သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာတချို့ ပတ်စ်ပို့သက်တမ်းတိုးဖို့ အခက်အခဲနဲ့ ကြုံနေရ


စင်္ကာပူ မြန်မာသံရုံး
စင်္ကာပူ မြန်မာသံရုံး

စင်္ကာပူရောက်မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ လျှောက်ထားတာမှာ အဆင်မပြေမှုတွေ ကြုံနေရကြောင်း မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့ ကြားခံလူတချို့ကို ငွေကြေးတစုံတရာပေးပြီး အလွယ်တကူ လျှောက်ထားနိုင်တာကိုတော့ အများစုက မေးခွန်းထုတ်နေကြပါတယ်။ အလားတူပဲ မလေးရှားနဲ့ ကိုရီးယားနိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားတွေ ပတ်စ်ပို့သက်တမ်းတိုးတာမှာ အခက်အခဲတွေ၊ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပါမယ်။

ပတ်စ်ပို့သက်တမ်းတိုး လျှောက်ထားဖို့ သံရုံးဝဘ်ဆိုက်ထဲကို ဝင်လို့မရတာ၊ ဝဘ်ဆိုက်ကို အချိန်အကန့်အသတ်နဲ့ ဖွင့်ပေးတာ၊ ညသန်းခေါင်အချိန်မှ ဝဘ်ဆိုက်ကိုဖွင့်ပေးတာ စတဲ့ အခြေအနေတွေ ကြုံတွေ့နေရကြောင်း စင်္ကာပူရောက် မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ လူတချို့ကို ငွေကြေးတစုံတရာပေးရင်တော့ အလွယ်တကူ လျှောက်ထားနိုင်တဲ့ အခြေအနေ ရှိနေတာပါ။ အခုနောက်ပိုင်းမှာ ပေးရတဲ့ငွေပမာဏ ပိုပြီးများလာကြောင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများအဖွဲ့ (စင်္ကာပူ) က ဦးအေးငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

"ကျွန်တော်တို့လို တယောက်ချင်းစီက ဝင်လို့ပြုလို့ မရပေမယ့် ပိုက်ဆံနဲ့ယူတဲ့သူတွေကြ ဘာလို့ရလဲ၊ အဲဒါတော့ မေးခွန်းထုတ်စရာပဲ။ ကိုယ်လုပ်လို့မရတဲ့ အခါကြတော့ ပိုက်ဆံပေးပြီး ယူကြရတယ်။ သာမန်အခြေအနေမှာ လုပ်လို့... အရင်တုန်းက ဒီလူတွေပဲလေ၊ တခြားပြောင်းသွားတာမှ မဟုတ်တာ။ ဟိုးအရင်ကလည်း သံရုံးမှာ ဒီလူတွေပဲ၊ အခုလည်း ဒီလူတွေပဲ။ ဒါပေမဲ့အခုမှ ဘာဖြစ်လို့ ချက်ချင်းကြီး ဖြစ်သွားရတာလဲ သံသယဝင်စရာ၊ ဘာဖြစ်လို့မရတာလဲ။ အဲဒါတော့ သူတို့ပဲသိမှာပဲ။"

စင်္ကာပူ မြန်မာသံရုံးကတော့ သူတို့အနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ ငွေကြေးနဲ့ ပတ်စ်ပို့လုပ်ခွင့် မပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။ မလေးရှားမှာလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါမှာ နိုင်ငံရေး ကင်းရှင်းကြောင်း မြန်မာသံရုံးက လက်မှတ်ရေးထိုးခိုင်းတယ်လို့ မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။

စင်္ကာပူက မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေတွေကို စင်္ကာပူနိုင်ငံသား မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နော်လင်းဟေဇာကို အကူအညီတောင်းထားကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများ ကော်မတီ (မလေးရှား)ရဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ပြောပါတယ်။ ပြည်ပရောက်မြန်မာတွေ ဒီလို အခက်အခဲတွေနဲ့ ကြုံနေရတာဟာ သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်နိုင်ကြောင်း သူကပြောပါတယ်။

"စင်္ကာပူကလူတွေက တချို့ကလည်း နွေဦးတော်လှန်ရေးမှာ အမည်မဖော်ဘဲ လှုပ်ရှားတာလေးတွေ ရှိတဲ့အခါမှာ အခုလို ပတ်စ်ပို့သက်တမ်းတွေ မတိုးပေးတာတို့၊ တိုးဖို့ကို နည်းအမျိုးမျိုးနဲ့ အကြောင်းပြချက် မပေးဘဲနဲ့ Approve မလုပ်တာတို့၊ တနည်းတဖုံအားဖြင့်၊ အကူအညီ အထောက်အပံ့ပေးထားလို့ Supporting လုပ်ပေးလို့၊ အဲလိုမျိုး ရည်ရွယ်ချက်နဲ့ဆို ဒါက၊ သံတမံရေးရာ ကိစ္စတခုကို ဗမာပြည်မှာဖြစ်နေတဲ့ နိုင်ငံရေးနဲ့ တွဲကပ်ပြီးတော့ ဒီလိုမျိုးဖိနှိပ်တာပေါ့။ စကစလက်အောက်မှာ လုပ်နေတဲ့ သံရုံးဘက်ကနေ။"

မလေးရှားနိုင်ငံမှာတော့ အကြောင်းမျိုးမျိုးကြောင့် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေအတွက် အလုပ်လုပ်ခွင့် ပါမစ်တွေကို အခုနှစ် ဒီဇင်ဘာလအထိ ထုတ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ မြန်မာသံရုံးဘက်က ပတ်စ်ပို့အချိန်မီရနိုင်မှ ဒီပါမစ်တွေကို မလေးရှားအစိုးရဆီမှာ လျှောက်ထားခွင့်ရမှာပါ။ ကိုရီးယားရောက် မြန်မာတွေလည်း အလားတူ အဖြစ်အပျက်မျိုးတွေ ကြုံနေရပါတယ်။

ကိုရီးယားရောက် မြန်မာတွေကို လူသားချင်းစာနာမှု အစီအစဉ်နဲ့ ခြောက်လတကြိမ် သက်တမ်းတိုးပေးတဲ့ G-1-99 ဗီဇာကို ကိုရီးယားအစိုးရက ၂၀၂၁ မတ်လမှာ ထုတ်ပေးခဲ့ပါတယ်။ အခု ဒီဗီဇာနဲ့ နေထိုင်သူတွေကို ပတ်စ်ပို့အသစ် မထုတ်ပေးတော့ကြောင်း မြန်မာသံရုံးဘက်က တုံ့ပြန်ထားတဲ့အတွက် အခက်အခဲဖြစ်နေကြောင်း ကိုရီးယားရောက် မြန်မာအသိုင်းအဝန်းက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG