သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ထိုင်းမှာ ဖမ်းဆီးခံရသူ မြန်မာ ၂ ထောင်ခန့်ရှိ


MBK မှာဈေးရောင်းခွင့်မရှိ ရောင်းနေသူ မြန်မာတချို့ဖမ်းဆီးခံရ (စက်တင်ဘာ ၁၅၊ ၂၀၂၃)
MBK မှာဈေးရောင်းခွင့်မရှိ ရောင်းနေသူ မြန်မာတချို့ဖမ်းဆီးခံရ (စက်တင်ဘာ ၁၅၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမား ၃,၄၆၄ ဦး ဖမ်းဆီးခဲ့ရာမှာ ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံသားတွေ ပါဝင်နေကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၁,၈၅၀ ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုချက်မရတဲ့အလုပ်တွေကို လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာတနှစ်အတွင်း လူပေါင်း ၃၀၀၀ကျော် ဖမ်းဆီးခဲ့ပြီး ဒီထဲမှာ မြန်မာကအများဆုံးဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးကအခုလိုပြောပါတယ်။

"တနိုင်ငံလုံးမှာ လုပ်ငန်းပေါင်း နေရာပေါင်း ၅ သောင်းကျော်မှာ မနှစ်က အောက်တိုဘာလကနေစပြီး အခု ဒီလ တနင်္လာနေ့ အထိ (၂၅-၉-၂၃) အထိ စုံစမ်းစစ်ဆေးတာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးတာဟာ ၃ထောင်ကျော်မှာ မြန်မာက ၁၈၀၀ကျော် ပါတာပါ"

ဖမ်းဆီးထားတဲ့နိုင်ငံခြားသားအလုပ်သမားများထဲမှာ မြန်မာနိုင်ငံသား အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယားနိုင်ငံသား ၆၃၆ ဦး၊ လာအိုနိုင်ငံသား ၅၆၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၄၅ ဦးတို့ဖြစ်ပါတယ်။ ဘန်ကောက်၊ နွန်ထဘူရီ၊ ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်းပထုံနဲ့ ရနောင်း ခရိုင်တွေမှာအများဆုံးဖမ်းမိတာဖြစ်ပါတယ်။ သူတို့တွေဟာ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေကြတာကြောင့် ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်အကိုင် အမျိုးအစား ၄၀ ကို ထိုင်းအစိုးရက ကန့်သတ်ထားတာပါ။ ဒီအလုပ်တွေနဲ့ပတ်သက်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်းအခုလိုပြောပါတယ်။

"ထိုင်းအစိုးရက နိုင်ငံခြားသားများအတွက် တနည်းအားဖြင့် ရွှေပြေင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရတဲ့ အလုပ်အကိုင် ၄၀ ရှိပါတယ်။ အဲဒီထဲကလူသိများတာကတော့ ဈေးရောင်းတာ၊ ဆံပင်ညှပ်တာ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်တာ အနှိပ်သည်အလုပ်နဲ့ ကန်ထရိုက်အလုပ်တွေလုပ်တာ၊ ဧည့်လမ်းညွှန် အလုပ်တွေလုပ်တာ တွေကို အဲဒါတွေလုပ်ခွင့်မရှိတဲ့အလုပ်တွေလုပ်တာဖြစ်တဲ့အတွက် အဖမ်းခံရတာ ဖြစ်ပါတယ်"

အခုဖမ်းဆီးခံရသူတွေဟာ ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပြီး မိခင်နိုင်ငံကိုပြန်ပို့ခံရမှာဖြစ်သလို ထိုင်းနိုင်ငံထဲ အလုပ်လာလုပ်ခွင့် ၂နှစ်ကန့်သတ်ခံရမှာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG