပင်လက်ဘက်ကပ်လျက် ဇာဒီလမ်းတလျှောက်ကို စစ်ကြောင်းတွေထိုးတယ်။ ပြီးရင် ရေဖြူကနေပြီးတော့ ရေး-ထားဝယ်လမ်းမရဲ့ အနောက်ဘက်တကြောလုံးကို သူတို့စစ်ကြောင်းတွေထိုးတယ်။ ရေနက်ဆိပ်ကမ်းကို သူတို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ သဘောရှိတယ်ပေါ့နော်။"

စစ်ကောင်စီအဖွဲ့တွေ ရွာတွေထဲမှာရှိနေတာကြောင့် ဒေသခံတွေ ပြန်ဖို့ခက်နေတယ်လို့ သိရပါတယ်။ စစ်ဆင်ရေးတွေကြောင့် အထူးစီးပွားရေးဇုန် ဒေသမှာရှိတဲ့ ကျေးရွာ ၈ ရွာထက်မနည်း ဒေသခံအားလုံး တိမ်းရှောင်နေကြတာပါ။ ရွာထဲကို စစ်ကောင်စီအဖွဲ့တွေ ပစ်ခတ်ပြီးဝင်ရောက်ချိန် ရွာသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

"လဲရှောင်မှာ ရှိပါသေးတယ်။ ဒေသခံတွေကတော့ အကုန်လုံးပြေးနေရတယ်။ ကျနော်လည်း ပြေးနေရတယ်။ အကုန်လုံး တောထဲမှာနေတာပဲ။ ရွာထဲမှာက တယောက်မှမရှိတော့ဘူး။ အဲလိုမျိုးတော့ မဖြစ်ချင်ဘူးပေါ့။ သူတို့ရွာတွေထဲလာတော့ ရွာထဲကလူတွေက လူအိုတွေရော အကုန်ပြေး၊ ကလေးတွေလည်း တယောက်မကျန်၊ အကုန်လုံးပြေးနေရတာ။ ကျနော်တောင် ပစ်ခံထိဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ကျနော်က လမ်းမှာနေတာကို။ သူတို့က ရွာထဲဝင်တာနဲ့ သေနတ်နဲ့ပစ်တာပဲ။ ကျနော်လန့်ပြီး ထပြေးတာ၊ ထပြေးတော့ သူတို့ကလည်း ပစ်တာနဲ့ ကျနော်ပြေးတာပဲ။ ကျနော်ကတော့ ပြေးလို့လွတ်တယ်။ တယောက်ကတော့ ပစ်ခံထိပြီး သေသွားတယ်။ ကျနော်တို့ပဲ မီးသင်္ဂြိုဟ်ပေးလိုက်တာလေ။"

လဲရှောင်ရွာမှာ တော်လှန်ရေးအဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒေသတွင်းမီဒီယာတွေမှာတော့ အထူးစီးပွားရေးဇုန်ဒေသမှာ ဇူလိုင်လ ၂ ရက်၊ အင်္ဂါနေ့တုန်းက ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရေဖြူမြို့နယ် ပကဖရဲဘော် ၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG