သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ပတ်စ်ပို့ရုံး တန်းစီသူ လူအုပ်ပြို အမျိုးသမီး ၂ ဦးသေ


မန္တလေး ပတ်စ်ပို့ရုံး လူအုပ်ပိမိလို့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့
ဓာတ်ပုံ - နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့
မန္တလေး ပတ်စ်ပို့ရုံး လူအုပ်ပိမိလို့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ ဓာတ်ပုံ - နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့

မန္တလေး၊ အောင်မြေသာစံမြို့နယ် ပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ တန်းစီသူတွေထဲ ဒီမနက်အစောပိုင်းမှာ လူအုပ်ပိပြီး မန္တလေးမြို့ခံ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတွေ စစ်မှုမထမ်းမနေရ အမိန့်ကို အကောင်အထည်ဖော်မဲ့အကြောင်း စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် ပြည်ပထွက်ဖို့ ကြိုးပမ်းသူ လူငယ်တွေ ပတ်စ်ပို့ရဖို့ အလုအယက် ဖြစ်နေချိန်မှာ မတော်တဆမှုဖြစ်ခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းမှာရှိတဲ့ ပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ တန်းစီသူတွေတိုးကြရင်း မနက်အစောပိုင်း ၂ နာရီခွဲဝန်းကျင်မှာ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦး အသက်ရှူကြပ် သတိလစ်ခဲ့ပါတယ်။ နောက်ထပ်အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၃ ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး အဲဒီထဲက ၂ ဦးသေဆုံးသွားတယ်လို့ ကူညီပေးခဲ့တဲ့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေး အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

"သူတို့လူတိုးရင်းနဲ့ လူအုပ်ပိပြီးတော့ အသက်ရှူကြပ်ပြီး ဆုံးသွားတာ။ ဆေးရုံပို့တယ်ဗျ။ လမ်းမှာ နည်းနည်းလေးတော့ ပါသေးတယ်ဗျ။ ဟိုလို တအားကြီးတော့ မလှုပ်နိုင်တော့ဘူး။ လူတွေက နွမ်းဖက်ပြီး အဲလိုဖြစ်နေတာ။ တယောက်ကတော့ သွားကျိုးပြီး ခြေထောက်ပွန်းပဲ့တာတော့ ရှိတယ်။ နှစ်ယောက်ကတော့ ဆုံးသွားတယ်။"

သေဆုံးသူ အမျိုးသမီး ၂ ဦးလုံးဟာ မန္တလေး၊ အောင်မြေသာစံ၊ ညောင်ကွဲရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ မန္တလေးမှာ ဒီရက်ပိုင်းထဲ နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့အတွက် ပတ်စ်ပို့ရုံးမှာ နေ့စဉ်တန်းစီသူတွေ တော်တော်လေး များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပက်စ်ပို့ရုံးရှေ့မှာ စောင့်ဆိုင်းရင်း လူအုပ်ပိပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့နောက်မှာတော့ Online Booking တင်သူတွေ တော်တော်လေး များလာတာကိုလည်း တွေ့ရတယ်လို့ စောင့်ကြည့်သူတဦးက ပြောပါတယ်။

"အခုဒီမနက်တင်ကို QR ဒိတ်ကို ကျနော်တို့စောင့်ကြည့်တာ ချက်ချင်းရက်ပြောင်းသွားတယ်။ တင်တဲ့သူ တအားများတော့။ ပုံမှန်ဆို QR ဒိတ်က ရက်ကို နောက်ဆုတ်ဖို့ဆို ပုံမှန်က ၁ရက်၊ ၂ ရက်လောက်ကြာတယ်။ အခုဟာက မန္တလေးရုံးမှာ လူတွေတိုးကြိတ်ပြီးတော့ ဒီမနက် နှစ်ယောက်သေ၊ တယောက်ကျိုးသွားတာဆိုတော့ အဲဒီမှာတင် ပိုဆိုးသွားတာ။ ဒိတ်က ချက်ချင်းကို တန်းပြီးတက်သွားတာ။ အခုတင်မယ်ဆို ၈လပိုင်း ၆ရက်နေ့လောက် ရောက်သွားပြီ ဒိတ်က။"

အခုရက်ပိုင်းထဲမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အွန်လိုင်းကြိုတင်စာရင်းပေးသူ ပိုများလာသလို၊ မန္တလေးမြို့မှာလည်း ပက်စ်ပို့ရုံးရှေ့မှာ လူကိုယ်တိုင် တန်းစီစောင့်ဆိုင်းသူတွေ ပိုများလာတယ်လို့ ပြောပါတယ်။ လူစုလူဝေး လျှော့ချဖို့ဆိုပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားတာကို Online Booking စနစ်နဲ့ ဆောင်ရွက်နေပေမယ့် ဒါက ရန်ကုန်မြို့တခုတည်းမှာသာ ရှိတာပါ။ ဘယ်မြို့နယ်မှာ နေထိုင်သူမဆို အွန်လိုင်းကနေ စာရင်းကြိုသွင်းပြီး ရန်ကုန်မြို့မှာ လျှောက်ထားလို့ရပေမယ့် ကိုယ့်အလှည့်ရောက်ဖို့က အချိန်ကာလ ၆ လဝန်းကျင် စောင့်ရပါတယ်။

နိုင်ငံကူးလက်မှတ် အသစ်လုပ်ဖို့နဲ့ သက်တမ်းတိုးဖို့အတွက်ကို ကျပ် ၃ သောင်းခွဲ သတ်မှတ်ထားပြီး၊ ပျောက်ဆုံးနဲ့ ပျက်စီးအတွက် ပြန်လုပ်မယ်ဆိုရင်တော့ ၉၁,၀၀၀ ကျပ်ကို အွန်လိုင်းကနေ စာရင်းကြိုသွင်းချိန်မှာ တခါတည်း ပေးချေရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာဖို့ ပြင်ဆင်သူတွေ များလာပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေလည်း များလာတယ်လို့ ဝန်ဆောင်မှုပေးနေသူတွေက ပြောပါတယ်။

XS
SM
MD
LG