သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းမှာဖမ်းဆီးခံရသူ မြန်မာလူငယ် တပတ်အတွင်း ၁၂၀ ကျော်


တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူမြန်မာတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားစဉ် (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄)
တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူမြန်မာတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားစဉ် (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄)

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူမှာဖြစ်သလို တရားဝင်လာရောက်သူတွေကို ကြိုဆိုမဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ထွက်ပေါ်အပြီး မြန်မာနိုင်ငံမှာရှိတဲ့ထိုင်းသံရုံးမှာ ပြည်ပထွက်ခွါဖို့ နိုင်ငံကူးလက်မှတ်လျောက်သူတွေများပြားလာသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေများတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က အခုလို သတိပေးပြောဆိုတာပါ။ ထိုင်းနိုင်ငံမှာ တပတ်အတွင်း တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁၂၀ ကျော်ကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ထွက်ပေါ်အပြီး မြန်မာနိုင်ငံမှာရှိတဲ့ထိုင်းသံရုံးမှာ ပြည်ပထွက်ခွါဖို့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေများပြားလာသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေများတဲ့အတွက်ထိုင်းနိုင်ငံက တနေ့ကိုဗီဇာလျှောက်သူ ၄၀၀ ထိပဲလက်ခံကြောင်း တရားဝင်ထုတ်ပြန်ခဲ့သလို နယ်စပ်တွေမှာ လုံခြုံရေးတွေတင်းကြပ်ပြီးအဖမ်းဆီးတွေ များလာပါတယ်။ မနေ့တုန်းပဲ ထိုင်းဝန်ကြီးချုပ် စေထာ ထ၀ီစင်က ထိုင်းဘာသာနဲ့သတိပေးစကားပြာသွားပါတယ်။

"ထိုင်းနိုင်ငံကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံတွေဟာ နည်းလမ်းပေါင်းစုံဦးတည်ချက်အမျိုးမျိုးနဲ့ဝင်ရောက်လာနေပါတယ်။ သူတို့တွေဟာဗီဇာသက်တမ်းကုန်ဆုံးတဲ့အထိနေထိုင်နိုင်ပါတယ် ဒါပေမယ့် အခုဆိုရင် မြန်မာ ကမ္ဘောဒီးယား လာအို စတဲ့ အလုပ်သမားတွေလည်း ဝင်ရောက်လာနေတာဖြစ်လို့ တရားဝင်တဲ့နည်းလမ်းတွေနဲ့ဝင်ရောက်လာဖို့လိုပါတယ်လို့ သတိပေးစကားပြောသွားပါတယ်"

စစ်မှုထမ်းဥပဒေထွက်ပြီး ကတည်းက ၃ရက်အတွင်း လူ အယောက် ၁၀၀ ကျော် ဖမ်းမိသလို နောက်ရက်တွေမှာလည်းဆက်တိုက်မြန်မာတွေ ဖမ်းမိနေတာပါ၊ အခုဆိုရင်မြန်မာတွေတပတ်အတွင်း ၁၂၀ကျော်ထပ်ပြီးဖမ်းမိတယ်လို့ မြန်မာပြည်သားများအရေးပူးတဲွလှုပ်ရှားမူ့ကော်မတီဥက္ကဌ ဦးမိုးကြိုးကလည်းအခုလိုပြောပါတယ်

"ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကစလို့ ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ထိ ၇ ရက်အတွင်းမှာ ထိုင်းနိုင်ငံထဲကို မြန်မာလူငယ် ၁၂၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကိုတရားမဝင်တဲ့နည်းနဲ့ဝင်ရောက်လာတာကိုတွေ့ရပါတယ်၊ ဥပမာအားဖြင့် ထိုင်းနယ်စပ် တာ့ခ်ခရိုင်ထဲမှာ ၁၅ဦးတစု ၂၀ဦးတစု ၁၃ဦးတစုဖမ်းမိတယ်၊ ထိုင်းတောင်ပိုင်းချုံဖော်ခရိုင်ထဲမှာဆိုရင် ကလေး ၂ဦးအပါအဝင် ၇ဦး ဖမ်းမိတယ် ၊ ထိုင်းနိုင်ငံ ရနောင်းခရိုင်မှာ ၆ဦးဖမ်းမိတယ်၊ နကွန်ပထုံခရိုင်မှာတော့ ဗင်ကား ၂စီးပေါ်မှာ ၄၆ ဦး ဖမ်းမိတယ်၊ အဲဒီမှာတော့အတော်များတယ်၊ အားလုံးပေါင်း ၁၂၀ကျော်ရှိတယ် ၊သူတို့အားလုံးက မြန်မာနိုင်ငံမှာစစ်မှုထမ်းရမှာစိုးလို့ အခုလိုထွက်ခွာလာကြတယ်လို့သက်ဆိုင်ရာ စကားပြန်တွေကို ထွက်ဆိုတာတွေလည်းရှိတယ်"

အခုဆိုရင် ထိုင်းနိုင်ငံကို ကျောင်းလာတက်သူ အလည်ဗီဇာနဲ့လာသူ ၁၄ရက်ဗီဇာမဲ့အလည်လာသူတွေလည်းများနေပြီး မြန်မာနိုင်ငံတွင်းမှာနိုင်ငံကူးလက်မှတ်လုပ်တဲ့သူတွေလည်းများလာနေပါတယ်။များသောအားဖြင့် ကျောင်းသားလူငယ်တွေဟာ ကျောင်းတက်ဖို့ အားထုတ်နေကြပြီး အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံထဲကိုပဲ ဝင်ရောက်လာနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG