မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူတွေရဲ့ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရတာတွေ ရှိနေတယ်လို့ ပြည်ပရောက် မြန်မာတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ပတ်စ်ပို့နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာလည်း ကြန့်ကြာမှုတွေ ကြုံနေရတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က ပြောပြမှာပါ။
စင်္ကာပူ၊ မလေးရှား၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးရာမှာ ကြန့်ကြာမှုတွေ ကြုံနေရသလို နိုင်ငံရေးလှုပ်ရှားမှုရှိတယ်လို့ အထင်ခံရသူတွေရဲ့ ပတ်စ်ပို့တွေလည်း ဖျက်သိမ်းခံနေရပါတယ်။ စင်္ကာပူမှာ ဒီလအတွင်း ပတ်စ်ပို့ဖျက်သိမ်းခံရသူတွေ ရှိနေပေမဲ့ ဘယ်လောက်များများ ဖျက်သိမ်းခံနေရလဲဆိုတာ မြန်မာသံရုံးက ထုတ်မပြောတဲ့အတွက် အတိအကျကိုတော့ မသိရဘူးလို့ မြန်မာရွှေ့ပြောင်း လုပ်သားများအဖွဲ့ (စင်္ကာပူ)က ဦးအေးငြိမ်းက VOA ကို ပြောပါတယ်။
" စကစဘက်ကနေ နိုင်ငံရေးလှုပ်ရှားမှုများတယ်၊ ထင်ထင်ပေါ်ပေါ် လုပ်တဲ့သူတွေကို ပတ်စ်ပို့တ်တွေ ရုတ်သိမ်းလိုက်တာ ဖြစ်မှာပေါ့၊ ကာယကံရှင်ကိုလည်း အသိမပေးဘဲနဲ့ သူတို့ဟာသူတို့ လုပ်တာ။ တချို့ဖြစ်တဲ့သူတွေ ပြောတယ်၊ ခရီးသွားတဲ့အခါကြတော့ immigration ရောက်တဲ့အခါကြတော့ ပတ်စ်ပို့က valid မဖြစ် (သုံးလို့မရ) တော့ဘူး။ ပတ်စ်ပို့မရှိရင် PR သမားတွေက တခြားနိုင်ငံ သွားလို့မရတော့ဘူး။ သွားရင် ပြန်ဝင်လို့မရတော့ဘူး၊ သူက re-entry နဲ့ ပေးထားတာဆိုတော့။ မထွက်ဘဲနေမယ်ဆိုရင် နေလို့ရတယ်၊ ဒါပေမဲ့ ထွက်သွားမယ်ဆိုရင်တော့ ပြန်ဝင်လာဖို့ အခက်အခဲရှိတယ်၊ နောက် ဟိုဘက်နိုင်ငံ ရောက်သွားရင်လည်း ပြသနာရှိတယ်၊ ဟိုဘက်နိုင်ငံမှာ ပတ်စ်ပို့မရှိဘဲ ဘယ်နိုင်ငံမှ လက်ခံမှာမဟုတ်ဘူး။"
အခုလို နိုင်ငံကူးလက်မှတ်တွေ အဖျက်သိမ်းခံနေရသလို သက်တမ်းတိုးဖို့ လိုအပ်နေသူတွေ အတွက်လည်း ရက်ချိန်းစောင့်ရတာ အချိန် အတော်ကြာလာတယ်လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။ ဒါဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်း ပိုဆိုးလာတာလို့လည်း စင်္ကာပူမှာ နှစ်ချီ နေထိုင်လာခဲ့တဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
" အစ်မတို့က အရင်မနှစ်ကတည်းက ပတ်စ်ပို့ကို အမြန်သွားလုပ်လိုက်တာ ဆိုတော့ အခုအချိန်အထိ တော့ အဆင်ပြေနေသေးတယ်။ အဲဒီနောက်ပိုင်း appointment ယူတာကအစ တော်တော် ခက်ခက်ခဲခဲကို ယူနေရတယ်။ တလ၊ နှစ်လလောက်တောင် ကြာမယ်ထင်တယ်။ ပုံမှန်ဆို မကြာဘူးလေ၊ တပတ်၊ နှစ်ပတ်လောက်ဆို appointment တွေ ဘာတွေ ရပြီးတော့ လုပ်ရုံပဲ။ ဟိုကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ တမင်ပိတ်ထားပုံရတယ်။"
သက်တမ်းတိုးမယ့် ပတ်စ်ပို့တွေအတွက် အမြန်ကြေးပေးပြီး လျှောက်လို့ရပေမဲ့ အဖျက်သိမ်း ခံရတဲ့ ပတ်စ်ပို့တွေအတွက်တော့ ပြန်လျှောက်ဖို့ မလွယ်ဘူးလို့လည်း ပြောပါတယ်။
မလေးရှားနိုင်ငံမှာလည်း အစိုးရက မြန်မာနိုင်ငံသားတွေကို နေထိုင်၊ အလုပ်လုပ်ခွင့် ပါမစ်တွေ ချပေးနေပေမဲ့ မြန်မာသံရုံးဘက်က ပတ်စ်ပို့တွေကို သက်တမ်းတိုး မပေးတဲ့အတွက် အခက်အခဲဖြစ်နေကြတာပါ။ မလေးရှားမှာ အလုပ်လုပ်ခွင့် ပါမစ်ချပေးတဲ့အချိန်လည်း ကုန်ခါနီးနေပြီ ဖြစ်တဲ့အတွက် စိုးရိမ်နေရတယ်လို့ မလေးရှားက မြန်မာအလုပ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။
" အခုဆိုရင် မလေးရှားမှာ ပါမစ်တွေ ဖွင့်ထားတယ်ပေါ့၊ ပါမစ်ပိတ်တဲ့အချိန်က ၂၀၂၃ ဒီဇင်ဘာ ပိတ်မယ်လို့ သိရတယ်။ အဲဒါကို မြန်မာသံရုံးက သက်တမ်းတိုးပြီး ပါမစ်ကပ်မဲ့သူတွေကို ပါမစ်ကပ်လို့မရအောင် ဘယ်လိုညစ်လဲဆိုရင် သူတို့က စာအုပ်ရမဲ့အချိန်ကို ၂၀၂၄ တလပိုင်းတို့၊ ၃လတို့၊ ၅လတို့ အဲလိုမျိုးပေါ့နော်။ မြန်မာနိုင်ငံသားတွေက မလေးရှားလို၊ စင်္ကာပူလိုနိုင်ငံမှာ ရောက်ရှိနေပြီးတော့ ကိုယ့်နိုင်ငံကသံရုံးရဲ့ အားပေးကူညီမှုကို မရဘဲနဲ့ အဆင့်ဆင့် ဂုတ်သွေးစုပ်ပြီး လုပ်စားနေကြတယ်။"
ထိုင်းနဲ့ ကိုရီးယားကို ရောက်နေတဲ့ မြန်မာတွေလည်း ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ဒီနိုင်ငံတွေမှာ နေထိုင်ပြီး နိုင်ငံရေးလှုပ်ရှားတာ ဒါမှမဟုတ် စစ်ကောင်စီကို တော်လှန်နေတဲ့ နိုင်ငံရေး အစုအဖွဲ့တွေကို အားပေးကူညီတယ်လို့ သံသယရှိခံရသူတွေဟာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ အခက်အခဲ ကြုံနေရတာပါ။ အခုလို သက်တမ်းတိုးရာမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက ဒေသခံတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေး နေတယ်လို့လည်း ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။