သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန်ရှမ်းမြောက်တိုက်ပွဲ သုံးသပ်ချက်


လားရှိုးမြို့ပေါ်တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပြီး ဒေသခံတချို့သေဆုံး (ဇူလိုင် ၃၊ ၂၀၂၄)
လားရှိုးမြို့ပေါ်တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပြီး ဒေသခံတချို့သေဆုံး (ဇူလိုင် ၃၊ ၂၀၂၄)

ရှမ်းပြည်မြောက်ပိုင်း တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေဟာ ဒေသလွတ်မြောက်ရေးသက်သက်မဟုတ်တော့ဘဲ နွေဦးတော်လှန်ရေးရဲ့အစိတ်အပိုင်းအဖြစ် တနိုင်ငံလုံး စစ်အာဏာရှင်လွတ်မြောက်ရေးတိုက်ပွဲပုံစံဖြစ်လာတယ်လို့ သုံးသပ်သူတချို့ ယူဆပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေပါ ပါဝင်ကြတဲ့ ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးမှာ ဘာတွေ ထူးခြားပါသလဲ။ ကိုဝင်းမင်း ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနှစ်ဆန်းမှာ တရုတ်ကြားဝင်ပေးမှုနဲ့ အပစ်ရပ်လိုက်ချိန် ဝိုင်းထားခဲ့တဲ့ လားရှိုးကို၊ အခု ပြီးခဲ့တဲ့ စနေနဲ့ တနေ့ (အင်္ဂါ) ညက MNDAA ဦးဆောင် ပြန်စတိုက်လိုက်တာရဲ့ ထူးခြားမှုကို မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို ထောက်ပြပါတယ်။

"၁၀၂၇ စစ်ရေးစီမံကိန်းစတင်တဲ့အချိန်တုန်းက ကြေညာချက်ထုတ်ပြန်ထားတဲ့အထဲမှာ ရှမ်းမြောက်ဒေသလွတ်မြောက်ရေးသက်သက်မဟုတ်ဘူး၊ ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေးအတွက် တရုတ်ပြည်ကိုအကူအညီပေးရေးသက်သက်လည်း မကဘူး။ နွေဦးတော်လှန်ရေးထဲမှာ အစိတ်အပိုင်းတရပ်အနေနဲ့ စစ်ကောင်စီကိုဖြုတ်ချပြီးတော့ စစ်အာဏာရှင်စနစ် ဗမာပြည်ကိုချုပ်ငြိမ်းရေးရည်ရွယ်ချက်နဲ့ပါဝင်တာဖြစ်တယ်လို့ ကြေညာချက်ပါကတိကဝတ်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်တာလို့ မြင်ပါတယ်။"

ဒီ တိုက်ပွဲပြန်ဖြစ်လာတဲ့အကြောင်းရင်းကို ရခိုင်အခြေစိုက် နိရဉ္ဇရာ သတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော်က အခုလို သုံးသပ်ပါတယ်။

"TNLA တို့၊ MNDAA တို့က ထုတ်ပြန်ချက်အရဆိုရင်တော့ ဟိုင်ဂင်သဘောတူညီချက်ကို စစ်အစိုးရကနေပြီးတော့ ချိုးဖောက်တယ်ဆိုပြီးတော့ သူတို့ကြေညာချက်ထုတ်ထားတာရှိပါတယ်။ အဲဒီတော့ စပြီးတော့ သူတို့ကိုတိုက်တဲ့အတွက် ပြန်တိုက်ရတဲ့အနေအထားပေါ့လေ။ အဲသလိုမျိုး ကြေညာချက်တွေထုတ်ထားတာဖော်တဲ့အတွက် အခုလို တိုက်ပွဲတွေပြန်စဖြစ်လာတယ်လို့ သုံးသပ်မိပါတယ်ခင်ဗျ။"

ဒါပေမဲ့ စစ်တပ်ကို အာဏာဖီဆန်ခဲ့တဲ့ CDM ဗိုလ်မှူးဟောင်း နောင်ရိုးကတော့ နှစ်ဘက်လုံးက ပြင်ဆင်ချိန်ယူပြီး ပြန်စတိုက်ကြတာလို့ ထောက်ပြပါတယ်။

"ဟိုင်ဂင်သဘောတူညီချက်သည် ယာယီအပစ်ရပ်စဲထားခြင်းသာဖြစ်ပြီး နှစ်ဘက်လုံးက ပြန်လည်အားယူနေခြင်းဖြစ်တယ်။ ဒုတိယလှိုင်းကိုပြန်စဖို့ အားယူနေခြင်းဖြစ်တယ်။ ပြီးတော့ မြောက်ပိုင်းညီနောင် တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပြည်မအခြေအနေကို၊ စစ်အာဏာရှင်စနစ်ကော အလဲထိုးနိုင်မှသာလျှင် သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်၊ သူတို့ရဲ့နိုင်ငံရေးလိုလားချက်အားလုံးလည်း စိတ်ချရတဲ့အခြေအနေကိုရောက်မယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်မယ်ထင်ပါတယ်။ ဒီစစ်ကောင်စီ စစ်တပ်ရှိနေသမျှကာလပတ်လုံး နယ်မြေထိန်းချုပ်ထားတယ်၊ သိမ်းပိုက်ထားတယ်ဆိုရင်တောင်မှ ကောင်းစွာထိန်းချုပ်လို့မရဘူး။ ဘယ်တော့မှမတည်ငြိမ်ဘူးဆိုတာကို သူတို့ကောင်းကောင်းသဘောပေါက်တယ်လို့ ကျနော်တို့ယူပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူ စာရေးဆရာ မင်းသေ့ကတော့ အခုလို သုံးသပ်ပါတယ်။

"၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းနဲ့ပတ်သက်ပြီးတော့ အဓိက ပြောလို့ရတာက TNLA လို့ ပြောလို့ရတာပေါ့။ TNLA ရဲ့စစ်ရေးရည်မှန်းချက်က အဓိကကျလိမ့်မယ်။ အထူးသဖြင့် ပထမပိုင်းစစ်ဆင်ရေးမှာ ဟိုင်ဂင်သဘောတူညီချက်နဲ့လုပ်တဲ့အထဲမှာ TNLA က (၇) မြို့နယ်ရတယ်ပေါ့။ အဲဒီအထဲမှာ TNLA မှန်းထားတဲ့နယ်မြေတွေမပါဘူးပေါ့။ အထူးသဖြင့် သူတို့မှန်းထားတဲ့ နယ်နိမိတ်ဧရိယာတွေထဲမှာ အထူးသဖြင့် မိုးကုတ်တို့၊ နောင်ချို၊ ကျောက်မဲ စသဖြင့် ရှမ်းမြောက်ဧရိယာမှာ အဓိကကျတဲ့နေရာတွေပါတယ်။ အဲဒီထဲမှာတော့ အဓိက central ကျတဲ့ လားရှိုးလည်းပါမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီရည်မှန်းချက်ကို တတ်နိုင်သမျှ ပြည့်မီအောင် ကြိုးစားတယ်လို့ ပြောလို့ရတယ်။"

အဲ့ဒိတော့ ရှေ့ဆက် တိုက်ပွဲ ကျယ်ပြန့်လာနိုင်ခြေကိုလည်း ဦးသန်းစိုးနိုင်က အခုလို ဆက်ထောက်ပြပါတယ်။

"TNLA က မန္တလေး PDF နဲ့ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေတာ၊ အဲဒီတော့ နောင်ချိုပြီးလို့ရှိရင်တော့ သေချာပေါက် ပြင်ဦးလွင်ဆီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေရဲ့ပေါင်းစပ်တဲ့လှုပ်ရှားမှုတွေက ရောက်ရှိလာလုပြီလို့ မျှော်လင့်စရာရှိပါတယ်။ အဲဒီထဲမှာ ပိုပြီးတော့ သေချာတာကတော့ မတ္တရာတိုက်ပွဲမှာလည်း မန္တလေး PDF က တိုက်ပွဲဝင်နေတာ၊ အဲဒီမှာ မန္တလေးကို လွတ်မြောက်ရေးအတွက် TNLA က မန္တလေး PDF နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်မယ့်အလားအလာတွေ မြင်နေရတယ်။"

ဒီတိုက်ပွဲတွေက ရှေ့ဆက်ကျယ်ပြန့်တာအပြင် ပိုပြင်းထန်လာတော့မယ်လို့ ခိုင်မြတ်ကျော်ကလည်း သုံးသပ်ပါတယ်။

"အခုတခေါက်ကတော့ဗျာ၊ တိုက်ပွဲကတော့ မြန်မာတနိုင်ငံလုံးမှာ ပိုပြီးတော့ ကျယ်ပြန့်လာတဲ့အနေအထားရှိတာပေါ့။ အခုဆိုရင် ကချင်မှာလည်း တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။ ရခိုင်မှာလည်း အကြီးအကျယ်ဖြစ်နေတာရှိတယ်။ အဲဒီတော့ ရှမ်းမြောက်အပြင် မန္တလေးကနေပြီးတော့ မိုးကုတ်ပတ်ဝန်းကျင် ပြင်ဦးလွင်တို့ဘာတို့မှာလည်း တိုက်ပွဲတွေ အနီးအနားမှာ ဖြစ်လာတာရှိတာပေါ့။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် PDF တွေကလည်း စစ်ရေးတိုးမြှင့်လာနေတဲ့အတွက် တိုက်ပွဲကတော့ အရင်ကထက်ပိုပြီးတော့ ကျယ်ပြန့်လာနိုင်တဲ့အနေအထားရှိသလို ပြင်းလည်းပြင်းထန်လာနိုင်တဲ့အနေအထားရှိပါတယ်။ ဒီတိုက်ပွဲတွေက တခုချင်းစီတိုက်နေတဲ့တိုက်ပွဲမျိုး၊​ ဗျူဟာမျိုး မဟုတ်ပါဘူး။ သူတို့တစုံလုံး သူတို့အကြားမှာနေပြီးတော့ ဗျူဟာအရ ညှိနှိုင်းပြီးတော့ ဒီစစ်ပွဲကို ဖော်ဆောင်နေတယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်နီ၊ ပြီးရင် KNU တို့အပါအဝင် တတိုင်းပြည်လုံးမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဟန်ချက်ညီညီ တိုက်ပွဲကိုဖော်ဆောင်နေတယ်လို့ သုံးသပ်လို့ရပါတယ်။

ဒါ့အပြင် ရှေ့ဆက် တိုက်ပွဲ အရှိန်ပြင်းလာနိုင်ပုံကိုလည်း ဗိုလ်မှူးဟောင်း နောင်ရိုးက အခုလို ဆက်ထောက်ပြပါတယ်။

"မြေပြန့်က တော်လှန်ရေးအင်အားစုတွေကလည်းပဲ မြောက်ပိုင်း.... AA မှာပဲဖြစ်ဖြစ်၊ TNLA မှာပဲဖြစ်ဖြစ်, MNDAA မှာပဲဖြစ်ဖြစ် သူတို့တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေမယ်၊ သို့သော် သူတို့ရဲ့ပန်းတိုင် ရည်မှန်းချက်သည် မြေပြန့်အထိ ဆက်ဆင်းဖို့ဖြစ်တယ်။ မြေပြန့်ကိုဆက်ဆင်းတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေက သူတို့ကို ခိုင်ခိုင်မာမာ back-up ဆက်ပေးထားပေးဆိုတာကို ယုံကြည်တယ်။"

ဒီလိုအခြေအနေမှာပဲ မနေ့တုန်းက လက်နက်ကိုင်အဖွဲ့တွေက လားရှိုးမြို့ထဲကိုရှော့တိုက်ဒုံးပစ်ခဲ့တာကြောင့် ဒေသခံတချို့ သေဆုံးဒဏ်ရာရခဲ့ကြောင်းနဲ့ တန်ပြန်ချေမှုန်းစစ်ဆင်ရေး အရှိန်မြှင့်သွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG