သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားတွေကို အဓမ္မအလုပ်စေခိုင်းသူ ထိုင်း ၉ ဦးကို အရေးယူ


ထိုင်းနိုင်ငံ၊ ကမ်ချနပူရီပြည်နယ်က ကြံခင်းထဲမှာ လစာအပြည့်မရဘဲ နှိပ်စက်ခံပြီး အလုပ်လုပ်နေခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနယ်မြေခံရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့က သွားရောက်ကယ်တင်ခဲ့စဥ်။ (မေ ၆၊ ၂၀၂၃/ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ၊ ကမ်ချနပူရီပြည်နယ်က ကြံခင်းထဲမှာ လစာအပြည့်မရဘဲ နှိပ်စက်ခံပြီး အလုပ်လုပ်နေခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနယ်မြေခံရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့က သွားရောက်ကယ်တင်ခဲ့စဥ်။ (မေ ၆၊ ၂၀၂၃/ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ် ကြံစိုက်ခင်းထဲမှာ မြန်မာနိုင်ငံသား ၁၄ ဦးကို ချုပ်နှောင်ပြီး အတင်းအဓမ္မအလုပ်ခိုင်းစေခဲ့တဲ့ ကြံခင်းပိုင်ရှင်နဲ့ ရွာသူကြီးအပါအဝင် လူ (၉ ) ဦးကို တရားစွဲဆိုအရေးယူလိုက်ကြောင်း ထိုင်းရဲချုပ်က မေလ ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ်က နယ်မြေရဲခံတပ်ဖွဲ့နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေဟာ ကြံခင်းထဲမှာ အတင်းအကြပ်အလုပ်ခိုင်းစေခံရပြီး ပိတ်လှောင်ခံထားခံရတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့က ကယ်တင်ခဲ့တာဖြစ်ပါတယ်။

ကမ်ချနဘူရီပြည်နယ်အတွင်းက နွားခြံမှာအလုပ်ရမယ်ဆိုပြီး ပွဲစားကခေါ်ဆောင်သွားခဲ့ပြီး အဲဒီမြန်မာအလုပ်သမားတွေကို ကြံစိုက်ခင်းဆီ ပို့ပေးခဲ့တာဖြစ်ပါတယ်။ အလုပ်ရှင်ကလည်း အလုပ်သမားတွေရဲ့ စာရွက်စာတမ်း အထောက်အထားတွေကို သိမ်းဆည်းထားပြီး လုပ်အားခမပေးဘဲ သေနတ်နဲ့ခြိမ်းခြောက်တာ၊ ရိုက်နှက်ညှဉ်းပမ်းတာတွေလည်းရှိတာကြောင့် အလုပ်သမားတွေက လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) ကိုတိုင်ကြားခဲ့တာပါ။ အဲဒီနောက်အလုပ်သမား ၁၄ ယောက်ကို လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေက နယ်မြေအာဏာပိုင့်တွေနဲ့အတူ သွားရောက်ကယ်ဆယ်ခဲ့ရတယ်။

ကြံခင်းပိုင်ရှင်ဟာ မြန်မာအလုပ်သမားတွေကို လုပ်ခလစာအနည်းငယ်သာပေးပြီး တနေကုန် ကြံခုတ်ခိုင်းထားတဲ့အပြင် မြန်မာနိုင်ငံသားတွေကို သေနတ်ပြ ခြိမ်းခြောက်ပြီး ရိုက်နှက် နှိပ်စက်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ မြန်မာအလုပ်သမားပွဲစားတွေက လခကောင်းကောင်းပေးမယ်လို့ မက်လုံးပေးခေါ်လာခဲ့ကြပြီးနောက် လက်တွေ့မှာတော့ သီတင်းတပတ်အတွက် လုပ်အားခ ဘတ်ငွေ ၅၀၀ သာရပြီး နိုင်ငံကူးလက်မှတ်စာ ရွက်စာတမ်းတွေကို သက်တမ်းတိုးမပေးပဲ သိမ်းယူထားတာကို ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံသားတွေကို ကယ်တင်ပေးပြီးတဲ့နောက် မေလ ၉ ရက်နေ့မှာတော့ အမှုမှာပါဝင်ပတ်သက်သူ ၉ ဦးကို တရားစွဲအရေးယူခဲ့တဲ့ထဲမှာ မြန်မာနိုင်ငံသား လူပွဲစားတဦး ပါဝင်ပါတယ်။

အခုလိုအရေးယူခဲ့ရတာနဲ့ပတ်သက်ပြီး ထိုင်းရဲချုပ် ဆူရချေ့ ဟတ်ဖန်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့အခုလိုပြောပါတယ်။

"အခုလိုအရေးယူခဲ့တာဟာ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို လျစ်လျူရှုမထားဘဲ အမှန်တကယ်အရေးယူဆောင်ရွက်နေတယ်ဆိုတာ သိစေချင်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်းမှာ ခုအလို အလုပ်သမားအခွင့်ရေးချိုးဖေါက်မှုတွေ၊ လူကုန်ကူးမှုတွေကို လက်ပိုက်ကြည့်နေတယ်လို့ အမေရိကန်အစိုးရရဲ့ ဝေဖန်မှုတွေကိုလည်း ကျနော်တို့ခံနေရပါတယ်။ အခုဆိုရင် ထိုင်းအစိုးရဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်" လို့ ပြောသွားတာပါ။

အခု ကယ်ဆယ်ထားတဲ့အလုပ်သမား ၁၄ ယောက်ထဲမှာ ၅ ယောက်ကပဲ အလုပ်လုပ်တာ ၃ လလောက်သာရှိသေးပြီး ကျန်တဲ့အလုပ်သမား ၉ ယောက်ကတော့ အဲဒီနေရာမှာအလုပ်လုပ်နေခဲ့ရတာ တနှစ်ကျော်ကြာသွားပြီဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်လုပ်ခွင့် အထောက်အထား စာရွက်စာတမ်းတွေကို အလုပ်ရှင်က သိမ်းဆည်းထားတဲ့အတွက် ထွက်ပြေးလို့မရဘဲ ဖြစ်ခဲ့ကြရတယ်လို့လည်းထွက်ဆိုကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG