သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝန်ထမ်း လေးရာကျော်ထုတ်ခံရမှုစုံစမ်းဖို့ ထိုင်းအလုပ်သမားဝန်ကြီးညွှန်ကြား


ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့အနီး ကားအပိုပစ္စည်းထုတ်စက်ရုံလုပ်သားများ၊ ဂျူလိုင် ၁၂၊ ၂၀၁၂
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့အနီး ကားအပိုပစ္စည်းထုတ်စက်ရုံလုပ်သားများ၊ ဂျူလိုင် ၁၂၊ ၂၀၁၂

ထိုင်းနိုင်ငံ၊ အယုဒ္ဓယ အူထိုင်းမြို့နယ်မှာ မြန်မာဝန်ထမ်း ၄၁၁ ဦးကို အလုပ်ကထုတ်ပယ်ကြောင်း Pioneer Manufacturing (Thailand) က ကြေငြာပြီး နစ်နာကြေးအဖြစ် စုစုပေါင်းဘတ် ၉၇သန်းနီးပါး ပေးခဲ့ပေမယ့် ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဆူချတ် ချွမ်ကလင်ကတော့ ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးဖို့နဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေအတွက် လူမူဖူလုံရေးခံစားခွင့်တွေ ရရှိဖို့တို့အတွက် နယ်မြေ တာဝန်ရှိသူတွေ ကူညီဖို့ ညွန်ကြားထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာဝန်ထမ်း (၄၁၁) ယောက်ကို အလုပ်ကထုတ်ပယ်လိုက်ပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့် နစ်နာကြေး အဖြစ် ဘတ်ငွေ (၉၇)သန်းနီးပါး ပေးအပ်ခဲ့တယ်လို့ ရွှေပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက် ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“စက်ရုံထဲမှာရှိတဲ့ လူဦးရေက ၁,၅၀၀ကျော်ပေါ့၊ ၁၅၄၉ ဦး ရှိတယ်။ သူတို့စက်ရုံရဲ့ အကြောင်းပြချက်ကတော့ ကုန်ကြမ်းပစ္စည်း ရှားပါးမှုကြောင့် လုပ်သားဦးရေ လေ ျှာ့ချတာလို့ပြောတယ်။ လုပ်သက်အလိုက် အလုပ်သမားတွေကို နစ်နာကြေးတွေပေးပြီး အလုပ်ကနေ ရပ်နားလိုက်တာ။ အခုလက်ရှိသတင်းအရ လေ့လာသုံးသပ်လိုက်တော့ အလုပ်သမားဦးရေ ၄၀၀ေ ကျာ်အတွက် နစ်နာကြေးဘတ်ငွေ ၉၇ သန်းခန့် အလုပ်သမားတဦးရဲ့ဘဏ်ထဲကို နစ်နာကြေးထည့်ပေးလိုက်ပြီး ရပ်နားလိုက်တာဖြစ်ပါတယ်။”

အခုလို အလုပ်ကနေ ထုတ်လိုက်တဲ့ဝန်ထမ်းဦးရေ များတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲညီမညီ စစ်ဆေး သုံးသပ်ဖို့နဲ့ အလုပ်လက်မဲ့ ဖြစ်ရသူတွေအတွက် အလုပ်မရခင်စပ်ကြား လူမှုဖူလုံရေး ရံပုံငွေရဖို့ နယ်မြေ ဌာနဆိုင်ရာတွေက အကူညီပေးကြဖို့ကိုလည်း ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဆူချတ် ချွမ်ကလင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ဒါနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးကိုယ်တိုင်က စိုးရိမ်တယ်ဆိုတဲ့အနေအထားနဲ့ ခရိုင်ပြည်နယ်က တာဝန်ရှိတဲ့လူတွေကို လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးခိုင်းတာတို့၊ လူမှုဖူလုံရေး ရံပုံငွေကနေ အလုပ်လက်မဲ့ကာလမှာ ခံစားခွင့်တွေ ရရှိဖို့တို့၊ ကူညီဆောင်ရွက်ပေးဖို့ အလုပ်အကိုင်သစ်တွေရဖို့လည်း ဝိုင်းဝန်း ကူညီပံ့ပိုးပေးဖို့ ဆိုတာတွေ တိုက်တွန်း နှိုးဆော်ထားတာ တွေ့ရတယ်။”

တကယ်တော့ အလုပ်သမားတွေအနေနဲ့ အလုပ်လက်မဲ့ ကာလမှာ အလုပ်လုပ်တဲ့အချိန်ကာလက ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေး ရံပုံငွေကနေ ထောက်ပံ့ကြေးပြန်ရအောင်လုပ်ဆောင်နိုင်ပါတယ်။ ဒါကို တချို့မြန်မာအလုပ်သမားတွေက သိရှိနားလည်တာမျိုး မရှိတာကြောင့် အလုပ်လက်မဲ့ဖြစ်ပြီဆိုတာနဲ့ နေရပ်ပြန်တာတွေ၊ ရတဲ့တခြားအလုပ်တွေကိုပဲ ပြောင်းရွှေ့ လုပ်ကိုင်တာတွေ ရှိနေတာကြောင့် အဲဒီလိုမလုပ်ခင် ကိုယ်ရသင့်ရထိုက်တဲ့ လူမှုဖူလုံရေး ထောက်ပံ့ငွေရရှိအောင် ဆောင်ရွက်သင့်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

"ပကန်ဆန်ခွန်းလို့ခေါ်တဲ့ လူမူ့ဖူလုံရေးကြေးဆိုတာ ထိုင်းကော၊ မြန်မာ ရွှေပြောင်းအလုပ်သမားတွေရောထည့်ထားရတယ်။ အလုပ်သမားဝန်ကြီးဌာနလက်အောက် အလုပ်အကိုင်ရှာဖွေရေးရုံးတို့မှာ စာရင်းတင်သွင်းရတယ်။ ကျနော်တို့ ဘယ်စက်ရုံကနေ အလုပ်ရပ်နားထားရတယ်၊ ဘယ်နှစ်ရက်ရှိပါပြီတို့၊ အလုပ်သမားဝန်ကြီးဌာနအောက်ကနေ လူမှုဖူလုံရေးဌာနကို ဆင့်ကဲ သတင်းပြန်ပို့ လုပ်ဆောင်ရတယ်။ အဲဒီတော့မှ အလုပ်လက်မဲ့ထောက်ပံ့ကြေး ပေးတာဖြစ်တယ်။”

အခု မြန်မာအလုပ်သမား ၄၁၁ ဦးကို အလုပ်ကနေ ထုတ်လိုက်တဲ့စက်ရုံဟာ မော်တော်ကားဆိုင်ရာ စတူရီယိုနဲ့ တခြား စက်ပစ္စည်းတွေ ထုတ်လုပ်တာဖြစ်ပြီး အဲဒီစက်ရုံမှာ တခြား မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG