သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားသွားဖို့ ကြိုးပမ်းသူ အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းမှာဖမ်းဆီးခံရ


မလေးရှားသွားဖို့ ကြိုးပမ်းသူ အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းမှာဖမ်းဆီးခံရ (သြဂုတ် ၂၊ ၂၀၂၃)
မလေးရှားသွားဖို့ ကြိုးပမ်းသူ အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းမှာဖမ်းဆီးခံရ (သြဂုတ် ၂၊ ၂၀၂၃)

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ နဲ့ ရနောင်း ပြည်နယ်တွေထဲကနေ တဆင့် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်လာပြီး မလေးရှားနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာ၂၀ ကျော် ဒီရက်ပိုင်း ဖမ်းဆီးခံခဲ့ရပါတယ်။ သီးခြား နေရာ နှစ်ခုမှာ ဖမ်းဆီးခံရတာပါ။ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေ ပိုဆိုးလာတာနဲ့အမျှ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာတွေ ခုလို ဖမ်းဆီးခံရတာတွေလည်း နောက်ပိုင်း ပို များလာနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ ထာချန်မြို့နယ်၊ ထာချန်ကျေးရွာအုပ်စု၊ မူထိ ၃ လမ်းမကြီးပေါ်မှာ တရားဝင် အထောက်အထား မပါဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာ ၁၄ ဦး မနေ့ သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့တွေဟာ Prachuap Khiri Khan ပြည်နယ်ကနေ ထိုင်းနဲ့ မလေးရှားနယ်စပ် Songkhla ပြည်နယ်ကို ကားနဲ့ သွားနေတဲ့အချိန် ဆူရတ်ဌာနီ ပြည်နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမိုးကြိုးက ဗွီအိုအေကို ပြောပြပါတယ်။

"ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ် ထဲက လမ်းမကြီးပေါ်မှာ တရားမဝင် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ တရားမဝင် မြန်မာ ၁၄ ဦးပေါ့။ အဲဒီ ၁၄ ဦးကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းမိပါတယ်။ ဖြစ်စဉ်ကတော့ ဒီကားတစ်စီးဟာ လိုင်စင်နံပါတ်ပြား တပ်ဆင် မထားတာကြောင့် သက်ဆိုင်ရာ လုံခြုံရးတပ်ဖွဲ့က မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ စာရွက်စာတမ်းမဲ့၊ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို လက်ရဖမ်းမိတာပါ။ ယာဉ်မောင်းကို ဖမ်းဆီးစစ်ဆေးရာမှာ အဲဒီ ၁၄ ယောက်အတွက် ပို့ဆောင်ခအဖြစ် ဘတ်ငွေ ၃ သောင်း ရလို့ ခေါ်လာတာလို့ ထိုင်းတောင်ပိုင်းကို ခေါ်ဆောင်လာတာ ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။"

အလားတူ ဇူလိုင် ၃၀ ရက်နေ့ ကလည်း ထိုင်း−မလေး နယ်စပ် Songkhla ပြည်နယ်ကို သွားမယ့် မြန်မာ ၁၀ ဦး ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းလည်း ဦးမိုးကြိုးက အခုလို ပြောပြပါတယ်။

"တဆက်တည်း ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်း ၁၀ နာရီလောက်မှာ ထိုင်း၊ ရနောင်းပြည်နယ်ဘက်မှာ ထိုင်းတော်ဝင်တပ်မတော်က စစ်ဆေးရေး ဂိတ်ချပြီး ကြိုတင် သတင်းရတဲ့ မော်တော်ယာဉ်ကို စစ်ဆေးတဲ့အခါ တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၀ ဦး -အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး ကို ဖမ်းမိပါတယ်။ ဖြစ်စဉ် ၂ ခု ကတော့ ထိုင်းဘတ်ငွေထက် ပိုရတဲ့ လုပ်အားခ ပိုရတဲ့ မလေးရှားနိုင်ငံထိကို တရားမဝင် နည်းလမ်းအမျိုးမျိုးနဲ့ သွားရောက်ဖို့ ကြံရွယ်ကြတယ်။ ရည်ရွယ်ကြတယ် ဆိုတာ လစဉ် ထိုင်းနိုင်ငံ တောင်ပိုင်းက လူကုန်ကူးမှု ဖြစ်စဉ်တွေကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်။"

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှု၊ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ လူငယ်တွေဟာ အိမ်နီးနားချင်း နိုင်ငံတွေကို ထွက်ပြေး လာကြသူတွေ အများအပြား ရှိနေပါတယ်။ အခုနောက်ပိုင်း မကြာခန ဆိုသလို မြန်မာတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံကြရသလို၊ တချို့ကတော့ လူကုန်ကူးသူ ပွဲစားတွေရဲ ငွေကြေးလိမ်လည် လှည့်ဖျားမူတွေ ခံရပြီး တောထဲမှာ စွန့်ပစ်သွားရင်း အဖမ်းဆီးခံ ရသူတွေလည်း ရှိနေပါတယ်။ ထိုင်းအစိုးရကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကြိုးပမ်းလုပ်ဆောင်တဲ့ အနေနဲ့ ထိုင်း−မြန်မာ နယ်စပ်နဲ့ ထိုင်း−မလေး နယ်စပ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ပြီး တရားမဝင် ရောက်လာသူတွေကို ဖမ်းဆီးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်ရှင်။

XS
SM
MD
LG