သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ် အင်အားသောင်းချီဆုံးရှုံးနိုင်ကြောင်း USIP ခန့်မှန်း


၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ (အောက်တိုဘာ ၂၀၂၃)
၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ (အောက်တိုဘာ ၂၀၂၃)

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြန်မာစစ်တပ်အင်အား သောင်းနဲ့ချီ ဆုံးရှုံးနိုင်တဲ့အကြောင်း လေ့လာစမ်းစစ်သူတွေ ပြောဆိုနေပြီး ဒီဆုံးရှုံးမှုတွေကြောင့် အရပ်သားလူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့ အမိန့် အတင်းအကျပ် အသက်သွင်းလာတာလို့ လေ့လာသူတွေက ရှုမြင်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြန်မာစစ်တပ်ဘက်က တိုက်ပွဲမှာကျဆုံးတဲ့သူ၊ ထိခိုက်ဒဏ်ရာရသူ၊ တပ်ကနေ ထွက်ပြေးသူတွေနဲ့ လက်နက်ချသူ စုစုပေါင်း ၂၁၀၀၀ လောက် ရှိမယ်လို့ ဝါရှင်တန် မြို့တော် အခြေစိုက် ငြိမ်းချမ်းရေးသုတေသန အဖွဲ့ (USIP) ရဲ့ ပြီးခဲ့တဲ့နှစ်က ခန့်မှန်းချက်ကို Fox သတင်းဌာနက ကိုးကား ရေးသားထားပါတယ်။

ဒီခန့်မှန်းချက်ဟာ မကြာသေးခင် ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက်ဒေသနဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဆုံးရှုံးမှုတွေ မပါဝင်သေးတဲ့အတွက် အရေအတွက် တော်တော်များများ ထပ်တိုးလာနိုင်တာကို လေ့လာသူတွေ ထောက်ပြကြပါတယ်။

စစ်ကောင်စီဖက်ကတော့ တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးတဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သတ်ပြီး ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် မေလအထိ စစ်တပ်အတွင်းမှာ တကယ်တမ်း တိုက်နိုင်တဲ့ အင်အား တစ်သိန်းခွဲ လောက်ပဲ ကျန်တော့မယ်လို့လည်း USIP အဖွဲ့က ခန့်မှန်း ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ တပ်အင်အားကို အတိအကျ ပြောဖို့ ယုံကြည်စိတ်ချရတဲ့ ကိုကားဖေါ်ပြချက်တွေ မရှိပေမဲ့လည်း အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA ရဲ့ ပြီးခဲ့တဲ့နှစ်က စာရင်းတွေအရ တပ်ဖွဲ့ဝင် တစ်သိန်းခွဲနဲ့ လေးသိန်းအကြားမှာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မကြာသေးခင် လပိုင်းတွေအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးများပြီး စစ်စခန်းတွေ ဆက်တိုက်ကျဆုံးခဲ့တာကြောင့် စစ်ကောင်စီအနေနဲ့ တပ်ဖွဲ့ဝင်တွေ ထပ်ဖြည့်တင်းဖို့ အပြင်းအထန်လုပ်ဆောင်လာပါတယ်။ လူငယ်တွေ စစ်မှုမထမ်း မနေရ ဥပဒေအရ အကျုံးဝင်နေတဲ့ မြန်မာလူငယ် အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၃ သန်းနီးပါးရှိနေကြောင်းနဲ့ လူငယ်ပညာတတ်တွေကိုလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အလေးပေး စုဆောင်းသွားမယ့်အကြောင်း ကြေညာထားပါတယ်။

လစဉ် အရွယ်ရောက်တဲ့ လူငယ် ငါးထောင်လောက်ကို လာမယ့် မြန်မာနှစ်သစ်ကူး သင်္ကြန်အပြီးလောက်မှာ စပြီး စစ်မှုထမ်းခိုင်းဖို့လည်း ပြင်ဆင်နေပါတယ်။ လေ့လာသူတွေနဲ့ ဒေသတွင်း သံတမန်တွေကတော့ တိုက်ခိုက်ရေးဘက်က မဟုတ်တဲ့ အရပ်သားတွေကို စစ်မြေပြင်တွေမှာ ပို့ဖို့ ကြိုးစားတာဟာ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့အင်အားနဲ့ စစ်သားစုဆောင်းမှု စွမ်းရည် ကျဆင်းလာတာ ဒါမှမဟုတ် အင်အားချိ့နဲ့လာတာကို ပြနေတယ်ဆိုပြီး သုံးသပ်ပြောဆိုနေပါတယ်။ ရန်ကုန်မြို့ခံတချို့ကတော့ စစ်မှုထမ်း ဥပဒေဟာ လူငယ်တွေကို စစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးချဖို့ ပြင်ဆင်တဲ့ လုပ်ရပ်ဆိုပြီး ရှုတ်ချနေသလို အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြီး အလုလုပ်မယ့် လူငယ်တွေ ပိုတိုးလာနိုင်တဲ့အကြောင်းနဲ့ အကျင့်ပျက်လဘ်စားမှုတွေ တိုးလာအောင် လုပ်ပေးသလို ဖြစ်နေတဲ့အကြောင်း ဝေဖန်ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG