သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲမှာ စစ်သားစုဆောင်းမယ့်အရေး စိုးရိမ်


ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ)
ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်သားစုဆောင်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ၂ လကျော်ကြာ ငြိမ်နေပြီး၊ မြို့တွင်းမှာ စစ်ကောင်စီအဖွဲ့ရှိသလို၊ အပြင်ဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

ရှမ်းမြောက်ဒေသ ကျောက်မဲမြို့မှာ အခုရက်ပိုင်းထဲ စစ်ကောင်စီက အင်အားတွေ ထပ်ပြီး တိုးချဲ့နေတယ်ဆို သတင်းတွေ ထွက်ပေါ်နေပေမယ့် မြို့တွင်းမှာတော့ စစ်ကောင်စီအင်အားက အရင်အတိုင်းရှိနေတယ်လို့ ကျောက်မဲမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"အင်အားတိုးချဲ့တာတော့ မဟုတ်ဘူးပေါ့နော်။ အခု နည်းနည်းစိုးရိမ်တာက စစ်သားစုဆောင်းတဲ့ဘက်မှာ စစ်ရေးပြတာပါ။ စစ်သားအင်အား ထပ်ဖြည့်တာတော့ မကြားမိသေးဘူး။ အင်အားကတော့ နဂိုကတည်းက အဲလောက်ပါပဲ။"

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA လှုပ်ရှားနယ်မြေထဲမှာ စစ်ကောင်စီအတွက် အတင်းအဓမ္မ တပ်သားစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူသွားမယ်လို့ တအာင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA က မတ်လ ၁၉ ရက်၊ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

"စစ်သားစုဆောင်းတဲ့ ကိစ္စကတော့ အခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးက နေပြီးတော့ စာထွက်လာတာပဲ ရှိသေးတယ်။ အိမ်တိုင်ရာရောက်တော့ မရှိသေးဘူးပေါ့။ ဒါပေမဲ့ စိုးရိမ်တဲ့မိဘတွေကတော့ ရှိကြတာပေါ့။ ကျန်တာကတော့ လက်နက်ကိုင်အဖွဲ့တွေက ကျောက်မဲမှာ အများကြီး ရှိတာဆိုတော့ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူးပေါ့။"

ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး ယာယီအပစ်ရပ် သဘောတူခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ အရင်နေရာမှာပဲ ရှိနေပြီး၊ တဖက်နဲ့တဖက် စစ်ရေးတင်းမာတာမျိုး မရှိဘဲ ရှောင်နေတာမျိုး တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"နဂိုကတည်းက ရွာပတ်ပတ်လည်မှာပဲ ရှိတယ်။ မြို့ထဲမှာတော့ သူတို့မရှိဘူး။ မိုးကုတ်သွားတဲ့ လမ်း၊ တော့ဆန်၊ မုန်းကိုးသွားတဲ့ လမ်းတို့၊ သီပေါသွားတဲ့လမ်းတို့ အဲဒီလမ်းတွေမှာက နဂိုကတည်းက ရှိပြီးသားပါ။ ဒီနောက်ပိုင်းမှ ရှိတာမဟုတ်ပါဘူး။ အဲဒီနေရာတွေကနေ မရွှေ့ပါဘူး။ ဒီအတိုင်းပဲ ရှိနေကြတာပါ။"

ဒေသခံတွေအနေနဲ့ မြို့တွင်းထဲ ပုံမှန်အတိုင်း သွားလာနိုင်တယ်လို့ သိရပါတယ်။ ရှမ်းမြောက် သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမပေါ်က ကျိုးကျပျက်စီးသွားတဲ့ စဉ့်အင်တံတား လမ်းပိုင်းကိုတော့ SSPP/SSA ဘက်က ပြုပြင်ပေးထားပြီး လမ်းလွှဲကနေ သွားလာနေရတယ်လို့ ရှမ်းမြောက်ဒေသခံတဦးက ပြောပါတယ်။

"ကျောက်မဲ-သီပေါကျတော့ စဉ့်အင်အထိ သွားလို့ရမယ်လေ။ နမ့်ပေါင်ဘက်ကနေ ကွေ့ကြ ဝိုက်ကြတာကို။ စဉ့်အင်တံတားကို အောက်ခြေကနေ တံတားတခု ထိုးထားပေးတယ်။ အဲဒီရပ်ရွာက SSA က ထိုးထားပေးတယ်။ ကားလေးတွေဖြတ်ရင် ၂ သောင်းကောက်တယ်။ သီပေါကျတော့ ဖြတ်လို့မရပြန်ဘူး။ ဟိုးဘက် ပြန်ဝိုက်ပြီးတော့မှ နောင်ချိုဘက်က သွားထွက်ရတယ်။"

ကျောက်မဲမြို့နယ်ထဲမှာ အခုရက်ပိုင်းထဲ အုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်သားစုဆောင်းမှာကို ဒေသခံတွေ စိုးရိမ်နေကြသလို၊ တချို့ကလည်း ကျန်တဲ့လက်နက်ကိုင် အဖွဲ့တွေကပါ တပ်သားစုဆောင်းမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ စစ်မှုထမ်းဖို့ အကောင်အထည်ဖော်နေ သူတွေကို အရေးယူသွားမယ်လို့ PSLF နဲ့ TNLA က သတိပေး ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG