သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကိုယ်တိုင် ဗီဇာလျှောက်ထားခွင့် ရက်ချိန်းယူတဲ့စနစ် ထိုင်းသံရုံးဖျက်သိမ်း


ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)
ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)

ထိုင်းနိုင်ငံကို သွားလိုသူ မြန်မာနိုင်ငံသားတွေ ထိုင်းပြည်ဝင်ခွင့် ဗီဇာရရှိဖို့ လူကိုယ်တိုင်သံရုံးရှေ့တန်းစီပြီး ရက်ချိန်းယူတဲ့စနစ်ကို ဖျက်သိမ်းလိုက်တယ်လို့ ထိုင်းသံရုံးဘက်က ဒီနေ့ညနေပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။ ထိုင်း ဗီဇာ လျှောက်ထားရာမှာ ရက်ချိန်းတွေကို အွန်လိုင်းကနေသာလက်ခံသွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဘက်ဘက်က အားလုံးအဆင်ပြေစေဖို့ အခုလို အင်တာနက်က ရက်ချိန်းယူတဲ့စနစ်တခုတည်းကိုသာ အသုံးပြုသွားမှာဖြစ်ကြောင်းလည်း သံရုံးက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း အင်တာနက်လိုင်း ပိတ်ပင် ကန့်သတ်မှု၊ နည်းပညာပိုင်း အားနည်းမှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီစနစ်က အဆင်ပြေစေမလားဆိုတဲ့ ထောက်ပြမှုတွေလည်းရှိနေတာပါ။ ဒီသတင်းရန်ကုန်က ပေးပို့လာတာကို မဆုမွန် ကပြောပြပေးမှာပါ။

ဒီကနေ့ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်း ထုတ်ပြန်တဲ့ ထိုင်းသံရုံးရဲ့ ကြေညာချက်မှာ လာရောက်လျှောက်ထားသူတွေအဆင်ပြေ ချောမွေ့စေဖို့၊ တပြိုင်နက်တည်းလူအများအပြား လာရောက်လျှောက်ထားမှုကို လျှော့ချပေးနိုင်ဖို့နဲ့ ရုံးလုပ်ငန်းစဉ်ဆိုင်ရာဘေးကင်း လုံခြုံရေးအတွက် လူကိုယ်တိုင်သံရုံးရှေ့ တန်းစီပြီး ဗီဇာ လျှောက်ဖို့အတွက် ရက်ချိန်းယူတဲ့စနစ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီစနစ်အစား အွန်လိုင်းကနေ ရက်ချိန်းယူတဲ့စနစ်ကို ပြောင်းလဲအစားထိုးသွားမှာဆိုပြီးတော့လည်း ရေးသားထားပါတယ်။ လာမယ့် ဖေဖော်ဝါရီလ(၂၂)ရက် ကြာသပတေးနေ့က စလို့ https://thaiconsularyangon.com/visa/ ကနေကရော ထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်ပါ QRကုဒ်ကနေပါ လျှောက်ထားနိုင်ပါတယ်။ ထုတ်ပြန်ချက်အရ အွန်လိုင်းကလျှောက်တဲ့သူတွေက စလျှောက်တဲ့ရက်ကနေ တလအတွင်း သံရုံးဝင်ပြီး ဗီဇာလျှောက်ထားခွင့် ရက်ကို ရွေးယူနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားတာမှာ နာမည်၊ ဖုန်း၊ အီးမေးလ်၊ ပတ်စ်ပို့နံပါတ်နဲ့ ဗီဇာအမျိုးအစားတွေကို ဖြည့်သွင်းပြီး လျှောက်ထားရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဗီဇာယူတာ အွန်လိုင်းစနစ်ကိုပြောင်းလိုက်တာက မကြာသေးခင်ရက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ် ပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ တန်းစီသူတွေထဲ လူအုပ်ပိပြီး အသက်သေဆုံးမှုတွေ ရှိလာခဲ့တဲ့အပေါ်မှာထိုင်းသံရုံးဘက်က စိုးရိမ်မကင်းသံတွေ ရှိလာတာနဲ့ လုံခြုံရေးအတွက် ရည်ရွယ်ကာအခုလို ပြင်ဆင်တာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံရေးသုံးသပ်သူတဦးကပြောပါတယ်။

"ကြည့်ရတာ သူတို့မှာလည်းဘယ်လောက်လုပ်ပေးနိုင်လဲဆိုတာရယ် နောက်ပြီး သံရုံးရှေ့မှာလူစုလူဝေးနဲ့လေ တိုးဝှေ့ညအိပ်ပြီးတော့ စောင့်ပြီးတုံကင်ယူရတာတွေကို မြန်မာပြည်ဘက်ကလုံခြုံရေးနဲ့ကော သူတို့ဘက်ကလုံခြုံရေးနဲ့ အဲအပေါ်မှာ အခုလိုတုန့်ပြန်တာလို့ အကြမ်းဖျင်းယူဆရမယ်။ လုံခြုံရေးနဲ့ပတ်သတ်တာတော့ဦးစားပေးထဲပါမှာပေါ့နော်။ ဒီဘက်ကစကစ ပြည်ထဲရေးတို့ လုံခြုံရေးတို့ကလည်း ထောက်ပြတာကန့်ကွက်တာရှိကောင်းလဲရှိမယ်။ အွန်လိုင်းနဲ့ပေးရင်အွန်လိုင်းအတိုင်းဘဲလာပေါ့။ "

တချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကလည်း ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာရင် အရေးယူသွားမယ်လို့ သတိပေးထားသလို တရားဝင် လာရောက်သူတွေကို ကြိုဆိုသွားမယ်လို့ ပြောဆိုတဲ့အကြောင်းလည်း Bangkok Post သတင်းစာမှာ မနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ရေးသားထားပါတယ်။ ထိုင်းနိုင်ငံဘက်က စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေအရမြန်မာတွေ သူတို့နိုင်ငံထဲအရှိန်အဟုန်နဲ့ဝင်လာမှာကို စိုးရိမ်ပူပန်နေကြသလို နယ်စပ်တလျှောက်လုံခြုံရေးတိုးမြင့်တာနဲ့ ဖမ်းဆီးမှုတွေပိုပြင်းထန်လာနိုင်တယ်လို့ လည်းသူကခုလိုသုံးသပ်လိုက်ပါတယ်။

"စိုးရိမ်စိတ်ကတော့သေချာပေါက်ရှိမယ်။ အထူးသဖြင့်ဒီအောက်လမ်းကနေ အများကြီးဝင်လာမှာ။ သူတို့စိုးရိမ်နိုင်တယ်။ ဒီဟာရိုက်ခတ်မှုမှာ စကစကိုဆန့်ကျင်တဲ့ အင်အားစုတွေတိုးလာပြီးတော့ တိုးလာရင် သူတို့နယ်စပ်မှာ မတည်မငြိမ် ဖြစ်မယ်လေ။ အဲဒါတွေစိုးရိမ်တယ် စိုးရိမ်စိတ်ကသေချာပေါက်ရှိပုံပေါ်တယ်။ ဒါကြောင့်မို့လဲ တရားဝင်လာကြပါ။ တရားမဝင်လာရင် အရေးယူမယ်ဆိုတာမျိုး ဝန်ကြီးချုပ်ကိုယ်တိုင်ထုတ်ပြောလာတာဆိုတော့ နယ်စပ်မှာဖိဖိစီးစီးတင်းတင်းကျပ်ကျပ်အရေးယူလာတာမျိုး တဖက်ကရှိလာနိုင်တယ်။ တဖက်ကလည်း ပိုပြီးအဆင်ပြေအောင် တရားဝင်ပိုဝင်လာနိုင်အောင် လုပ်လာတာမျိုးလဲ ရှိတတ်တယ်။"

စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အသက်သွင်းပြီးနောက် လူငယ်လူရွယ် အများအပြားဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့၊ ကျောင်းတက်ရောက်ကြဖို့ ပြင်ဆင်မှုတွေ ရှိလာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာထိုင်းသံရုံးက ထိုင်းနိုင်ငံဘက်ကိုပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများပြားလာတဲ့အတွက် ဗီဇာရဖို့ လျှောက်ထားသူတွေကိုကြိုတင်ရက်ချိန်းရယူရတဲ့ တိုကင် တန်းစီစနစ်နဲ့ တရက်ကို လူ ၄၀၀ရာအတွက်သာလက်ခံပေးမယ်လို့ ကန့်သတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရက်ဆက်ဆိုသလို ဗီဇာရနိုင်ဖို့ သံရုံးရှေ့မှာတန်းဆီမှုတွေကတော်တော်လေးများလာတာပါ။ အဲဒီအခြေအနေတွေပြီးတဲ့နောက်မှာတော့ အခုလို အွန်လိုင်း‌ကလျှောက်ထားနိုင်အောင်စီစဉ်လိုက်တာဖြစ်ပါတယ်။

အင်တာနက်ကန့်သတ်မှု၊ နောက်နည်းပညာပိုင်း အားနည်းမှုတွေရှိနေတဲ့ မြန်မာပြည်အတွက် ဒီစနစ်က အခက်အခဲဖြစ်စေနိုင်သလို နည်းပညာ တတ်ကျွမ်းသူတွေအတွက်ကတော့ အတော်လေးအဆင်ပြေတယ်လို့ ယူဆတဲ့အကြောင်းဗီဇာတင်ဖို့ပြင်ဆင်နေသူ ကိုဂျိမ်းကခုလိုပြောပါတယ်။

"အင်တာနက်ကလည်းတက်တချက်မတက်တချက်တွေက နေ့စဉ်အကြိမ်ပေါင်းများစွာဖြစ်တာပေါ့နော်။ ကျနော်တို့အလုပ်တွေကအင်တာနက်မရှိလို့မရဘူးလေ။ လုပ်ရကိုင်ရတာမှာတော်တော်အခက်အခဲတွေကြုံရတာတွေ ရှိတယ်။သူတို့တွေတမင် လုပ်တယ်ဘဲယူဆတယ် အဆင်မပြေအောင်ပေါ့နော်။ ခုအင်တာနက်ကနေဗီဇာယူခိုင်းတယ် ကျနော်ကတော့နည်းပညာ ရင်းနှီးမှုရှိတော့ အခုက ဗီဇာရဖို့ဆိုရင်နေ့တိုင်းတန်းစီရတယ် တန်းကအရှည်ကြီးဘဲ။ တချို့ဆိုနာရီပေါင်းများစွာစောင့် ရတယ်။ လူပင်ပန်းတယ်အချိန်ကုန်တယ်။ အင်တာနက်ကနေလုပ်လို့ရတယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့သူအကူအညီယူမယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်ယူဆပါတယ်"

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံကို လာခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား အရေအတွက် သိသိသာသာတိုးလာတယ်လို့လည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisinက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG