သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဖို့ စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ


Myanmar Armed Force Day
Myanmar Armed Force Day

စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စတင် စာရင်းကောက်ယူတာ၊ ရပ်ကွက်က စာရင်းကောက်ယူထားတဲ့သူတွေကို သွားနိုင်ခြင်း ရှိမရှိ ခေါ်ယူမေးမြန်းတာတွေကို မြို့နယ်ရပ်ကျေးတွေ ကနေတဆင့် စတင် လုပ်ဆောင်နေပြီလို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။ နည်းဥပဒေတိတိပပ မထွက်သေးချိန်မှာ အခုလိုပြင်ဆင်မှုတွေလုပ်တာက ဥပဒေနဲ့ညီညွှတ်ခြင်းမရှိဘူးဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါတယ်။

ရန်ကုန်မှာတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ အသက်ပြည့်မှီသူတွေကို အိမ်တိုင်ရာရောက် စာရင်းကောက်ယူမှုတွေလုပ်တာ၊ အသက်ပြည့်မှီသူတွေကို လိုင်စင်ဓါတ်ပုံ တောင်းယူတာတွေ လုပ်နေတယ်လို့ လှိုင်သာယာမြို့မှာ နေထိုင်သူတဦးက ဗွီအိုအေ ကို ပြောပါတယ်။ စာရင်းကောက်ယူတာမှာ တင်ပြဖို့ပျက်ကွက်ရင် အရေးယူမယ်လို့ ဆင့်ခေါ်စာမှာ အသိပေးထားတယ်လို့ သူက ပြောပြပါတယ်။

လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ
လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ

“စစ်မှုထမ်းဖို့က စာရင်းတွေတော့ လိုက်ကောက်သွားတယ်။ အိမ်ကတူလေးပါသွားတယ်။ သူက ၂၀ကျော်ဘဲရှိသေးတယ်။ ရာအိမ်မှုး၊ ဆယ်အိမ်မှုးတို့ လာတာ။ သန်းခေါင်စာရင်းတောင်းတယ်။ သန်းခေါင်စာရင်းထဲက အသက်ငယ်တဲ့သူတွေဆိုရင် စာရင်းလုပ်သွားတယ်။ ဘာမှတော့ မပြောသွားဘူး။ ကိုယ်လဲမမေးဘူး၊ သူတို့လည်းမပြောဘူး။ သန်းခေါင်စာရင်းပြ၊ လူဘယ်နှစ်ယောက်ရှိလဲ၊ ကျား ဘယ်နှစ်ယောက်၊ မ ဘယ်နှစ် ယောက်ရှိလဲမေးပြီး အသက်ငယ်သူတွေ ရေးသွားတာ။ မိန်းကလေးတော့ မရေးဘူး။ ယောက်ကျားလေးဘဲ အသက်ငယ်တဲ့သူ ရေးသွားတာ။”

တချို့နယ်ဒေသတွေမှာတော့ စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ သတင်းလာပို့ဖို့ ဆင့်ခေါ်ထားတယ်လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ လှည်းကူးဒေသခံတဦးက ဗွီအိုအေကို စာရေးပို့တာမှာတော့ လှည်းကူးမြို့နယ်ထဲ ပါဝင်တဲ့ အဝိုင်း၊ မတ်လစ်၊ ဘိုးရင်ကလေး၊ ရှမ်းရွာ၊ မုဆိုးညောင်၊ ဆင်ကူးကြီး/လေး (ဆင်ကူးလေး)၊ လက်ပံ၊ ကောက်ကွေ့၊ ပိုက်ကြီးဝဲ စတဲ့ကျေးရွာတွေက အသက် ၂၄နှစ်ကနေ ၃၀နှစ်အတွင်း လူငယ်တွေ စာရင်းကောက်ယူပြီး တရွာကို ၂ဦး စစ်မှုထမ်းဖို့ စည်းဝေးလုပ် ဆုံးဖြတ်ခဲ့ပြီး အဲဒီအသက်အရွယ်အတွင်းပါ ဝင်တဲ့လူငယ်တွေက မဲနှိုက်စနစ်နဲ့ ရွေးချယ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မဲလာမနှိုက်ဘူးဆိုရင် အရေးယူမယ်လို့ ရာအိမ်မှုး၊ ဆယ်အိမ်မှုးတွေကတဆင့် ပြောဆိုထားတယ်လို့ ပြောပါတယ်။ ဗွီအိုအေဘက်က လှည်းကူး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဘက်ကို အကြိမ်ကြိမ် ဆက်သွယ်တာမှာ ဒီသတင်းနဲ့ပတ်သတ်လို့ ဖြေကြားဖို့ အချိန်မရှိတဲ့အကြောင်း ပြန်လည်တုံ့ပြန်လာပါတယ်။

ရန်ကုန်မြို့က ရပ်ကွက်တချို့မှာတော့ စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စာရင်းပြုစုပြီး ကောက်ယူထားတဲ့စာရင်းမှာ ပါဝင်နေသူတွေကို သွားရောက်နိုင်တာ ရှိမရှိ ခေါ်ယူမေးမြန်းတာတွေကို မြို့နယ် ရပ်ကျေးတွေကနေတဆင့် စတင်လုပ်ဆောင်နေတယ်လို့ စာရင်းမှာပါဝင်သူ တဦးက ဗွီအိုအေ ကို ခုလိုပြောပြပါတယ်။

“ရပ်ကွက်ထဲမှာပေါ့နော်၊ သန်းခေါင်စာရင်းပုံစံ ၆ထွက်ပြီးသားလူတွေကိုမှ သူတို့သတ်မှတ်ထားတဲ့ ၂၄ ကနေ ၃၀ ကြား လူငယ်တွေကိုပေါ့ မနက်ဖြန်မှာ မြို့နယ်ဓမ္မာရုံမှာ စည်းဝေးလုပ်မယ်ပြောတယ်။ အဲအချိန်မှာမှ ခိုင်လုံတဲ့ အကြောင်းပြချက် တခုခုပေါ့၊ ဥပမာ မိအို၊ ဖအို လုပ်ကျွေးနေတာလား။ Something ပေါ့၊ ကျနော်တို့ဘက်က Complaint တက်တာကို နားထောင်မယ်ပြောတယ်။ အကြောင်းပြချက် ခိုင်လုံရင်တောင်မှဘဲ ရွှေ့ဆိုင်းစာရင်းထဲ ထည့်မယ်ပြောတယ်။ အဲစည်းဝေးပွဲကို ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်က တယောက်ယောက်သော်လည်းကောင်း တက်ရမယ်၊ မတက်ဘူးဆိုရင် သဘောတူညီပါတယ် စာရင်းထည့်လိုက်မှာပေါ့နော်။”

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ စစ်မှုထမ်းခေါ်ယူသည့်အခါဖြည့်စွက်ရသည့်ပုံစံစာရွက်
လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ စစ်မှုထမ်းခေါ်ယူသည့်အခါဖြည့်စွက်ရသည့်ပုံစံစာရွက်

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လတ်တလော ဆင့်ခေါ်ဦးမှာမဟုတ်ဘူးလို့ စစ်ကောင်စီက ပြောထားပေမဲ့ စာရင်းကောက်တဲ့အထဲ အမျိုး သမီးတွေကိုပါ ထည့်သွင်းကောက်ခံတာတွေ လုပ်နေပြီး လတ်တလောမှာတော့ စာရင်းထဲပါဝင်တဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းနိုင်တာ ရှိမရှိ ခေါ်ယူ မေးမြန်းတဲ့အထဲမှာတော့ မပါဝင်သေးဘူးလို့ ပြောကြပါတယ်။

စစ်အာဏာရှင်ဟောင်းတဦးဖြစ်တဲ့ ဦးသန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့‌တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့အကြောင်း လက်ရှိ စစ်ကောင်စီက ဖေဖေါ်ဝါရီ ၁၀ ရက်က အမိန့်ထုတ် ပြန်ခဲ့ပါတယ်။ တစ်နှစ်မှာ လူ ၅သောင်းကနေ ၆ သောင်းအထိ စစ်မှုထမ်း ဆင့်ခေါ်ဖို့ လျာထားတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်မှုထမ်းဖို့အတွက် ရပ်ကျေး တာဝန်ရှိသူတွေက စာရင်းတွေ လိုက်လံကောက်ယူနေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာဟာ ကောလာဟာလသာဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာဘဲ ဗွီအိုအေကို အခုလို ထပ်မံ ပြောဆိုပါတယ်။

"ပြည်သူ့စစ်မှုထမ်းစနစ်နဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ စာရင်းကောက်ယူနေတာပေါ့။ သူ့ရဲ့ဥပဒေပြဋ္ဌာန်းမှုအခြေအနေအရ နှစ်စဉ် စာရင်းကောက်ယူရမှာဖြစ်တယ်။ ဒီအချိန်မှာတော့ စာရင်းကောက်တဲ့လုပ်ငန်းတွေကို စတင်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီးကောလဟာလ ထုတ်လွှင့်မှုတွေရှိပါတယ်။ ကျွန်တော့အနေနဲ့လည်း အကြိမ်ကြိမ် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီးတော့ကျ ရှင်းပြနေတာရှိတယ်။ မြို့နယ်အလိုက်တွေလည်း ရှင်းပြနေတာရှိတယ်။ ဒီအတိုင်းပဲကျွန်တော်တို့ စနစ်တကျဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ပြောသလိုပဲ အကျုံးဝင်သူလူဦးရေ ၁၀၀ မှာ တယောက်တောင်မှ လောလောဆယ်မှာစစ်မှုထမ်းဆောင်ဖို့ မရှိသေးပါဘူး။ ဒါကြောင့်မို့လို့ ကောလဟာလတွေနဲ့ပတ်သတ်ပြီးတော့ကျ ပြည်သူလူထုစိုးရိမ်ထိတ်လန့်အောင်လုပ်နေတာနဲ့ပတ်သတ်ပြီးတော့ စိုးရိမ်ထိတ်လန့်မှုမရှိဖို့ ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေနဲ့ ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်းပဲ စည်းစနစ်တကျ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။"

ဒါနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေ ထုတ်ပြန်ခြင်း မရှိသေးခင် အခုလို ပြင်ဆင်မှုတွေလုပ်ဆောင်တာဟာ ဥပဒေနဲ့ညီညွတ်ခြင်း မရှိဘူးလို့ ဥပဒေပညာရှင်တဦးဖြစ်တဲ့ ဦးကြီးမြင့်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

“ယဉ်ကျေးတဲ့နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံမှာတော့ ဥပဒေထွက်ပြီး နည်းဥပဒေ ထွက်တယ်။ ပြီးရင် လုပ်ထုံးလုပ်နည်း ထွက်တယ်။ အဲဒါပြီးမှ ဥပဒေနဲ့အညီ လုပ်ကြတာလေ။ ဒီမှာက သိတဲ့ မြင်တဲ့အတိုင်းလေ၊ ဘာမဆိုလုပ်ရဲတဲ့လူရဲ့အောက်မှာ၊ အောက်ကလဲ ဘာမဆိုလုပ်မယ်၊ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အောက်မှာ လုပ်နေကြတာကိုး။ ဘယ်ဥပဒေနဲ့ညီမလဲ။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လူငယ်တွေ စစ်မှုထမ်းရမယ့် အစီအစဉ်ကို လာမယ့် ဧပြီမှာ ပထမအသုတ်အနေနဲ့ လူ ၅,၀၀၀ ကို စတင်ခေါ်ယူဖို့ပြင်ထားတယ်လို့ ထုတ်ပြန် ပြောဆိုထား ပါတယ်။ စစ်မှုထမ်းဥပဒေကို မလိုက်နာတဲ့သူတွေဟာ ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ကျခံရမယ် လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG