သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေအပေါ် ပြည်ပရောက် မြန်မာလူငယ်တွေ မေးခွန်းထုတ်


နေပြည်တော်မှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)
နေပြည်တော်မှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)

စစ်ကောင်စီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ လူငယ်တွေ အနာဂတ်နဲ့ ပတ်သတ်လို့ ဘယ်လောက်ထိ အာမခံချက်ရှိနိုင်မလဲဆိုပြီး ပြည်ပရောက် လူငယ်တွေက မေးခွန်းထုတ်လိုက်ပါတယ်။ စစ်မှုထမ်းရမယ့် အချိန်မှာ လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်မှာလား၊ ပြည်ပ အလုပ်အကိုင် စွန့်ပြီး စစ်မှုထမ်းရမယ့်သူတွေအနေနဲ့ လုပ်သက်အလိုက် ခံစားခွင့် နစ်နာမှုတွေအပြင် မူလအလုပ်ကို ပြန်ရဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေတွေကိုလည်း သူတို့က ထောက်ပြ ပြောဆိုပါတယ်။ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေရောက် လူငယ်တွေရဲ့ သဘောထားတွေကို သိရဖို့ ကိုအောင်အောင်က ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူထုအုံကြွမှုတွေကို အင်အားသုံး ဖိနှိပ်ဖြိုခွဲခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကိုင်ခုခံတော်လှန်ရေးတွေ မြန်မာနိုင်ငံအနှံ့အပြားပေါ်ပေါက်လာပြီး ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ရာနဲ့ချီတဲ့ စစ်စခန်းတွေကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလာရတာပါ။

အဲဒီလို အနေအထားအောက်မှာပဲ နအဖ လို့ လူသိများတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ပြဌာန်းထားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်း ၃ နှစ်ပြည့်ပြီး ၉ ရက်အကြာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ရချိန်မှာ စစ်ကောင်စီ တပ်တွေဟာ စစ်လက်နက် အများအပြားဆုံးရှုံး၊ တပ်ဖွဲ့ဝင် အများအပြားသေဆုံးတဲ့အပြင် တပ်ရင်းလိုက်လက်နက်ချသူတွေ၊ အသက် မသေအောင် ဗိုလ်မှုးချုပ်အဆင့်က အစ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီမှု ရယူနေရတဲ့အချိန်မှာ အတွေ့အကြုံမရှိတဲ့ သာမန်အရပ်သားတွေကို စစ်မှုထမ်းဖို့ ဆောင်ရွက်လာတာအပေါ် လူငယ်တွေက သံသယ ရှိနေကြတာပါ။ ပြည်ပရောက်နေတဲ့ မြန်မာ လူငယ်တဦးကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်နေတဲ့ အပစ်အခတ်တွေရှိနေတဲ့အခါမှာ သူတို့ကိုယ်တိုင်တောင် မတိုက်ဘဲနဲ့ တခြားနေရာကိုတိမ်းရှောင်တယ်။ တခါတလေ လက်နက်ချပြီး ပြန်ဆုတ်ပေးတဲ့အခြေအနေတွေရှိတယ်။ အဲ့လိုဆုတ်ပြေးနေရတဲ့အချိန်မှာ ကျွန်တော်တို့ ဘာမှ မသိတဲ့ လူငယ်တွေ ပြည်တွင်းမှာရှိတဲ့ ဘာမှ မသိတဲ့ လူငယ်တွေအနေနဲ့ လက်နက်ကြီးကိုင်ပြီး ရုတ်တရက်ကြီး သွားတိုက်ရမှာလား။ သွားတိုက်ရင်ကော ကျွန်တော်တို့ကို ဘယ်လိုအနေနဲ့ သုံးချင်တာလဲ။ အရပ်သားတွေကို လူသား တံတိုင်းအနေနဲ့ သုံးချင်တာလား စစ်တပ်က အဲ့ဒါကလည်း စဉ်းစား စရာတခုပါပဲ။ ကျွန်တော့်အနေနဲ့ ရုတ်တရက်ကြီး စစ်မှုထမ်းရမယ်ဆိုရင် အခုနိုင်ငံခြားမှာ ပညာသင်သော်ငြားလည်းပဲ အကယ်လို့ ကျွန်တော်ပြန်သွားရင်ကော စစ်မှုထမ်းရမလား။ ဒီလိုမေးခွန်းတွေနဲ့ ထွက်လာတဲ့ သတင်းက မေးခွန်းပေါင်းများစွာနဲ့ပေ့ါနော်။ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေ အတွက်လည်း တကယ်စိတ်ပူရပါတယ်။”

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဧပြီလကုန်ပိုင်းကနေ စတင် အကောင်အထည်ဖော်မှာဖြစ်ပြီး အမှတ် စဉ် ၁ မှာ လူဦးရေ ၅ ထောင် သတ်မှတ် ခေါ်ဆောင်သွားမှာဖြစ်သလို အမျိုးသမီး စစ်မှုထမ်းတွေကိုခေါ်ဆောင် သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လ်း ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ အမျိုးသမီး စစ်မှုထမ်းတွေကို လတ်တလော ဆင့်ခေါ်မှာ မဟုတ်သေးဘူးလို့ ပြောဆိုထားပါတယ်။

ဒီ ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ အရင်တုန်းက အရပ်သားတွေကို စစ်ပွဲအတွင်း အတင်းအဓမ္မခေါဆောင် ခိုင်းစေတာမျိုး တရားဝင်ဖြစ်အောင် လုပ်တာဖြစ်တယ်လို့ ပြည်ပရောက် လူငယ်တဦးကလည်း အခုလို မှတ်ချက်ပြုပါတယ်။

“မြန်မာပြည်မှာ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုရင် ကျွန်မဆို အရမ်းလန့်တယ်ပေါ့နော်။ မြန်မာပြည်မှာ ကျန်နေတဲ့ လူငယ်တွေအတွက်ကိုလည်း အရမ်း စိတ်မကောင်းဖြစ်တယ်။ အရင်တခေတ်တခါက ကိုယ့်အဖေတွေ အဖိုးတွေခေတ်က ပေါ်တာဆွဲတဲ့ဟာနဲ့ ပြန်ပြီး မြင်ယောင်မိတယ်ပေါ့နော်။ အဲ့ခေတ်အခါက တရားမဝင် ပေါ်တာဆွဲတာပေါ့။ အခုအခါကျတော့ တရားဝင်ပေါ်တာ ဆွဲတာပေါ့ အဲ့လိုခံစားရတယ်။”

ဥပဒေမှာ သာမန်အရပ်သား အမျိုးသား ၁၈ နှစ်ကနေ ၃၅ နှစ်နဲ့ ကျွမ်းကျင်ပညာရှင်တွေဆိုရင် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ စစ်မှုထမ်းဖို့ အကျုံးဝင်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဥပဒေဟာ တို့တာဝန်အရေး ၃ သုံးကို စောင့်ထိန်းကာကွယ်ဖို့အတွက်ဖြစ်ပြီး စစ်မှုထမ်းကာလကို ၂ နှစ်သတ်မှတ်ထားပြီး အရေးပေါ်အခြေအနေ သတ်မှတ်ပါက ၅ နှစ်အထိ သက်တမ်းတိုးနိုင်ပြီး စစ်မှုထမ်းဖို့ ငြင်းဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေမှာ ပြဌာန်းထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရန် အကျုံးဝင်သူ ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး စစ်ကောင်စီက ကြေငြာထားပါတယ်။ အမှန်တကယ် စစ်တပ်ထဲ စစ်မှုထမ်းဖို့ ကြုံလာခဲ့မယ်ဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကိုသာ ဝင်ရောက်ဖြစ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

“တကယ့်တကယ် အဲ့အခြေအနေနဲ့ ကြုံတွေ့လာခဲ့ရမယ်ဆိုရင် သူတို့စစ်တပ်ထဲကို လုံး၀၀င်ဖြစ်မှာမဟုတ်ဘူး။ ၁၀၀ ရာခိုင်နှုန်းဝင်မှာမဟုတ်ဘူး။ ကျွန်မတို့မှာ PDF တွေရှိတယ်။ တခြားအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ သူတို့ကို ခုခံတော်လှန်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်။ အဲ့အဖွဲ့အစည်း တခုခုကိုသာ ဝင်ဖြစ်မယ်လို့ ကျွန်မ ယုံကြည်တယ်ပေါ့နော်။”

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ လူငယ်အများအပြားဟာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေထံ ဆက်သွယ်စုံစမ်းလာတယ်လို့လည်း ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ဒါ့အပြင် ဥပဒေရဲ့ အခန်း (၄) ခံစားခွင့်များမှာတော့ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးတဲ့ အလုပ်သမား တယောက်ဟာ မူလထမ်းဆောင်ခဲ့တဲ့ အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်ကို အလုပ်ရှင်က ခန့်ထားရမယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ ပြည်တွင်းအလုပ်သမားတွေအနေနဲ့ အဆင်ပြေပေမယ့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင် နေသူတွေအတွက်တော့ အခက်အခဲတွေရှိနေပါတယ်။ ဒီအခက်အခဲနဲ့ ပတ်သက်လို့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလူငယ်တဦးကတော့ အခုလို ပြောပြပါတယ်။

တိုက်ရိုက် လင့်ခ်

“ကျွန်တော်တို့ ဒီမှာရှိတဲ့အလုပ်အကိုင်တွေကို စွန့်ပြီးတော့သွားရမှာ။ ဆိုတဲ့အခါကျတော့ လုပ်ငန်းရှင်တွေကလည်း လုပ်သားတွေကို လစ်လပ်သွားတဲ့နေရာမှာ သူတို့လည်း အလကားထားမှာမဟုတ်ဘူး။ သူတို့အဆင်ပြေမဲ့ တခြားလုပ်သားတွေကို သူတို့ ခေါ်သွင်းမယ် ဆိုလို့ရှိရင် နိုင်ငံခြားကိုလာပြီးတော့ အလုပ်လာလုပ်သူတွေအဖို့ ဒီနေရာတွေ အလုပ်တွေ မရဖြစ်သွားမယ် အလုပ်တွေ အဆင်မပြေဘူးပေါ့ဗျာ။ ပြည်တွင်းမှာရှိတဲ့သူကတော့ ဆိုင်းငံ့ပြီးတော့ နားလည်မှုနဲ့ ပြန်ပြီးတော့ လုပ်ကောင်းလုပ်လို့ရနိုင်ပေမဲ့ ကျွန်တော်တို့ ပြည်ပမှာနေတဲ့သူအဖို့က ပြန်ပြီးတော့စစ်မှုထမ်း ပြီးတော့ ပြန်လာပြီးတော့ဒီမှာ ကိုယ်လုပ်နေတဲ့နေမြဲအလုပ်မှာ ပြန်လုပ်ဖို့ဆိုတာကတော့ ရာနှုန်းပြည့် မသေချာဖို့များတယ် ”

ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ဝင် ဥပဒေကို ပြဌာန်းလိုက်ချိန်မှာ ပြည်ပထွက်ခွါဖို့ ကြိုးစားလာကြတဲ့ လူငယ်တွေလည်း ဒုနဲ့ဒေးရှိနေပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ လူအများအပြားတိုးဝှေ့ တန်းစီနေကြသလို မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာဆိုရင်လည်း လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် တာဝန်ထမ်းဆောင်ရမှာနဲ့ ပတ်သက်လို့ အစိုးရိမ် မလွန်ဖို့အပြင် သတင်းမီဒီယာတွေရဲ့ ဖေါ်ပြချက်တွေနဲ့ ပတ်သတ်ပြီးတော့လည်း တပ်မတောအပေါ် အထင်အမြင်လွဲမှားအောင်း သွေးထိုးလှုံ့ဆော် ဝါဒါဖြန့် ရေးသားထားတာမျိုးသာ ဖြစ်တယ်ဆိုပြီး စစ်ကောင်စီဘက်က တုန့်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG