သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာ ၅၀၀ ခန့် ၄ ရက်အတွင်း ထိုင်းရဲ ဖမ်းဆီး


လူကုန်ကူး ခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလုံခြုံရေးက ဖမ်းဆီး စစ်ဆေးနေစဉ် ( PHOTO: Thai Army PR Center )
လူကုန်ကူး ခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလုံခြုံရေးက ဖမ်းဆီး စစ်ဆေးနေစဉ် ( PHOTO: Thai Army PR Center )

[ ZAWGYI ]

လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာ ၅၀၀ ခန့် ၄ ရက်အတွင်း ထိုင်းရဲ ဖမ်းဆီး

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီ ၊ ပရာကျွတ်ခီရီကန်၊ ချင်းရိုင်၊ ချင်းမိုင်၊ တာ့ခ်ပြည်နယ်ထဲမှာပဲ လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၀၀ နီးပါးလောက် အစုလိုက်အပြုံလိုက် အဖမ်းခံခဲ့ရပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီ် ၊ပရာကျွတ် ခီရီကန်၊ ချင်းရိုင်၊ ချင်းမိုင်၊ တာ့ခ်ပြည်နယ်ထဲမှာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၄ ရက်အတွင်း လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၀၀ လောက် အစုလိုက်အပြုံလိုက် အဖမ်းခံရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ AAC မဟာမိတ်အဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းက ခုလိုပြောပါတယ်။

" ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံသားတွေ ဒီရက်ပိုင်းထဲဖမ်းမိတာ လူဦးရေ ၅၀၀ နီးပါး ရှိပါတယ်။ အတိအကျဆိုရင် ၄၈၉ ဦးပါ။ ၇ ရက်နေ့ကဆိုရင် မြန်မာနိုင်ငံသားတွေ တင်လာတဲ့ကားကို မဲဆိုင်ဘက်မှာဖမ်းတာ ယာယီစစ်ဆေးရေးဂိတ်က စောင့်ဖမ်းတာ၂၁ ဦး ဖမ်းမိပါတယ်။ အဲဒီနေမှာပဲ ချင်းရိုင်နဲ့ ချင်းမိုင်ဘက်မှာ အလုပ်ရဖို့ ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို နယ်စပ်မှာ ကင်းလှည့်နေတဲ့ စစ်တပ်က ဖမ်းမိတယ်။ ၈ရက်နေ့မှာ ၂၈ ယောက် ။ ၉ ရက်နေ့မှာတော့ ထိုင်းကို ဝင်ရောက်ဖို့ကြိုးစားတဲ့ ကမ်ချနဘူရီဘက်က ၂၃၀ ဦး ဖမ်းမိပါတယ်။"

" အဲဒီနေမှာပဲ ကမ်ချနဘူရီဘက်မှာပဲ ၁၁၀ ဦးကို ဖမ်းမိခဲ့ပါတယ်။ ၁၀ ရက်နေ့မှာလည်း မြန်မာနိုင်ငံသား ၄၁ ဦး လိုက်ပို့ပေးတဲ့ ကားသမား ၂ ဦး ဖမ်းမိတယ်။ သက်သေကားနဲ့ တန်ဆောင်ရမ်းမြို့နယ်ထဲမှာ ဖမ်းမိတယ်။ တာ့ခ်ပြည်နယ် မယ်ပမြို့နယ်ထဲက အိမ်တလုံးမှာလည်း မြန်မာနိုင်ငံသား ၄၈ ဦးလည်း ဖမ်းမိပါတယ်။ "

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်သားတွေဟာ ထိုင်းနယ်စပ်တွေကနေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေကြတာပါ။ ဒါက စီးပွာရေးအခက်အခဲတွေ အလုပ်အကိုင် ရှားပါးမှုတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။

" အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေကတဆင့် ဝင်ရောက်တာ အလုပ်ကြိုးစာ ရှာနေကြတာတွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း အခက်အခဲတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်တာရယ်၊ စစ်ကောင်စီအုပ်ချုပ်နေတဲ့ ကာလမှာ မြန်မာနိုင်ငံထဲမှာ မနေ့ချင်ကြတာတွေကြောင့် အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံနေကြတယ်လို့တော့ ကျနော်ကတော့ ထင်တာပေါ့နော်။"

ဒီဖေဖေါ်ဝါရီလ ၁၀ ရက်နေ့အတွင်းမှာပဲ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးခဲ့တဲ့ လူမှောင်ခိုပွဲစား ၂၀ ယောက် ဖမ်းခံရပါတယ်။ ၂၀၂၂ ခုနှစ် နှစ်စ ဇန်နဝါရီလ တလထဲမှာပဲ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတဲ့ မြန်မာနိုင်ငံသား အရေအတွက်က ၅,၀၀၀ ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးမှာတော့ ထိုင်းနိုင်ငံအတွင်း ဖမ်းမိတဲ့ နိုင်ငံခြားရွှေ့ပြောင်း အလုပ်သမားအရေအတွက် ၆၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်း ပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

= = = = = = = = =

တိုက်ရိုက် လင့်ခ်

{ UNICODE }










XS
SM
MD
LG