သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်တင်းကြပ်မှုကြောင့် ပြည်ပထွက်အလုပ်လုပ်သူတွေအခက်အခဲပိုကြီးလာနိုင်


ထိုင်းနိုင်ငံ။ မဲဆောက်မြို့နေ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်း ဓာတ်ပုံ)
ထိုင်းနိုင်ငံ။ မဲဆောက်မြို့နေ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်း ဓာတ်ပုံ)

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပတ်စ်ပို့စ်သက်တမ်းတိုးတဲ့အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။ ဒီထဲမှာ အလုပ် အကိုင်နိုင်ငံကူးလက်မှတ် (Passport for Job - PJ) နဲ့ သင်္ဘောသားနိုင်ငံကူးလက်မှတ်( Passport for Seaman-PS) အမျိုးအစားတွေကိုင်ဆောင်ထားသူတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်လိုက်တဲ့အတွက် အလုပ်သမားတွေအတွက် အခက်အခဲတွေပိုကြီးလာနိုင်တယ်လို့ အလုပ်သမားအရေး လုပ်နေသူတွေနဲ့ အလုပ်သမားတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (Passport for Job - PJ) နဲ့ သင်္ဘောသားတွေကိုင်တဲ့ နိုင်ငံကူးလက်မှတ်( Passport for Seaman-PS) အမျိုးအစားတွေ ကိုင်ဆောင်ထားသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့လျှောက်တဲ့အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြရမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းအခွန်ဦးစီးဌာနကထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်းထောက်ခံချက် ယူလာရမယ်ဆိုတာကို ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ရုံးတွေမှာ ကြော်ငြာဆိုင်းဘုတ်တွေ ကပ်ထားတာဖြစ်ပါတယ်။ ဒီတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား တရားဝင်ကော တရားမဝင်ပါပေါင်းရင် လူဦးရေ ၅ သန်းလောက်ရှိနေတဲ့ထိုင်းနိုင်ငံမှာတော့ စီးပွားရေးနဲ့ အလုပ်အကိုင်မကောင်းရတဲ့အထဲ ဒီထုတ်ပြန်မှုမှာ ဝန်ထုတ်ဝန်ပိုးတွေဖြစ်လာစေတယ်လို့ Labour Right Foundation က‌ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“တကမ္ဘာလုံး စီးပွားရေးအခက်အခဲဂယက်တွေကြောင့် စက်ရုံအလုပ်ရုံတွေမှာ အလုပ်တွေကို အချိန်ပြည့်မပေးနိုင်ဘဲနဲ့ ရက်တွေနားပြီးမှ ခိုင်းတာမျိုးတွေလည်းဖြစ်နေတယ်။ အလုပ်သမားတွေကလည်း သူတို့ရဲ့နေရေးထိုင်ရေး စားရေးသောက်ရေး၊ အခန်းခ၊ ရေခမီးခတွေနဲ့ စာရွက်စာတမ်း သက်တမ်းတိုးတာတွေကလည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့ငွေကြေးသာမက ဝန်ဆောင်ခတွေက များပြားနေတဲ့အတွက် အလုပ်သမားတွေ အဆင်မပြေလို့ ငြီးတွားနေချိန်မှာပဲ ဒီကိစ္စကတပူပေါ် နှစ်ပူဆင့်လာတာပဲ ဖြစ်လာပါမယ်။”

ထိုင်းနိုင်ငံမှာ မြန်မာတွေအများဆုံးလုပ်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာလည်း အလုပ်အကိုင်တွေနည်းလာတာကြောင့် လူတွေ လျှော့ချတာတွေလုပ်သလို ပန်းရံလုပ်ငန်းလုပ်တော့လည်း အလုပ်လုပ်ရတဲ့ရက်က အနည်းငယ်သာရှိတာကြောင့် အဆင်မပြေဖြစ်နေကြတာပါ။ စစ်ကောင်စီက အခုလို အခွန်သာထပ်ကောက်မယ်ဆိုရင်တော့ နိုင်ငံကူးလက်မှတ်သက်တမ်းတွေလည်း တိုးနိင်မှာမဟုတ်တော့ဘူးလို့ ပန်းရံလုပ်ငန်းလုပ်ကိုင်နေသူ မြန်မာအလုပ်သမားတဦးကလည်း ပြောပါတယ်။


“စက်ရုံအလုပ်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေဆိုရင် ဘန်ကောက်မှာ လူတွေများလာတော့ ဒီဘက် (နယ်မြို့) တွေကို အလုပ်တွေ မချပေးတော့ဘူး။ ဟိုမှာပဲ ချုပ်ကြတော့တယ်။ အဲဒီတော့ စက်ရုံအတော်များများက အထည်တွေချုပ်ဖို့က အကုန် အထည်တွေ ပြတ်လပ်ကုန်တယ်။ ကျနော်တို့ပန်းရံဆိုဒ်တွေဆိုလည်းအလုပ်တွေကပြတ်တယ်။ တလလုံးမှ တရက်နှစ်ရက်ပဲ လုပ်ရတာလည်းရှိတယ်။ တချို့ဆိုရင် အလုပ်ရှင်က ‘နားလိုက်အုံး’ တချို့နှစ်လ သုံးလလောက် ပေးနားတာလည်းရှိတော့ ကြပ်တည်းတာပေါ့။ သူတို့ဆီမှာ အခုလို သက်တမ်းမတိုးပေးဘူးဆိုရင်တော့ သက်တမ်းတွေ သေကုန်ကြမှာပဲ။”

စစ်ကောင်စီဘက်ကတော့ ပြည်ပထွက်ပြီး အလုပ်လုပ်နေသူတွေဆီကနေ ဝင်ငွေရအောင် အကြပ်ကိုင်တဲ့နည်းဖြစ်ကြောင်း ကိုလည်း မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။”

ပြည်ပရောက်သူတွေအနေနဲ့ သူတို့ဆီမှာ အခွန်ဆောင်ပြီးလုပ်ခိုင်းတယ်။ အဲဒီခံဝန်ကတိတွေတည်မှသာ ပြည်ပမှာထွက်အလုပ်လုပ်ဆိုတဲ့သဘောပေ့ါ။ သဘောကတော့ ပြည်ပနိုင်ငံအသီးသီးမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို လူကိုချုပ်နှောင်လို့မရတော့ စာရွက်စာတမ်းကိုချုပ်နှောင်( သုံ့ပန်း) လုပ်ထားတာပဲ။”

စစ်ကောင်စီက ပြည်တွင်းမှာ ဝင်ငွေကောက်ခံရာမှာ တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ ကနေ သိန်း ၅၀ ကြား ရရင် အခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ ၁၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၃၀၀ အထက်ဝင်ငွေရှိသူတွေကိုတော့ ၂၅ ရာခိုင်နှုံးထိကောက်ခံနေတာပါ။ ဒီပုံစံမျိးကို ပြည်ပရောက်မြန်မာနိုင်ငံသားတွေဆီက ကောက်ခံဖို့ စီစဉ်နေတာဖြစ်ပြီး အခွန်ပေးဖို့က အောက်တိုဘာလ ၁ ရက်နေ့ကစတင်အသက်ဝင်ပြီလို့လည်း ကြေညာထားတာပါ။ ဒါ့ပြင် အဲဒီမတိုင်ခင်က ထုတ်တဲ့ကြေညာချက်ကတော့ လစာရဲ့ ၂၅ ရာခိုင်နှုံးကို ပြည်တွင်းကို ငွေလွှဲရာမှာ တရားဝင်စံနစ်နဲ့လွှဲရမယ်လို့လည်း ကြေညာထားပါတယ်။

ပြည်ပထွက်ပြီး အလုပ်လုပ်တဲ့သူတွေက အရင်တုန်းက တိုင်းပြည်လူဦးရေရဲ့ ၁၀ ရာခိုင်နှုံးလောက်ရှိပြီး အခု စစ်အာဏာသိမ်းပြီးတဲ့နောက် ပိုများလာနေတာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေးကျဆင်းပြီး နလံထူဖို့ကြိုးစားနေချိန်မှာ အလုပ်အကိုင်တွေရှားပါးနေတာဖြစ်ပါတယ်။ ဒီအတွက် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေအတွက် ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးတွေဖြစ်လာစေတယ်လို့ မြန်မာအလုပ်သမားတွေကော

အလုပ်သမားရေးဆောင်ရွက်နေသူတွေကပါ ပြောဆိုကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG