သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာအလုပ်သမားတွေ ၆ လအတွင်း မိသားစုထံ ပြန်ပို့ငွေ သန်း ၁,၅၀၀ကျော်ရှိ


ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံး
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံး

ပြည်ပရောက် မြန်မာအလုပ်သမားတွေ လွန်ခဲ့တဲ့ ၆ လအတွင်း အိမ်ပြန်ပို့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ကျော် ရှိခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်္ကာပူ လေးနိုင်ငံက အဓိကပေးပို့တဲ့ ဝင်ငွေတွေကို စုပေါင်းပြီး သက်ဆိုင်ရာသံရုံးတွေက တင်ပြလာခဲ့တာပါ။ ပြည်ပထွက် အလုပ်လုပ်မှ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်တဲ့အခြေကို ရောက်လာပြီးတဲ့နောက်မှာ အခုလို ပြည်တွင်း လွှဲပြောင်းငွေ ပမာမဏလည်း တဖြည်းဖြည်း များလာခဲ့တာပါ။ ရန်ကုန်ပေးပို့တဲ့ သတင်းကိုအခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

၂၀၂၂ နိုဝင်ဘာ ၁ရက်ကနေ၊ ၂၀၂၃ ဧပြီလ ၂၈ရက်အထိ မြန်မာအလုပ်သမား အများစုရှိတဲ့ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်္ကာပူနိုင်ငံတို့က မြန်မာတွေ လွှဲပြောင်းလိုက်တဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁.၅ဘီလီယံကျော် ရှိတယ်လို့ သက်ဆိုင်ရာ သံရုံးအသီးသီးက ထုတ်ပြန်ခဲ့တာပါ။ မြန်မာဗဟိုဘဏ်ရဲ့ စာရင်းတွေအရ ဒါဟာ ၂၀၂၂ ပထမ ခြောက်လတာ ပမာဏရဲ့ ထက်ဝက်ကျော် ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာတွေက Western Union ၊ Ria ၊ Money Gram စတဲ့ တရားဝင် နိုင်ငံတကာ ငွေလွှဲစနစ်တွေကနေ ပြည်တွင်းဘဏ် ၁၄ခုကို လွှဲပြောင်းပေးခဲ့ကြတာပါ။

စစ်ကောင်စီဟာ ၂၀၂၂ မေလကစပြီး ပြည်ပကို မြန်မာအလုပ်သမားတွေ ပြန်ပြီးစေလွှတ်ခဲ့ပါတယ်။ အများစုက ထိုင်းနဲ့ မလေးရှားကို ရောက်သွားကြတာပါ။ ထိုင်းတခုတည်းမှာတင် တရားဝင် MoU လုပ်သားက တနှစ်အတွင်း တသိန်းခွဲကျော်သွားပြီ ဖြစ်ပါတယ်။

ပြည်ပကို အလုပ်သွားလုပ်တဲ့ မြန်မာတွေရဲ့လစာ ဘယ်လောက်ရာခိုင်နှုန်းကို ပြည်တွင်းကို မဖြစ်မနေ လွှဲပြောင်းပေးရမယ် ဆိုတာကို စစ်ကောင်စီရဲ့ အလုပ်သမားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာပွင့်ဆန်းက မကြာသေးခင်က အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ MoU အလုပ်သမားတွေဆီ ညွှန်ကြားချက် မလာသေးဘူးလို့ မြန်မာအလုပ်သမားတချို့က ပြောပါတယ်။ အလုပ်သမားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းကတော့ ဒါကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ဒါ ညှိနှိုင်းနေဆဲပဲ ဖြစ်ပါတယ်ဗျ။ ကျနော်တို့ ယတိပြတ်လောလောဆယ် မပြောနိုင်သေးပါဘူး။ ညှိနှိုင်းနေဆဲဆိုတော့ နိုင်ငံအလိုက်ရော၊ အလုပ် အမျိုးအစားအလိုက်ရော ဒီအပေါ်မှာ ဆွေးနွေးနေဆဲပဲ ဖြစ်ပါတယ်။"

အခုလို များပြားတဲ့ လွှဲပြောင်းငွေပမာဏကို ကြည့်မယ်ဆိုရင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မြင်ရကြောင်း ရခိုင်အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်အောင်က ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံနေရတဲ့ ပြဿနာတွေကိုလည်း အစိုးရတိုင်းက တာဝန်ယူမှုရှိရှိ ဖြေရှင်းပေးရေး မျှော်လင့်ကြောင်း သူက ပြောပါတယ်။

"ငွေပို့တာ၊ မပို့တာ၊ ဘယ်လောက်ပို့ရတယ် ဆိုတဲ့ဟာက ပုဂ္ဂိုလ်ရေး လုပ်ဆောင်ချက်ဖြစ်တယ်။ ဒီလပိုက်ဆံတသောင်းရတယ်၊ ဒါကို စာချုပ်ပါအတိုင်း ၂သိန်းဆို ၂သိန်း၊ ၄သိန်းဆို၄သိန်း ပေးရမယ်ဆိုတဲ့ဟာ သူပေးချင်မှ ပေးနိုင်မှာပေါ့။ မနက်ဖြန်၊ သန်ဘက်ခါ သူနေမကောင်းလို့ မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။ နောက် စက်ရုံပိတ်သွားရင် ဘယ်လိုလုပ်မလဲ။ နောက် သူမတော်တဆ တခုခု အန္တရာယ်ရှိသွားရင် ဘယ်လိုလုပ်မလဲ။ ဒီပြဿနာတွေကို ပြန်ကြည့်ရမယ်။ အတင်းအဓမ္မ တလကို ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုတာ စာချုပ် ဘယ်လိုပဲ ချုပ်ခဲ့ချုပ်ခဲ့၊ ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကိုယ့်အလုပ်သမားတွေအတွက် ပိုအကျိုးရှိတယ်၊ ကိုယ့်မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုတွေလည်း အကျိုးရှိတယ်။ ဒါပေမဲ့ ဒီပိုက်ဆံတွေ မပို့နိုင်ဘူး ဆိုရင်ရော ဒီပုဂ္ဂိုလ် တယောက်ချင်းစီကို အစိုးရအနေနဲ့ အချက်အလက် စနစ်တကျကောက်ယူပြီး ဘယ်လိုပုံမျိုး ကူညီမလဲဆိုတာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ် ဆိုတာ ကျနော့အနေနဲ့ မြင်ရတယ်။"

မြန်မာအလုပ်သမားရေးဌာနရဲ့ စာရင်းအရဆိုရင် ၂၀၁၄ကနေ ၂၀၂၂ အထိ ပြည်ပရောက်မြန်မာတွေက ပြည်တွင်းမှာရှိတဲ့ မိသားစုတွေဆီ ပြန်ပို့တဲ့ လွှဲပြောင်းငွေဟာ အမေရိကန်ဒေါ်လာ ၆၁၅၂.၀၄၄ သန်းရှိပါတယ်။ မြန်မာဗဟိုဘဏ်ဟာ နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖာထေးနိုင်ဖို့ ကုန်သွယ်ရေးမှာ မူဝါဒ အပြောင်းအလဲတချို့ကို လုပ်ခဲ့သလို နိုင်ငံခြားငွေလွှဲတွေ အတွက်လည်း ကျပ်ငွေ အပိုဆောင်းပေးတာမျိုးတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG